အမျိုးသမီးတစ်ယောက် လေးလွှာ လသာဆောင်ကနေ ခုန်ချတော့မယ့်ဆိုတဲ့ သတင်းကြားရလို့ ကူယန်က အဲဒီနေရာကို အပြေးအလွှား သွားခဲ့တယ်။ ကူယန်က တရုတ်နိုင်ငံ ကျီလင်းပြည်နယ် ဆေးရုံမှာ လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်သူပါ။ အမျိုးသမီးငယ်က ခုန်ချလုဆဲဆဲ ဖြစ်နေပြီ၊ မီးသတ်သမားတွေလည်း ရောက်မလာသေးဘူး၊ လုံခြုံရေးပိုက်ကွန်ကလည်း ဆင်လို့ မပြီးသေးဘူး။
ဒီအချိန်မှာပဲ ကူယန်က ဆုံးဖြတ်ချက်ချလိုက်တယ်။ တိုက်ပေါ်ကနေ ခုန်ချတဲ့ အမျိုးသမီးငယ်ကို ပြေးဖမ်းခဲ့တာပါ။ ကူယန်က ဖမ်းမိခဲ့လို့ အမျိုးသမီးငယ် မသေခဲ့ဘူး။ ဒါပေမဲ့ ကျလာတဲ့ အရှိန်အရမ်းပြင်းလို့ ကူယန် တစ်ကိုယ်လုံးက အရိုးတွေ ကျိုးကုန်တယ်။ ကျောရိုးဆစ်ပါ ကျိုးသွားတယ်။

အမျိုးသမီးငယ်က ဆေးရုံတက်ခဲ့ရပေမဲ့ ဒဏ်ရာ သိပ်မပြင်းဘူး။ ရက်ပိုင်းအကြာမှာပဲ ဆေးရုံက ပြန်ဆင်းခွင့်ရခဲ့တယ်။ ဒါပေမဲ့ ကူယန်ကတော့ ကံမကောင်းခဲ့ဘူး။ ဆေးရုံ တက်နေရတာ တစ်နှစ်နီးပါး ရှိပြီ။ သူ့ကျန်းမာရေးအခြေအနေကလည်း တိုးတက်မလာဘူး။ ကျောရိုး ထိသွားလို့ လုံးဝအကြောသေသွားတာမျိုး ဖြစ်နိုင်တယ်လို့လည်း ဆရာဝန်တွေက ဆိုပါတယ်။
သူ့မိသားစုကလည်း ကူယန်ရဲ့ ဆေးဖိုးစရိတ် မတတ်နိုင်ကြတော့ဘူး။ ကူယန်ဟာ အမျိုးသမီးငယ်ကို အလုပ်ချိန်အတွင်း ကယ်ပေးခဲ့တာဖြစ်ပေမဲ့ ဆေးရုံ တက်နေရချိန်အတွင်း အလုပ်ဖြုတ်ခံခဲ့ရတယ်။ လုပ်ငန်းခွင်မှာ ဒဏ်ရာရခဲ့တာဖြစ်လို့ ဆေးကုစရိတ် စိုက်ပေးဖို့ ကူယန်ရဲ့မိသားစုက လုံခြုံရေးကုမ္ပဏီကို တောင်းဆိုခဲ့ပေမဲ့ ကုမ္ပဏီက မပေးနိုင်ဘူးလို့ ငြင်းဆန်ခဲ့တယ်။ ကူယန်ရဲ့မိသားစုကလည်း ရှေ့နေငှားဖို့ ပိုက်ဆံမရှိဘူး။
သူ ကယ်တင်ပေးခဲ့တဲ့ အမျိုးသမီးငယ်ရဲ့ မိသားစုဆီ ဆက်သွယ်ပြီး အကူအညီတောင်းတော့လည်း ဒေါသတကြီး ကြိမ်းမောင်းပြစ်တင်မှုပဲ ကြုံခဲ့ရတယ်။ ” နင်က ဘာလုပ်ပေးခဲ့လို့လဲ။ ငါတို့သမီး ဖြစ်နေတာကိုလည်း ကြည့်ဦး။ ငါတို့သမီးလည်း မသန်စွမ်း ဖြစ်နေပြီ။ သူသာ တစ်ခုခုဖြစ်လို့ကတော့ နင့်တစ်ဘဝလုံး တာဝန်ယူပေးရမယ်” လို့ ပြောခဲ့တာပါ။
ကူယန်ရဲ့အကြောင်း ပျံ့နှံ့ပြီးနောက် တရုတ်လူမှုကွန်ရက် အသုံးပြုသူတွေက သူ့အတွက် စိတ်ထိခိုက်ကြပြီး ငွေကြေးအကူအညီပေးဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။
Ref: Security Guard Sacrifices Himself to Save Suicidal Woman, Gets Criticized by Her Family
NZ ( ရိုးရာလေး)
The post အဆုံးစီရင်သူကို ကယ်တင်ရင်း မသန်စွမ်းဖြစ်ပြီး အလုပ်ပြုတ်ခဲ့ရသူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment