ကယ်လီဖိုးနီးယားစံတော်ချိန် နံနက် ၃ နာရီ။
စတန်းဖို့ဒ်တက္ကသိုလ် အဆောင်အိပ်ခန်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အဇင်ပရမ်ဂျီဟာ ဖုန်းသံကြောင့် နိုးလာခဲ့တယ်။ ”သူ့အဖေ ဆုံးသွားပြီ”တဲ့။ ရုတ်တရက် နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တာပါ။ အိန္ဒိယနိုင်ငံကို ပရမ်ဂျီ ပြန်ရမယ်၊ သူ့အဖေ ချန်ထားခဲ့တဲ့ ဟင်းချက်ဆီ ကုမ္ပဏီကို ဦးဆောင်ဖို့ပေါ့။ ဒီလုပ်ငန်းက ရာနဲ့ချီတဲ့ မိသားစုတွေကို အလုပ်အကိုင် ပေးထားတာပါ။
တစ်ဖက်မှာတော့ သူ့ရဲ့အမေရိက အင်ဂျင်နီယာဘွဲ့ယူမဲ့ အိပ်မက်ကို စွန့်လွှတ်ရတော့မှာပါ။ အင်ဂျင်နီယာ သင်ရိုးညွှန်းတမ်းစာအုပ်တွေကို ထုပ်ပိုးပြီး အိန္ဒိယကို သူ ပြန်လာခဲ့တယ်။ သူ့ရဲ့အတန်းဖော်တွေက ဆီလီကွန်တောင်ကြားကို ဦးတည်နေချိန်မှာ ပရမ်ဂျီကတော့ စက်ရုံငယ်လေးတစ်ခုထဲမှာ အဆီတွေ၊ ဆပ်ပြာဖော်မြူလာတွေကို လေ့လာနေခဲ့ပါတယ်။
ဒီနေရာမှာ ပရမ်ဂျီရဲ့မိခင်အကြောင်း ထည့်ပြောဖို့ လိုလာပြီ။ သူ့မိခင်က ဆရာဝန်တစ်ယောက်ဆိုပေမဲ့ အခြားဆရာဝန်တွေနဲ့တော့ မတူဘူး။ ပိုလီယိုနဲ့ ဦးနှောက်အကြောသေရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေအတွက် ပရဟိတဆေးရုံ တည်ထောင်ထားသူပါ။ အစိုးရ ရန်ပုံငွေ မရှိ၊ ငွေကြေး ထောက်ပံ့ပေးသူ မရှိဘဲ ဒီဆေးရုံကို လည်ပတ်လာခဲ့တာ နှစ် ၅၀ ကြာပါပြီ။ ဂရုစိုက်သူမရှိတဲ့ အမေ့လျော့ခံ ကလေးတွေအတွက် နေ့စဉ်နေ့တိုင်း တိုက်ပွဲဝင်သလို ရုန်းကန်နေရတဲ့ သူ့အမေရဲ့ ရုပ်ပုံလွှာက ပရမ်ဂျီရဲ့ ရင်ထဲ စွဲမြဲနေတယ်။
ပရမ်ဂျီဟာ ဟင်းချက်ဆီစက်ရုံကို လည်ပတ်ရင်းနဲ့ ဆံကေသာ အလှကုန်ပစ္စည်း၊ ကလေးပစ္စည်းနဲ့ ဟိုက်ဒရောလစ်စလင်ဒါတွေပါ ထုတ်လုပ်တယ်။ ၁၉၇၇ ခုနှစ်မှာတော့ သူ့ကုမ္ပဏီကို Wipro လို့ အမည်ပြောင်းလဲခဲ့ပြီး နောက် ၂ နှစ်အကြာမှာတော့ သူ့ဘဝအတွက် အလှည့်အပြောင်း ဖြစ်စေမယ့် အခြေအနေတစ်ရပ် ကြုံတယ်။
အိန္ဒိယအစိုးရက IBM ကုမ္ပဏီကို နိုင်ငံထဲကနေ ထွက်ခွာခိုင်းလိုက်တာပါပဲ။ စီးပွားရေးလောကရဲ့ ဦးဆောင်သူတွေ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ကွန်ပျူတာလောကရဲ့ ထိပ်တန်းကုမ္ပဏီ မရှိတော့တာကြောင့် နည်းပညာအနာဂတ် ဝေဝါးသွားလိမ့်မယ်လို့ ထင်ကြေးပေးကြတယ်။ ပရမ်ဂျီကတော့ ဒါကို အခွင့်အရေးကြီးတစ်ရပ်လို့ မြင်တယ်။
IBM မရှိတော့ရင် အဲဒီကွက်လပ်မှာ ကုမ္ပဏီတစ်ခုခုက ဖြည့်ပေးရမယ်။ အဲဒီကွက်လပ်ကို ဖြည့်ပေးခွင့်ရသူဟာ သူ မဖြစ်နိုင်ဘူးလား။ ပရမ်ဂျီက ဟင်းချက်ဆီကုမ္ပဏီကို ကွန်ပျူတာနဲ့ ဆော့ဖ်ဝဲ ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်တယ်။ အဲဒါကြောင့်လည်း လူတွေက သူ့ကို ရူးသွားပြီလို့ ထင်ခဲ့ကြပါတယ်။ ပရမ်ဂျီကတော့ ဂရုမစိုက်ပါဘူး။ သူက အမေရိကန်နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းတယ်။ အိန္ဒိယရဲ့ အတော်ဆုံး အင်ဂျင်နီယာတွေကို ခေါ်ယူခဲ့တယ်။
ကွန်ပျူတာနဲ့ ဆော့ဖ်ဝဲ ထုတ်လုပ်မှုပိုင်းအတွက် လေ့ကျင့်သင်ကြားမှုတွေလုပ်ဖို့ ရင်းနှီးမြှုပ်နှံတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်ကာလတွေမှာ Wipro ကုမ္ပဏီက တဟုန်ထိုး တိုးတက်လာတယ်။ အမေရိကန်ကုမ္ပဏီတွေအတွက်လည်း ဆော့ဖ်ဝဲတွေ ဖန်တီးပေးခွင့် ရတယ်။ အိန္ဒိယရဲ့ နည်းပညာပစ္စည်း အစောဆုံး တင်ပို့တဲ့ကုမ္ပဏီတွေထဲမှာ Wipro လည်း ပါတယ်။ သူတို့ရဲ့ ဖောက်သည်တွေထဲမှာ GE နဲ့ IBM တို့လို ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးတွေ ပါတယ်။
၁၉၉၉ ခုနှစ်မှာတော့ ပရမ်ဂျီက ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ပါဝင်နေပါပြီ။ အိန္ဒိယရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် Forbes မဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတယ်။ Business Week မဂ္ဂဇင်းကတော့ အကြီးကျယ်ဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးအဖြစ် သူ့ကို ဖော်ပြတယ်။
ဒါပေမဲ့ သူ မပျော်ဘူး။ ဘာကြောင့်လဲဆိုတော့ နေ့စဉ် နံနက်တိုင်း အိန္ဒိယရဲ့ လမ်းတွေပေါ် ဖြတ်သန်းသွားတဲ့အခါ သူ စိတ်နှလုံး ထိခိုက်ရတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါပဲ။ အစိုးရကျောင်းတွေမှာ ကျောင်းသားပေါင်း သန်းချီကို သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေဟာ သင်ကြားရေးမှာ ကျင့်သားပြည့်ဝနေသူတွေ မဟုတ်ဘူး။ ကျေးလက်မှာ နေထိုင်တဲ့ ကလေးတွေဆိုရင် အသက် ၁၀ နှစ်လောက်အထိ စာမဖတ်တတ်ကြသေးဘူး။ အိန္ဒိယရဲ့နည်းပညာကဏ္ဍ ကြီးထွားတိုးတက်လာပေမဲ့ မျိုးဆက်ပြတ်ကျန်နေတာကို သူ သတိထားမိတယ်။
သူ့အမေဟာ အမေ့လျော့ခံ ကလေးငယ်တွေအတွက် နှစ်ပေါင်း ၅၀ ကြာ မြှုပ်နှံထားခဲ့သူ မဟုတ်လား။
၂၀၀၁ ခုနှစ်မှာတော့ စီးပွားရေးလောကတစ်ခုလုံး အံ့အားသင့်သွားစေမယ့် ကြေညာချက်တစ်ရပ်ကို သူ ထုတ်ပြန်ခဲ့တယ်။ အဇင်ပရမ်ဂျီဖောင်ဒေးရှင်းကို ထူထောင်လိုက်တာပါ။ အိန္ဒိယရဲ့ အစိုးရစာသင်ကျောင်းစနစ်ကို မြေလှန်ပြောင်းလဲနိုင်ဖို့ပါပဲ။ သူ့ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်တွေဟာ အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသတွေဆီ သွားတယ်၊ အဲဒီနေရာတွေမှာ ဆရာ၊ ဆရာမတွေဟာ လစာ မဖြစ်စလောက်ပဲ ရတယ်၊ ပြီးတော့ သင်ကြားရေး နည်းလမ်းတွေကို ကောင်းကောင်းသင်ယူခွင့်လည်း မရဘူး။ စာအုပ်မရှိ၊ သင်ကြားရေး အထောက်အကူပစ္စည်း မရှိ၊ တချို့ကျောင်းတွေဆို ခေါင်မိုးတောင် မရှိကြတဲ့အထိပါပဲ။
အဇင်ပရမ်ဂျီဖောင်ဒေးရှင်းဟာ အိန္ဒိယနိုင်ငံတဝန်းမှာ ဆရာအတတ်သင် စင်တာ ၂၆၃ ခုအထိ ဖွင့်လှစ်ခဲ့ပြီး ဆရာ၊ ဆရာမတွေကို သင်ကြားရေးနည်းလမ်းတွေ ပို့ချပေးတယ်။ လိုအပ်တဲ့ အထောက်အပံ့တွေ ပံ့ပိုးပေးခဲ့တယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် ၈ ခု၊ အစိုးရစာသင်ကျောင်း ၃၅၀၀၀၀ ကျော်မှ ဆရာ၊ ဆရာမတွေကို သင်ကြားရေးနည်းလမ်းတွေ ပို့ချပေးရာကနေ ကလေးငယ် ၈ သန်းကျော် အကျိုးကျေးဇူး ခံစားခွင့်ရရှိခဲ့တယ်။ မြို့ ၃ မြို့မှာလည်း အဇင်ပရမ်ဂျီတက္ကသိုလ်တွေ ထူထောင်ခဲ့ပြီး လူမှုဝန်ထမ်း၊ ဆရာ၊ ဆရာမနဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာရှင်တွေ ထွက်ပေါ်လာစေဖို့ မွေးထုတ်ပေးလျက် ရှိတယ်။
၂၀၁၀ ပြည့်နှစ်မှာတော့ အိန္ဒိယမှာ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ ကိစ္စတစ်ရပ်ကို ပရမ်ဂျီက လုပ်ဆောင်ခဲ့တယ်။ သူဟာ ဝါရင်းဘက်ဖက်၊ ဘီလ်ဂိတ်တို့နည်းတူ Giving Pledge (ပိုင်ဆိုင်မှုအများစု လှူဒါန်းမယ့်)အစီအစဉ်မှာ လက်မှတ်ရေးထိုး ပါဝင်ခဲ့တာပါပဲ။ ပထမဆုံးအကြိမ်မှာ ပရမ်ဂျီက အမေရိကန်ဒေါ်လာ ၂ ဘီလျံ တန်ကြေးရှိတဲ့ Wipro ရဲ့ စတော့ရှယ်ယာ ၈.၇ ရာခိုင်နှုန်းကို လှူဒါန်းခဲ့တယ်။ နောက်တစ်ကြိမ်မှာ ၁၂ ရာခိုင်နှုန်း၊ နောက်ထပ် ၁၈ ရာခိုင်နှုန်း လှူဒါန်းခဲ့ပြီး လက်ရှိအချိန်မှာတော့ Wipro ရဲ့ ရှယ်ယာ ၆၆ ရာခိုင်နှုန်းကို အဇင်ပရမ်ဂျီဖောင်ဒေးရှင်းက ပိုင်ဆိုင်နေပါပြီ။
ပရမ်ဂျီရဲ့ လှူဒါန်းမှုပမာဏက အမေရိကန်ဒေါ်လာ ၂၁ ဘီလျံကျော် ရှိနေပါပြီ။ ဒါဟာ အိန္ဒိယနိုင်ငံသမိုင်းတစ်လျှောက်မှာ လူတစ်ဦးတစ်ယောက်ရဲ့ အများဆုံးလှူဒါန်းမှု ဖြစ်ပါတယ်။ သူဟာ ကိုဗစ်-၁၉ ကာလတုန်းကလည်း ထောက်ပံ့ ကူညီရေး လုပ်ဆောင်မှုတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၁၄၀ လှူဒါန်းပေးခဲ့ပါသေးတယ်။
ပရမ်ဂျီဟာ ဘီလျံနာတစ်ဦးဖြစ်ပေမဲ့ လေယာဉ်စီးတဲ့အခါ economy class ကသာ စီးလေ့ရှိသလို ကားအကောင်းစားတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း သုံးလေ့မရှိပါဘူး။
Ref: Azim Premji
NZ (ရိုးရာလေး)
The post အမေရိကအင်ဂျင်နီယာအိပ်မက်ကို စွန့်လွှတ်ပြီး ကလေးငယ်သန်းပေါင်းများစွာရဲ့ဘဝကို အပြောင်းအလဲ ဖြစ်စေခဲ့သူ appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment