ဝစ်ဂလေဂျူနီယာဟာ ချီကာဂိုကိုရောက်တော့ သူ့အိတ်ကပ်ထဲမှာ ၃၂ ဒေါ်လာပဲ ပါတယ်။ သူ့အဖေ ထည့်ပေးလိုက်တဲ့ ဆပ်ပြာတွေ ရောင်းချဖို့ပေါ့။ စီးပွားရေး ဖြစ်ထွန်းနေတဲ့ အနောက်အလယ်ပိုင်းကို ခြေချဖို့ ဖီလာဒဲလ်ဖီးယားကို စွန့်ခွာလာခဲ့သူပါ။
ဆပ်ပြာဆိုတာ လူတိုင်းသုံးတဲ့ပစ္စည်း၊ ဆိုင်တိုင်းမှာလည်း ဆပ်ပြာအမျိုးအစားတွေ အစုံရှိတယ်။ အဲဒီခေတ် အရောင်းသမားတွေဟာ အပိုပေးစနစ်နဲ့ ရောင်းချလေ့ရှိတယ်။ ထောပတ်ဝယ်ရင် သကြားလက်ဆောင်ပေးမယ်ဆိုတာမျိုးပေါ့။ ဝစ်ဂလေကလည်း ဒီနည်းလမ်းအတိုင်းပဲ ဆွဲဆောင်တယ်။ သူ့ဆီက ဆပ်ပြာဝယ်ရင် မုန့်ဖုတ်မှုန့် လက်ဆောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့အတူ ချီကာဂိုမြို့က စတိုးဆိုင်တွေ၊ ဈေးဆိုင်တွေမှာ တစ်လမ်းဝင်၊ တစ်လမ်းထွက် ဈေးကွက်ထိုးဖောက်ခဲ့တာပါ။ ဆိုင်ရှင်တွေကလည်း သဘောတူတယ်။
ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက သူ့ရဲ့ပင်မ အရောင်းပစ္စည်းဖြစ်တဲ့ ဆပ်ပြာထက် မုန့်ဖုတ်မှုန့်ကို လူတွေ ပိုသဘောကျသွားကြတာပါ။ ပုံမှန်အားဖြင့် ဒီအခြေအနေမှာ အရောင်းသမားတွေ ဒွိဟဖြစ်စရာ ရှိပေမဲ့ ဝစ်ဂလေကတော့ ဈေးကွက်လိုအပ်ချက်ကို အလိုက်သင့် စီးမျောပြီး အပြောင်းအလဲ လုပ်ခဲ့တယ်။
ဆပ်ပြာ မရောင်းတော့ဘဲ မုန့်ဖုတ်မှုန့် ပြောင်းရောင်းတယ်။ မိသားစု ထုတ်ကုန်ပစ္စည်းဖြစ်တဲ့ ဆပ်ပြာရောင်းချခြင်းကနေ လမ်းကြောင်းပြောင်းခဲ့တယ်။ သူ့ဆီက မုန့်ဖုတ်မှုန့်ဝယ်ရင် ပီကေလက်ဆောင်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ ရောင်းချခဲ့တာပါ။ ဒီတစ်ကြိမ်မှာလည်း အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ မုန့်ဖုတ်မှုန့်ထက် သူ အပိုပေးတဲ့ ပီကေကို လူတွေက ပိုသဘောကျသွားတာပါ။ တကယ်တော့ ၁၈၉၀ ပြည့်နှစ်ကာလဆိုတာ ပီကေဝါးတဲ့ ဓလေ့ သိပ်မထွန်းကားသေးပါဘူး။ ဒီတစ်ကြိမ်မှာတော့ ဝစ်ဂလေက အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ခဲ့တယ်။
သူက မုန့်ဖုတ်မှုန့် ရောင်းရခြင်းကို လုံးဝရပ်တန့်လိုက်ပြီး ပီကေ ထုတ်လုပ် ရောင်းချဖို့တစ်ခုတည်းကိုပဲ အာရုံစိုက် ကြိုးပမ်းခဲ့တယ်။ ပီကေ ထုတ်လုပ် ရောင်းချတာဟာ သူ့အတွက် အစိမ်းသပ်သပ် လုပ်ငန်းတစ်ခုဖြစ်နေပေမဲ့ လူတွေရဲ့ လိုအပ်ချက်ကို သိနားလည်ခြင်းဆိုတဲ့ အချက်တစ်ခုတည်းကို ကိုင်စွဲပြီး ဝစ်ဂလေက ထိုးဖောက်ခဲ့တာပါ။ သူ့ရဲ့ မူလရည်မှန်းချက်က စီးပွားရေးလောကမှာ အောင်မြင်ဖို့ပါပဲ။ ဆပ်ပြာ၊ မုန့်ဖုတ်မှုန့် အစရှိတဲ့ ကုန်ပစ္စည်းအစွဲ မရှိပါဘူး။

၁၈၉၃ ခုနှစ်မှာ ဝစ်ဂလေက Spearmint နဲ့ Juicy Fruit ဆိုတဲ့ ပီကေအမှတ်တံဆိပ်သစ် ၂ မျိုးကို စတင်ထုတ်လုပ်ခဲ့တယ်။ နာမည်တွေက ရိုးရှင်းပြီး မှတ်ရလွယ်တယ်။ အနံ့၊ အရသာထည့်တဲ့နေရာမှာ အထူးဂရုစိုက်တယ်။ ချိုလွန်းတာ၊ အနံ့ပြင်းလွန်းတာမျိုးကို ရှောင်ပြီး ကြာရှည်မွေးပျံ့နေစေဖို့၊ သက်သောင့်သက်သာရှိဖို့ အဓိက ပစ်မှတ်ထားခဲ့တယ်။
ဝစ်ဂလေက ပီကေ ထုတ်လုပ်ရာမှာ အသစ်အဆန်းတွေ ဖန်တီးခဲ့သလို ဈေးကွက်ထိုးဖောက် ကြော်ငြာပိုင်းမှာလည်း အဲဒီခေတ်က ပီကေလုပ်ငန်းမှာ အသုံးမပြုကြသေးတဲ့ နည်းလမ်းတွေနဲ့ ကြေညာတယ်။ သတင်းစာတွေ၊ ဘီလ်ဘုတ်တွေပေါ့။ တယ်လီဖုန်းလမ်းညွှန်စာအုပ်ထဲမှာ ပါသူတိုင်းကို အခမဲ့ မြည်းစမ်းနိုင်ဖို့ ပီကေတွေ ပို့ပေးတယ်။ ပီကေ အခုရေ သန်းနဲ့ချီပြီး လက်ဆောင်ပေးခဲ့တာပါ။ သူ့ရဲ့ ပီကေတွေက ထုပ်ပိုးမှုပိုင်းမှာလည်း ထူးခြားပြီး တခြားပီကေထုပ်ပိုးမှုပုံစံကနေ ကွဲထွက်နေတယ်။
ဒီလို အချက်တွေကြောင့် ဝစ်ဂလေရဲ့ပီကေက အချိန်တိုအတွင်း နာမည်ရလာပြီး ၁၉၀၀ ပြည့်နှစ် အစောပိုင်းမှာတော့ ကမ္ဘာ့အကြီးမားဆုံး ပီကေလုပ်ငန်းကြီး ဖြစ်လာခဲ့တယ်။ ကမ္ဘာစစ် နှစ်ကြိမ်လုံးမှာတောင် စစ်သားတွေက ရှေ့တန်းထွက်တဲ့အခါ သူ့ရဲ့ပီကေတွေကို ယူဆောင်သွားကြလေ့ရှိတယ်။ ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေမှာလည်း သူ့ပီကေတွေ ပါဝင်လေ့ရှိတယ်။ ပီကေ ဝါးမယ်ဆိုရင် ဝစ်ဂလေရဲ့ပီကေတွေကို ဝါးမှသာ ပီကေဝါးတယ်လို့ ဆိုနိုင်လောက်တဲ့အဆင့်အထိ ဈေးကွက်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
တကယ်လို့ ဝစ်ဂလေသာ ဈေးကွက် လိုအပ်ချက်၊ ဝယ်သူတွေရဲ့ လိုအပ်ချက်ကို မျက်ကွယ်ပြုပြီး ဆပ်ပြာအရောင်းသမား၊ မုန့်ဖုတ်မှုန့်အရောင်းသမားဘဝကိုသာ ဖက်တွယ်နေမယ်ဆိုရင် Spearmint နဲ့ Juicy Fruit ဆိုတဲ့ ပီကေ အမှတ်တံဆိပ်တွေ ပေါ်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ အပိုပေးတဲ့ ကုန်ပစ္စည်းလေးတစ်ခုကနေ စီးပွားရေးအင်ပါယာတစ်ခု ထူထောင်နိုင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။
Ref: William Wrigley Jr.
NZ ( ရိုးရာလေး)
The post ဆပ်ပြာသည်ဘဝမှ ကမ္ဘာ့အကြီးဆုံး ပီကေကုမ္ပဏီ တည်ထောင်နိုင်ခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment