၂၀၁၉ ခုနှစ်ရဲ့ ညတစ်ညမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ အငြိမ်းစားပါမောက္ခကြီး ဒေါက်တာရှန်ကာက အင်ဒိုရီမြို့မှာရှိတဲ့ သူ့နေအိမ်မှာ လဲလျောင်းအနားယူနေတုန်း ဖုန်းသံ ကြားလိုက်ရတယ်။ တစ်ဖက်မှာ ပြောနေတဲ့အသံက ထိတ်လန့်တကြား။ သူ နှစ်ပေါင်းများစွာ အချိန်ယူ စိုက်ပျိုးခဲ့ရတဲ့ သစ်တောအုပ်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့ပြီဆိုတဲ့ သတင်းစကားပါပဲ။
သူ့အိမ်ကနေ တောအုပ်က ကီလိုမီတာ ၄၀ ဝေးတော့ ဒေါက်တာရှန်ကာလည်း အဆိုးရွားဆုံး မဖြစ်ပါစေနဲ့လို့ ဆုတောင်းရုံမှတပါး အခြားမရှိခဲ့ပါဘူး။ နံနက် အလင်းရောင်လာတာနဲ့ သူက တောအုပ်ဆီ သွားကြည့်တယ်။ သူ စိုက်ပျိုးခဲ့တဲ့ သစ်ပေါင်းပေါင်း ၁၀၀၀ ကျော်ဟာ ပြာပုံဖြစ်ခဲ့ပါပြီ။ တချိန်က စိမ်းစိုလန်းဆန်းခဲ့တဲ့ အိုအေဆစ်လေးဟာ မီးလောင်ပြင် ဖြစ်သွားပါပြီ။

ခံနိုင်စွမ်းကို စမ်းသပ်ခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဒေါက်တာရှန်ကာက လက်မလျှော့ခဲ့ပါဘူး။ သူ့ရဲ့တောအုပ်လေးကို ပြာပုံဘဝကနေ ပြန်လည်ပျိုးထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက် ၈ နှစ်အကြာမှာတော့ ပြာပုံကြားကနေ တိုးထွက်လာတဲ့ သစ်ပင်တွေနဲ့အတူ ကီရှာပါဗတ်တောအုပ်ကြီး စိမ်းစိုလန်းဆန်းနေတာကို တစ်ကျော့ပြန် မြင်တွေ့ခွင့် ရခဲ့ပါပြီ။ ၂၂ ဧက ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှာ သစ်ပင်ပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးထားပြီး ကျေးငှက်သကာရတို့ ပျော်စံရာအိုအေစစ်လေး ဖြစ်လာခဲ့ပါတယ်။
အင်ဒိုရီမြို့ အစိုးရကျောင်းမှာ ကျောင်းအုပ်ကြီးဘဝနဲ့ အငြိမ်းစားယူခဲ့တဲ့ ဒေါက်တာရှန်ကာဟာ ကောလိပ်ကျောင်း ဖွင့်မယ်ဆိုတဲ့ စိတ်ကူးကြောင့် ဒီမြေနေရာကို ဝယ်ယူခဲ့တာပါ။ ဒါပေမဲ့ သူ့ရင်ထဲကလာတဲ့ ဆန္ဒကို ဦးစားပေးခဲ့ပြီး ကျက်တီးမြေဖြစ်နေတဲ့ မြေနေရာမှာ သစ်ပင်တွေ စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။
တချိန်တုန်းကတော့ အဲဒီနေရာဟာ အရိပ်အာဝါသမရှိလို့ အလွန်ပူပြင်း ခြောက်သွေ့ရာဒေသဖြစ်ခဲ့ပြီး အသက်၇၅ နှစ်အရွယ်ရှိတဲ့ ဒေါက်တာရှန်ကာရဲ့ ကြိုးစားအားထုတ်မှု၊ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးမှုတွေကြောင့် အခုဆိုရင်တော့ လုံးဝပြောင်းလဲသွားခဲ့ပြီး စိမ်းစိုလန်းဆန်းနေပါပြီ။

ဒေါက်တာရှန်ကာဟာ သစ်ပင်တွေ စိုက်ပျိုးရာမှာ ရေကားတွေကို ဈေးကြီးပေးပြီး ဝယ်ယူခဲ့ရတာပါ။ ပုံမှန်အတိုင်းဆို လီတာ ၆၀၀၀ ပါဝင်တဲ့ ရေကားတစ်စီးကို ရူပီး ၆၀၀ ပေးရပေမဲ့ ရေရှားတဲ့နွေရာသီကာလတွေဆိုရင်တော့ ရေကားတစ်စီးကို ရူပီး ၂၀၀၀ အထိ ပေးရလေ့ ရှိပါတယ်။
သစ်ပင်တွေ စိုက်ပျိုးရာမှာ သူ သုံးစွဲခဲ့တဲ့ ငွေကတော့ အချည်းနှီး မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သစ်ပင်တွေ စိမ်းစိုလာခဲ့ပြီးနောက် ဒီဒေသမွာ ရေရင်းမြစ် ကောင်းမွန်လာခဲ့ပြီး အရင်ကပေ ၆၀၀ တူးလို့ ရေမထွက်ရာကနေ အခုဆိုရင် ပေ ၂၅၀ လောက် တူးရုံနဲ့ ရေတွင်းကနေ ရေထွက်နေပြီ ဖြစ်ပါသည်။
ဒေါက်တာရှန်ကာရဲ့ ရည်ရွယ်ချက်ကတော့ သူ့ရဲ့တောအုပ်ထဲမှာ သစ်ပင်ပေါင်း ၁၀၀၀၀ အထိ စိုက်ပျိုးနိုင်ဖို့ပါပဲ။ နောက်မျိုးဆက်တွေအတွက် သူ့ရဲ့စကားလက်ဆောင်ကတော့ လူတိုင်းလူတိုင်း သူတို့ရဲ့ဘဝတစ်သက်တာမှာ အနည်းဆုံး သစ်ပင်တစ်ပင်တော့ စိုက်ပျိုးသွားသင့်တယ်ဆိုတာပါပဲ။
Ref: Called ‘Crazy’, This Retired Professor Chose to Build a Forest Rather Than a College on a Barren Hill
NZ (ရိုးရာလေး)
The post မီးလောင်ပြင်ကို သစ်တောအုပ်အဖြစ် ပြောင်းလဲပေးခဲ့တဲ့ အငြိမ်းစား ကျောင်းအုပ်ကြီး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment