ကမ္ဘာ့စီးပွားရေးပညာရှင်တွေဟာ မိုင်ပေါင်းထောင်ချီဝေးတဲ့ ရုံးခန်းတွေထဲ ထိုင်နေရင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးကို ဆယ်စုနှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့က သီအိုရီတွေ ထွင်ခဲ့ကြတယ်၊ စီးပွားရေးပုံစံ (Models) တွေ တည်ဆောက်ခဲ့ကြတယ်၊ ကိန်းဂဏန်းအချက်အလက်တွေ၊ ခန့်မှန်းချက်တွေနဲ့ ပညာတတ်တွေရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး ဆင်းရဲနွမ်းပါးသူတွေ ဘာလိုအပ်လဲဆိုတာကို ကိုယ်ပိုင်အတွေးနဲ့တင် ကောက်ချက်ချခဲ့ကြပါတယ်။
ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ တော်လှန်ပြောင်းလဲခဲ့သူကတော့ အဘီဂျစ်ဘာနာဂျီ (Abhijit Banerjee) ပါပဲ။ သူကတော့ ဆင်းရဲသားလူထုဆီ အရောက်သွားပြီး တိုက်ရိုက် မေးမြန်းခဲ့တာပါ။၁၉၆၁ ခုနှစ်က မွန်ဘိုင်းမြို့မှာ မွေးဖွားခဲ့တဲ့ ဘာနာဂျီဟာ အိန္ဒိယနိုင်ငံရဲ့ ကွာဟလွန်းတဲ့ လူမှုစီးပွား မညီမျှမှုတွေကြားထဲမှာ ကြီးပြင်းလာခဲ့ရသူပါ။ အလွန်အမင်း ချမ်းသာကြွယ်ဝမှုနဲ့ နင်းပြားဘဝ ဆင်းရဲမွဲတေမှုတွေ ဒွန်တွဲနေတာကို သူမြင်ခဲ့ရတယ်။ ဒါ့အပြင် စေတနာအပြည့်နဲ့ လုပ်ဆောင်ကြတဲ့ ကူညီထောက်ပံ့ရေး အစီအစဉ်တွေ တစ်ခုပြီးတစ်ခု အဖန်တလဲလဲ ကျရှုံးနေတာကိုလည်း သူကိုယ်တိုင် မြင်တွေ့ခဲ့တယ်။
လူတိုင်းမှာ ဆင်းရဲမွဲတေမှု ဘာကြောင့် ဆက်ရှိနေသလဲဆိုတဲ့အပေါ် သီအိုရီကိုယ်စီ ရှိခဲ့ကြတယ်။ ပညာရေး မလုံလောက်လို့၊ သားသမီးတွေ များလွန်းလို့၊ အရင်းအနှီး မရှိလို့ ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ ပြဿနာတွေကြောင့် အစရှိသဖြင့် အမျိုးမျိုးပေါ့။ ဒါပေမဲ့ အဲဒီသီအိုရီတွေကို လက်တွေ့သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးကြည့်တာမျိုး မရှိခဲ့ပါဘူး။
ဘာနာဂျီကတော့ စီးပွားရေးပညာရှင်တစ်ဦး ဖြစ်ပေမဲ့ ရိုးရာပုံစံအတိုင်း စီးပွားရေးပညာရပ်ကို လေ့လာဖို့ ငြင်းဆန်ခဲ့ပါတယ်။ အခန်းထဲထိုင်ပြီး စီးပွားရေးပုံစံတွေ တည်ဆောက်နေမယ့်အစား၊ သူဟာ ဆေးဘက်ဆိုင်ရာ သုတေသနတွေမှာ သုံးတဲ့ ကိရိယာတစ်ခုဖြစ်တဲ့ “ကျပန်းထိန်းချုပ်စမ်းသပ်မှု” (Randomized Controlled Trials – RCTs) စနစ်ကို ယူပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ အသုံးချခဲ့တာပါ။ ဒီစိတ်ကူးဟာ ရိုးရှင်းပေမဲ့ လက်တွေ့ကျပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို ဆေးဝါးသုတေသန စမ်းသပ်မှုတွေလို သဘောထားပြီး ဆောင်ရွက်ခဲ့တာပါ။
စမ်းသပ်မှုခံယူမယ့် အုပ်စု (Test group) နဲ့ နှိုင်းယှဉ်ထိန်းချုပ်အုပ်စု (Control group) ဆိုပြီး ခွဲခြားသတ်မှတ်ပြီး လက်တွေ့အကောင်အထည်ဖော် စစ်ဆေးတိုင်းတာတာပါ။ သီအိုရီအရ ဘာဖြစ်သင့်လဲဆိုတာကို မကြည့်ဘဲ လက်တွေ့မှာ ဘယ်ဟာက တကယ်ထိရောက်မှု ရှိလဲဆိုတာကို ကြည့်တာပါ။ သူ့ရဲ့ ပထမဦးဆုံး အဓိကသုတေသနဟာ အိန္ဒိယနိုင်ငံက ကျောင်းတက်နှုန်းအပေါ် အခြေခံခဲ့ပါတယ်။ အရင်က လူအများလက်ခံထားတဲ့ အယူအဆဟောင်းအရ ဆင်းရဲတဲ့ မိဘတွေဟာ ပညာရေးကို တန်ဖိုးမထားကြဘူး၊ ဒါကြောင့်မို့ ကလေးတွေ ကျောင်းပြေးကြတာလို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဘာနာဂျီရဲ့ သုတေသနက တွေ့ရှိချက်ကတော့ လုံးဝ ကွဲပြားနေပါတယ်။ မိဘတွေဟာ သူတို့သားသမီးတွေကို ပညာတတ်ကြီးတွေ ဖြစ်စေချင်လွန်းလို့ ရုန်းကန်နေကြတာပါ။ ဒါပေမဲ့ ကလေးအများစုမှာ သန်ကောင်၊ တုတ်ကောင်လို ကပ်ပါးပိုးတွေ ရှိနေတာကြောင့် ကျောင်း ပုံမှန်မတက်နိုင်လောက်အောင် ဖျားနာနေကြရတာ ဖြစ်ပါတယ်။
မိဘတွေကို ပညာရေးအရေးကြီးကြောင်း တရားဟောတာက ဖြေရှင်းနည်းမဟုတ်ပါဘူး။ ကလေးတစ်ယောက်ကို ပြားဂဏန်းမျှသာ ကျသင့်တဲ့ သန်ချဆေး တိုက်ကျွေးလိုက်ဖို့ပဲ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ကြားဝင်ဖြေရှင်းမှု တစ်ခုတည်းနဲ့တင် ကျောင်းတက်နှုန်းဟာ သိသိသာသာ မြင့်တက်သွားခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ လုပ်ငန်းခွင်ပုံစံ ဖြစ်လာခဲ့ပါတယ်၊ အယူအဆဟောင်းတွေကို စမ်းသပ်မယ်၊ ရိုးရှင်းတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေမယ်၊ ပြီးရင် ဘယ်ဟာက တကယ်အလုပ်ဖြစ်လဲဆိုတာကို သက်သေပြမယ်။ သူဟာ အသေးစားငွေချေးလုပ်ငန်း (Microfinance) တွေကို လေ့လာခဲ့ပြီး အဲဒါဟာ လူအများ ကြွေးကြော်နေကြသလို ဆင်းရဲမွဲတေမှုအတွက် အံ့ဖွယ်ဆေးတစ်ခွက် မဟုတ်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။
အချို့လူတွေကို ကူညီပေးနိုင်ပေမဲ့ ထင်သလောက် အကြီးအကျယ် ပြောင်းလဲပေးနိုင်စွမ်း မရှိပါဘူး။ သူဟာ ငှက်ဖျားရောဂါ ကာကွယ်ဖို့ ခြင်ထောင်တွေကို အခမဲ့ ဝေငှတဲ့စနစ်ကိုလည်း လေ့လာခဲ့ပါတယ်။ အရင်အယူအဆဟောင်းတွေအရ လူတွေဟာ အလကားရတဲ့အရာကို တန်ဖိုးထားမှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့သုတေသနကတော့ လုံးဝဆန့်ကျင်ဘက်ကို သက်သေပြခဲ့ပါတယ်။ အခမဲ့ ဖြန့်ဝေပေးတာဟာ ဈေးလျှော့ရောင်းတာထက် ပိုပြီး ထိရောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဆင်းရဲသားတွေဟာ ငွေကြေးနဲ့ပတ်သက်ရင် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ဆုံးဖြတ်ချက်တွေ ချကြတယ်ဆိုတဲ့ အယူအဆကိုလည်း သူ စိန်ခေါ်ခဲ့ပါတယ်။ သူ့ရဲ့ သုတေသနအရ ဆင်းရဲနွမ်းပါးသူတွေဟာ တကယ်တော့ အရည်အချင်းရှိပြီး ပါးနပ်ကြသူတွေပါ။ သူတို့ဟာ မလွန်ဆန်နိုင်တဲ့ အကြပ်အတည်းတွေ ရင်ဆိုင်နေရလို့သာ အခုလို ဖြစ်နေတာလို့ တွေ့ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ နိုဘယ်လ်ဆု ကော်မတီဟာ ဘာနာဂျီ၊ သူ့ရဲ့ဇနီး အက်စတာ ဒူးဖလို (Esther Duflo) နဲ့ မိုက်ကယ် ကရီမာ (Michael Kremer) တို့ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုခဲ့ပါတယ်။ သူတို့ဟာ ဆင်းရဲမွဲတေမှုအကြောင်းကို သီအိုရီထုတ်ရုံတင် မဟုတ်ဘဲ၊ အဲဒါကို တိုက်ဖျက်နိုင်မယ့် နည်းလမ်းသစ်တစ်ခုကို လုံးဝ ဖန်တီးပေးခဲ့ကြတယ်ဆိုတာကိုပေါ့။ အထောက်အထားအခြေပြု၊ လက်တွေ့စမ်းသပ်ချက်အပေါ် အခြေခံပြီး မူဝါဒစာတမ်းတွေထဲမှာ ကြည့်ကောင်းရုံသက်သက် မဟုတ်ဘဲ လက်တွေ့ အလုပ်ဖြစ်မယ့်နည်းလမ်းတွေကိုပဲ အဓိက အာရုံစိုက်ခဲ့ကြပါတယ်။ သူတို့ရဲ့ ချဉ်းကပ်ပုံစနစ်ကို အခုအခါ တစ်ကမ္ဘာလုံးမှာ အတုယူ အသုံးပြုနေကြပါပြီ။
အစိုးရတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေဟာ စီမံကိန်းတွေကို အကောင်အထည်မဖော်ခင်မှာ “ကျပန်းစမ်းသပ်မှု” (Randomized Trials) တွေကို အရင်ဆုံး လုပ်ဆောင်နေကြပါပြီ။ သူတို့ရဲ့ သုတေသနအပေါ် အခြေခံပြီး ပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့ စီမံကိန်းတွေကြောင့် ကမ္ဘာတစ်ဝှမ်းက လူသန်းပေါင်းများစွာဟာ အကျိုးကျေးဇူးတွေ ခံစားရရှိနေကြပါပြီ။ အမှန်တကယ် တော်လှန်ပြောင်းလဲမှု ဖြစ်စေခဲ့တဲ့ အချက်ကတော့ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာမှာ ကြီးကျယ်ခမ်းနားတဲ့ သီအိုရီတွေ ဒါမှမဟုတ် ဝါဒရေးရာ အငြင်းပွားမှုတွေ မလိုဘူး၊ မြေပြင်မှာ တကယ်လက်တွေ့ကျခြင်း ရှိ၊ မရှိဆိုတဲ့ နည်းလမ်းကသာ အမှန်တကယ် အရေးကြီးတယ်ဆိုတာကို ဘာနာဂျီက သက်သေပြခဲ့တာပါပဲ။
ဘာနာဂျီဟာ ကျောင်းမှာတုန်းက သူ့အခန်းထဲမှာ အတော်ဆုံး၊ အတတ်ဆုံးလူ ဖြစ်နေလို့ ဒီဆုကို ရခဲ့တာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် အဖြေအားလုံးကို မသိနိုင်ပါဘူးဆိုတာကို ဝန်ခံရဲပြီး၊ အဖြေကို တကယ်သိနေတဲ့သူတွေကို အရောက်သွားပြီး မေးမြန်းခဲ့လို့ပါပဲ။ အဲဒီအဖြေသိတဲ့သူတွေကတော့ ဆင်းရဲမွဲတေမှုဒဏ်ကို တကယ်ခံစားနေရတဲ့ နင်းပြားလူထုပဲ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ကိုယ်တိုင် ဘာလိုအပ်လဲဆိုတာကို သူတို့ကိုယ်တိုင်ပဲ အစကတည်းက သိရှိနေပြီးသားပါပဲ။
Ref: Abhijit Banerjee
NZ (ရိုးရာလေး)
The post ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် လက်တွေ့ကျကျ တော်လှန်ပြောင်းလဲခဲ့တဲ့ စီးပွားရေးပညာရှင် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment