![]()
![]()
ဆောက်သမ်တန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ အန္တရာယ်များတဲ့ ဖျက်ထုတ်မှုကို ကျူးလွန်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကာစီမီရိုအနေနဲ့ သူ့ရဲ့ မိုက်မဲမှုအတွက် ပွဲချိန်အတွင်းမှာပဲ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရသလို ပရီးမီးယားလိဂ်မှာ ရပ်တည်မှုကောင်းဖို့ ကြိုးစားနေခဲ့တဲ့ အသင်းအတွက်တော့ ထိုးနှက်မှုအနေနဲ့ ကြီးမားတဲ့ ပွဲပယ်ပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။
![]()

![]()
အိုးလ်ထရက်ဖို့ဒ်က တနင်္ဂနွေနေ့ ပွဲစဉ်ရဲ့ ပွဲချိန် ၃၂ မိနစ်မှာ ဆောက်သမ်တန်ကွင်းလယ်လူ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ခြေထောက်ကျိုးသွားစေနိုင်တဲ့ ဖျက်ထုတ်မှုကို မလိုအပ်ဘဲ ပြုလုပ်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဘရာဇီးလ်သားအနေနဲ့ စစချင်းမှာ အဝါကတ်သာ ရရှိခဲ့ပေမယ့် ဒိုင်လူကြီး အန်ထော်နီ တေလာကို VAR ပြန်ကြည့်ဖို့ ညွှန်ကြားခံရအပြီးမှာတော့ အနီကတ်အဖြစ် ပြောင်းလဲပြသခံခဲ့ရတာပါ။
![]()

![]()
ဒီအနီကတ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အိမ်ကွင်းမှာ ဆယ်ယောက်နဲ့ မရှုံးအောင် မနည်းရုန်းကန်ခဲ့ရပြီး သရေတစ်မှတ်သာ ရရှိခဲ့ချိန်မှာ ကာစီမီရိုကို အပြစ်တင်စရာဖြစ်ခဲ့ပေမယ့် နည်းပြ အဲရစ် တန်ဟတ်ရဲ့ ဆိုးရွားတဲ့ ကွင်းလယ်အထိုင်ကို ရွေးချယ်ခဲ့မှုကြောင့် ခုလိုမျိုး စိတ်ပျက်စရာ ဖြစ်ခဲ့ရတာလို့လည်း ပြစ်တင်မှုတွေ ရှိနေခဲ့ပါတယ်။
![]()

![]()
သာမန်အားဖြင့် ကွင်းလယ်မှာ ကာစီမီရိုကို ဖရက်ဒ်နဲ့ အများဆုံးတွဲပြီး အသုံးပြုချိန်မှာ အရေးမကြီးတဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် မလိုအပ်ဘဲ အနားပေးခဲ့ပြီး စကော့ မက်တော်မီနေးကိုလည်း ထည့်သွင်းသင့်ချိန်မှာ ခံစစ်ကို မကူနိုင်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ တွဲဖက်ပေးခဲ့တာက ၁၁ ယောက်ချင်း ကစားနေစဉ်မှာကိုပဲ ဆောက်သမ်တန်ကွင်းလယ်ရဲ့ ဖိအားမှာ ရုန်းကန်ခဲ့ရစေတာပါ။
![]()

![]()
ကွင်းထဲက ထွက်ခွာခဲ့ရချိန်မှာ မျက်ရည်ကျခဲ့ရပြီး နောက်ဆုံးမှာတော့ ရှုံးပွဲအတွက် တရားခံဖြစ်ခဲ့ရတဲ့ ကာစီမီရိုအနေနဲ့ တိုက်ရိုက်အနီကတ်အတွက် သုံးပွဲပယ်ခံရမယ့်အချိန်မှာ တစ်ရာသီအတွင်း ဒုတိယမြောက် အနီကတ်ကို ထိခဲ့တဲ့အတွက် ထပ်ဆောင်းပြစ်ဒဏ် တစ်ပွဲပါ ကျခံရတော့မှာဖြစ်သလို ယူနိုက်တက်တို့ရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် လေးပွဲကို လွဲချော်တော့မှာလည်းဖြစ်ပါတယ်။
![]()

![]()
ကာစီမီရိုအနေနဲ့ ၃၉ ရက်အတွင်းမှာ တိုက်ရိုက်အနီကတ် ၂ ကတ်နဲ့ စည်းကမ်းပိုင်းဆိုင်ရာမှာ အဆိုးရွားဆုံးဖြစ်ခဲ့သလို ဒါက သူ့အတွက်တော့ ကာလတိုအတွင်း ရီးရဲလ်မက်ဒရစ်အသင်းမှာ ကိုးရာသီ ကစားခဲ့စဉ်က ရရှိခဲ့တဲ့ အနီကတ်စံချိန်ကို လိုက်မီသွားခဲ့တာဖြစ်ပြီး ဝေဖန်သူတွေကတော့ VAR ခေတ်မှာ ဒီလို မိုက်မဲတဲ့ လုပ်ရပ်တွေကို ရှောင်လွှဲရလိမ့်မယ်လို့ ဆိုခဲ့ကြတာပါ။
![]()

![]()
သူ့မပါဝင်ဘဲ ကစားရမယ့် ယူနိုက်တက်တို့ရဲ့ ပွဲစဉ်တွေကတော့ ဖူလ်ဟမ်(အိမ်)၊ နယူးကာဆယ်လ်(အဝေး)၊ ဘရန့်ဖို့ဒ်(အိမ်)နဲ့ အဲဗာတန်(အိမ်) ပွဲစဉ်တွေဖြစ်ကြပြီး ခက်ခဲတဲ့ အသင်းကြီးတွေနဲ့ တွေ့ဆုံမှု မဟုတ်ပေမယ့် ဒုက္ခပေးနေကျ နယူးကာဆယ်လ်၊ ဘရန့်ဖို့ဒ်တို့နဲ့ ပွဲစဉ်တွေမှာတော့ ရုန်းကန်ရဖို့ ရှိလာနိုင်ပါတယ်။
![]()

![]()
ရီးရဲလ်မက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ နဲ့ အိုးလ်ထရက်ဖို့ဒ်ဆီ ရောက်ရှိလာခဲ့တဲ့ ကာစီမီရိုဟာ အသင်းရဲ့ ခံစစ်ပိုင်းကို မာကျောစေခဲ့တဲ့ Tank ကြီးလို့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားသူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၉ ပွဲမှာ ၂ ဂိုး သွင်းယူခဲ့သလို ပြိုင်ပွဲစုံသွင်းဂိုး ၅ ဂိုးအထိ ရယူထားနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးတွေက သရဲနီတွေအတွက် အရေးပါတဲ့ ဂိုးတွေလည်း ဖြစ်နေတတ်တာပါ။
![]()

![]()
ကာစီမီရိုအနေနဲ့ လာမယ့်ပွဲတွေမှာ ခံစားရမယ့် ပြစ်ဒဏ်နဲ့အတူ မန်ချက်စတာယူနိုက်တက်အတွက် ပွဲပယ်ခံရမှုက ခုနစ်ပွဲအထိ ရှိလာတော့မှာဖြစ်ပြီး သူ့ရဲ့ ကွက်လပ်ကိုတော့ ဖရက်ဒ်၊ မက်တော်မီနေးနဲ့ အငှားကစားသမား မာဆယ်လ် ဆာဘစ်ဇာတို့က နေရာဝင်ရယူရဖို့ ရှိနေခဲ့သလို နည်းပြ တန်ဟတ်အတွက်တော့ ခေါင်းကိုက်စရာဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
![]()
![]()
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ![]()
![]()
Your new digest 50
Post a Comment