ပါကစ္စတန်နိုင်ငံရဲ့ လူနည်းစုဖြစ်တဲ့ ခရစ်ယာန်မိသားစုကနေ မွေးဖွားလာခဲ့တဲ့ ရစ်ဖတ်အာရစ်ဖ် (Riffat Arif) ဟာ အသက် ၁၃ နှစ်အရွယ်က ကျောင်းမှာ နာကျင်စရာဖြစ်ရပ်တစ်ခု ကြုံခဲ့ပါတယ်။ ကျောင်းဆရာမက သူ့ကို လူရှေ့သူရှေ့ခေါ်ပြီး အရှက်တကွဲဖြစ်အောင် ရိုက်နှက် ကြိမ်းမောင်းခဲ့တာကြောင့် စိတ်ဒဏ်ရာရပြီး ကျောင်းထွက်ခဲ့သူပါ။
အဲဒီအချိန်ကစပြီး ရစ်ဖတ်အာရစ်ဖ်က “ကလေးတွေကို ချစ်ခြင်းမေတ္တာနဲ့ တန်းတူရည်တူဆက်ဆံတဲ့ ဆရာမမျိုး ဖြစ်လာစေရမယ်” လို့ ဆုံးဖြတ်ခဲ့တာပါ။ ရစ်ဖတ်အာရစ်ဖ်က သူ့အိမ်နောက်ဖေး မြေကွက်လပ်ထဲမှာ ညီမဖြစ်သူနဲ့ အိမ်နီးနားချင်း ကလေးတချို့ကို စာသင်ပေးခဲ့ပါတယ်။ “မိန်းကလေးများအတွက် အခမဲ့ပညာရေး” ဆိုတဲ့ လက်ကမ်းစာစောင်တွေကို ရပ်ကွက်ထဲမှာ သူကိုယ်တိုင် လိုက်ဝေခဲ့ပါတယ်။
အာရစ်ဖ်ဟာ သူ့ရဲ့အခမဲ့ စာသင်ကျောင်းအတွက် လိုအပ်တဲ့ စရိတ် ရရှိအောင် လက်ချုပ်ပညာကို သင်ယူခဲ့ပြီး တစ်နေ့ ၈ နာရီကြာ အလုပ်လုပ်ရပါတယ်။ သူဟာ ကလေးတွေကို စာသင်ပေးရင်း တဖက်မှာလည်း ကိုယ့်အားကိုယ်ကိုး သင်ယူလေ့လာရင်း တက္ကသိုလ်ဝင်တန်းကို အပြင်ဖြေ ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ပါတယ်။
သူဟာ ၂၀၁၀ ပြည့်နှစ်မှာ ပန်ဂျပ်တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘွဲ့၊ ၂၀၁၃ ခုနှစ်မှာ သမိုင်းဘွဲ့ အစရှိတဲ့ မဟာဘွဲ့ (၂)ဘွဲ့ ရရှိခဲ့ပါတယ်။ အလုပ်ချိန် (၈)နာရီ၊ စာသင်ပေးချိန် (၄)နာရီ၊ ကိုယ်တိုင်သင်ယူလေ့လာချိန် (၄)နာရီ . . . . တနေ့ကို ၁၆ နာရီတိုင်တိုင် မနားမနေ ကြိုးပမ်းရင်း ၂၆ နှစ်တိုင်တိုင် ဖြတ်သန်းခဲ့သူပါ။
၂၀၀၆ ခုနှစ်မှာတော့ (မိန်းကလေးတွေ ပညာသင်ကြားခြင်းကို လက်မခံနိုင်တဲ့) လက်နက်ကိုင်တစ်စုက သူ့အိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ၆ လကြာ ထွက်ပြေးတိမ်းရှောင်းခဲ့ရပါတယ်။ အဲဒီလို ထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေ ကြုံခဲ့ပေမဲ့ အာရစ်ဖ်က လက်မလျှော့ခဲ့ဘဲ မိန်းကလေး အခမဲ့ကျောင်းကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။
၂၀၂၃ ခုနှစ်မှာတော့ အာရစ်ဖ်ဟာ ဆုကြေး ဒေါ်လာ ၁ သန်း ချီးမြှင့်ခံရတဲ့ Global Teacher Prize ကို ရရှိခဲ့ပြီး ရရှိလာတဲ့ဆုကြေးငွေတွေနဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့ စာသင်ကျောင်းတစ်ကျောင်းနဲ့ မိဘမဲ့ဂေဟာတစ်ခု တည်ဆောက်ဖို့ စီစဉ်လျက် ရှိပါတယ်။
Ref: Sister Zeph
NZ (ရိုးရာလေး)
The post နာကျင်စရာအတိတ်ကြောင့် ကမ္ဘာကျော်ပညာရေးသူရဲကောင်း ဖြစ်လာသူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment