၁၄ နှစ်သမီးအရွယ်မှာ ပျံသန်းနိုင်တဲ့ အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်ကို နေအိမ်ဂိုဒေါင်အတွင်း တည်ဆောက်နိုင်ခဲ့တဲ့ အာဂမိန်းကလေး။ သူ့နာမည်က ဆာဘရီနာဂွန်ဇာလက်ဇ်ပါစတာစကီး။ ပါစတာစကီးက လေကြောင်းပျံသန်းရေး၊ ရီပစ်ဖောက်တာ၊ ဝါယာစနစ်၊ ပျံသန်းမှုဆိုင်ရာ စက်ယန္တယားအကြောင်းတွေကို ကိုယ်တိုင်ရှာဖွေ လေ့လာပြီး လေယာဉ်တည်ဆောက်ခဲ့တာပါ။ သူ့ရဲ့ တည်ဆောက်မှုကို မှတ်တမ်းဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။ သူ့လေယာဉ်က စစ်ဆေးမှုအောင်မြင်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ်မှာ သူ့လေယာဉ်ကို သူကိုယ်တိုင် မောင်းနှင်ပြခဲ့သူပါ။
ကျူးဘား-အမေရိကန်မျိုးနွယ်ကနေ ဆင်းသက်လာခဲ့တဲ့ ပါစတာစကီးဟာ အနီးကပ်သင်ကြားပြသပေးမယ့် ဆရာ မရှိသလို သူ့ဆွေမျိုးသားချင်းထဲမှာလည်း သူ့ကို လမ်းပြပေးမယ့်ပုဂ္ဂိုလ်တစ်ဦးဦး ရှိမနေခဲ့ဘဲ ကိုယ်တိုင် အားထုတ်ကြိုးပမ်းခဲ့တာပါ။ သူက မက်ဆာချူးဆက်နည်းပညာသိပ္ပံကျောင်း လျှောက်ခဲ့ပြီး ကျောင်းဝင်ခွင့် မရခဲ့ပါဘူး။ စောင့်ဆိုင်းစာရင်းမှာသာ ထည့်သွင်းခံခဲ့ရပါတယ်။ မက်ဆာချူးဆက်နည်းပညာသိပ္ပံ(MIT) တက်ခွင့်ရဖို့ ရည်မှန်းထားတဲ့ ပါစတာစကီးအတွက် ဝမ်းနည်းစိတ်ပျက်ခဲ့ရတဲ့ အခိုက်အတန့်ပါပဲ။ ဒါပေမဲ့ သူက အဲဒီအခြေအနေကို ပြောင်းလဲပစ်နိုင်ခဲ့တယ်။ လူမှုကွန်ရက်ကနေ ဖိအားပေးတာ၊ ကြားခံလူတစ်ယောက်ယောက်ရဲ့ အကူအညီကို ရယူခဲ့တာမျိုး မဟုတ်ပါဘူး။
သူ လေယာဉ်တည်ဆောက်နေတဲ့ မှတ်တမ်းဗီဒီယိုကို ပေးပို့ခဲ့တာပါ။ ဘွဲ့ရကျောင်းသားတွေတောင် ခက်ခက်ခဲခဲ လုပ်ရမယ့် အလုပ်မျိုးကို ဆယ်ကျော်သက်မိန်းကလေးက တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ် လုပ်ကိုင်နေပုံကို ကြည့်ပြီး MIT ပါမောက္ခနှစ်ယောက် သဘောကျသွားတယ်။ ကျောင်းအပ် လက်ခံရေးအဖွဲ့ထံ ဗီဒီယိုကို တိုက်ရိုက်ပို့ပေးခဲ့ပြီး ပါစတာစကီးလည်း ကျောင်းဝင်ခွင့် ရသွားတယ်။
ပါစတာစကီးဟာ MIT ရဲ့ Orloff ပညာသင်ဆု ရရှိတဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့တယ်။ ၃ နှစ်အတွင်း ဘွဲ့ကြို အောင်မြင်ခဲ့ပြီး MIT မှာ အမြင့်ဆုံး အမှတ်လို့ ဆိုနိုင်တဲ့ 5.00 GPA နဲ့ ဘွဲ့ရခဲ့တယ်။ MIT မှာ အောင်ဖို့ အလွန်ခက်ခဲတဲ့ ရူပဗေဒတန်းမှာ ထိပ်တန်းအဆင့်နဲ့ အောင်ခဲ့တယ်။ သူ့ရဲ့ သုတေသနစာတမ်းကြောင့် ထိပ်တန်းအဖွဲ့အစည်းတွေကို သူ့ကို ခေါ်ယူချင်ကြတယ်။ နာဆာက သူ့ကို စိတ်ဝင်စားသလို ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်စာရင်းဝင်တဲ့ ဂျက်ဘီဇို့စ်ကလည်း Blue Origin ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ ပါစတာစကီးက လက်မခံခဲ့ဘူး။
သူ့ရဲ့ ရည်မှန်းချက်က ကမ္ဘာကျော်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခွင့်ရဖို့ မဟုတ်သလို ငွေကြေးအများအပြား ရချင်တာမျိုးလည်း မဟုတ်ဘူး။ စကြဝဠာရဲ့ တည်ဆောက်ပုံကို နားလည်ချင်တာ သူ့ရည်မှန်းချက်ပဲ။ အဲဒါကြောင့် ဟားဗက်တက္ကသိုလ်မှာ ဒေါက်တာဘွဲ့ယူဖို့ ကြိုးပမ်းခဲ့တယ်။ တွင်းနက်တွေ၊ ကွမ်တန်ဆွဲအားတွေ၊ အာကာသထဲမှ အချိန် ပုံဖော်ပြသမှု စတဲ့အပိုင်းတွေကို ပါမောက္ခ အန်ဒရူးစတိုမင်ဂျာရဲ့ လမ်းညွှန်မှုအောက်မှာ လေ့လာခဲ့တယ်။
ပါစတာစကီး အသက် ၂၀ ကျော်အရွယ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုကို စတီဖင်ဟော့ကင်းကတောင် ကိုးကားပြောဆိုခဲ့တယ်။ သီအိုရီရူပဗေဒပိုင်းဆိုင်ရာ အထွတ်အထိပ် ဆွေးနွေးမှုတွေမှာ ပါစတာစကီးရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုးပါပဲ။ ရူပဗေဒပညာရပ်မှာ အမျိုးသမီးတွေ ကိုယ်စားပြုပါဝင်မှု နည်းပါးနေတဲ့ အခြေအနေကိုလည်း ပါစတာစကီးက ပြောင်းလဲချင်တယ်။
သူက စမတ်ဖုန်း မကိုင်သလို ဆိုရှယ်မီဒီယာလည်း မသုံးဘူး။ သူ့ရဲ့သုတေသနတွေအကြောင်းတင်တဲ့ ဝက်ဘ်ဆိုက်တစ်ခုတော့ ရှိတယ်။ ဂျာနယ်လစ်တွေက သူ့ကို အိုင်းစတိုင်းလက်သစ်လို့ တင်စားကြတဲ့အခါ အဲဒီခိုင်းနှိုင်းမှုက သူက ပယ်ချတယ်။ သူဟာ လေ့လာ သင်ယူနေရဆဲ၊ မေးခွန်းတွေ ထုတ်နေရဆဲ၊ ပြီးမြောက်အောင်မြင်မှု မရှိသေးတဲ့ ရူပဗေဒပညာရှင်တစ်ဦးမျှသာ ဖြစ်တယ်လို့ နှိမ့်ချစွာ တုံ့ပြန်ခဲ့တယ်။
ဒေါက်တာဘွဲ့ရပြီးနောက်မှာတော့ ပရင်စတန်တက္ကသိုလ်မှာ ဘွဲ့လွန်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာပြီး နောက်ပိုင်းမှာတော့ ကနေဒါနိုင်ငံ ပါရီမီတာ သီအိုရီရူပဗေဒဆိုင်ရာသိပ္ပံဌာနမှာ ပါမောက္ခအဆင့် အဖွဲ့ဝင်တစ်ဦးအဖြစ် ဆောင်ရွက်နေပါတယ်။ အာကာသအချိန်နဲ့ ကွမ်တန်ရူပဗေဒကို ပေါင်းစည်းဖို့ရည်ရွယ်တဲ့ celestial holography မူဘောင်ကို ပါစတာစကီးက ဦးဆောင်လျက် ရှိပါတယ်။ ဒီအပိုင်းဟာ မျက်မှောက်ခေတ်သိပ္ပံပညာရပ်မှာ မဖြေရှင်းနိုင်သေးတဲ့ အစိတ်အပိုင်းတစ်ရပ်ပါပဲ။
Ref: Sabrina Pasterski
NZ (ရိုးရာလေး)
The post ၁၄ နှစ်အရွယ်မှာကတည်းက လေယာဉ်ဆောက်ပြီး ခေတ်သစ်သိပ္ပံပညာအတွက် အဖြေသစ်တွေ ရှာဖွေနေခဲ့တဲ့ အာဂအမျိုးသမီး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment