ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ကွန်ဒီ၊ ခရစ္စတင်ဆန်၊ ဆာဂျီ ရော်ဘတ်တိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ဂါဗီနဲ့ ဒီယုံးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဖယ်ရန် တောရက်စ်နဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ဘီလ်ဘာအိုတို့ကတော့ ဂိုးသမား အဂါရီဇာဘာလာ၊ ခံစစ်မှာ ဒါနီ ဗီဗီယန်၊ အီညီဂို မာတီနက်ဇ်၊ ဘာလင်ဇီယာဂါနဲ့ ဒီမားကို့စ်တို့ကို စုဖွဲ့လာခဲ့သလို ကွင်းလယ်မှာတော့ မီခယ်လ် ဗက်စ်ဂါ၊ ဒါနီ ဂါစီယာ၊ ရာအူးလ် ဂါစီယာ၊ အဲလက်စ် ဘယ်ရင်ဂွါနဲ့ နီကို ဝီလီယမ်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အီညာကီ ဝီလီယမ်စ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
နှစ်သင်းစလုံး သူတင်ကိုယ်တင် ကစားနိုင်ခဲ့သလို ဝီလီယမ်စ် ညီအစ်ကိုတို့ရဲ့ ဘီလ်ဘာအိုက ကစားကွက် ပိုသွက်ခဲ့ပြီး ဘာစီလိုနာတို့အနေနဲ့ ပွဲအစပိုင်းမှာ ခံစစ်ကို ပိုကစားနေခဲ့ရပေမယ့် အိမ်ရှင်တွေရဲ့ စနစ်တကျ မကစားဘဲ ကသမ်းကရမ်းနဲ့ ကြုံသလို ကန်နေခဲ့တာကတော့ ရုပ်ပျက်ခဲ့သလို နည်းပြဟောင်း အာနက်စတို ဗယ်လ်ဗာဒီအနေနဲ့ ကာတာလန်သားတွေကို ရင်ဆိုင်ရာမှာ မပိုင်နိုင်ခဲ့ဘူးလို့လည်း ဆိုရမှာဖြစ်ပါတယ်။
ပိုလန်သားကြီး လီဗန်ဒေါ့ဗ်စကီးကတော့ အကောင်းဆုံးအချိန်တွေ ကျော်လွန်ခဲ့ပြီဖြစ်ပြီး လေးလံနေခဲ့တာကြောင့် အပိုင်အခွင့်အရေးတစ်ကြိမ် အလဟဿဖြစ်ခဲ့သလို ခံစစ်မှာတော့ ကွန်ဒီနဲ့ ခရစ္စတင်ဆန်တို့ရဲ့ နားလည်မှုတွေက အကောင်းဆုံး အနေအထားမှာ ရှိမနေတာကြောင့် ဘာစီလိုနာ ဂိုးသမား တာစတီဂန်အနေနဲ့ ရုန်းကန်နေခဲ့ရတာပါ။
ပွဲချိန် ၃၃ မိနစ်မှာ ထောင့်ကန်ဘောကနေ ရာအူးလ် ဂါစီယာရဲ့ ခေါင်းတိုက်ချက်က ဘားထိထွက်ခဲ့လို့ ဘာစီလိုနာတို့ သက်သာခဲ့ပြီး ပွဲချိန် ၄၁ မိနစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး ခေါင်းတိုက်တာကို ဆန့်ထုတ်ထားတဲ့ လက်နဲ့ ထိခဲ့တဲ့ ဒီမားကို့စ်ရဲ့ ဖြစ်ရပ်ကို ဒိုင်လူကြီးနဲ့ VAR က ပင်နယ်တီ မပေးဘဲ ပယ်ချသွားခဲ့ပါတယ်။
နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ တိုက်စစ်စတင်လာခဲ့ပြီး အတွင်းမှာ ဘောလုံးပြန်ရတဲ့ ဆာဂျီယို ဘူးစ်ကွက်စ်က ဧရိယာထဲကို ခင်းပေးရာမှာ ညာတောင်ပံသမား ရာဖင်ညာက တစ်ချက်ထိန်းပြီး ထောင့်ဖြတ်ကန်သွင်းရာမှာ ဂိုးသမား အဂါရီဇာဘာလာ ကာကွယ်ပုံ နှေးကွေးနေခဲ့လို့ ဂိုးပေးခဲ့ရတာပါ။
ပထမပိုင်းမှာ ဘာစီလိုနာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘီလ်ဘာအိုတို့ ပိုမိုကြိုးစားလာခဲ့ကြသလို တိုက်စစ်ပိုင်းမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ များပြားနေတာကြောင့် အခွင့်အရေးတွေကို လွဲချော်နေခဲ့ပြီး အိမ်ရှင်တွေဘက်က ဗက်စ်ဂါ၊ ရာအူးလ် ဂါစီယာ၊ ဘာလင်ဇီယာဂါ၊ ဒီမားကို့စ်နဲ့ အဲလက်စ် ဘယ်ရင်ဂွါတို့အစား ဇာရာဂါ၊ မူနီယာယင်၊ ယူရီ၊ ကာပါနဲ့ ဂူရူဇီတာတို့ကို ထည့်သွင်းသွားခဲ့ပါတယ်။
ပွဲချိန် ၇၉ မိနစ်မှာ မူနီယာယင်ရဲ့ ကန်ချက်ကို တာစတီဂန် ပုတ်ထုတ်ခဲ့ရသလို ပွဲချိန် ၈၇ မိနစ်မှာ အီညာကီ ဝီလီယမ်စ်က တန်ပြန်တိုက်စစ်က ဂိုးသွင်းယူခဲ့ပေမယ့် ဘောလုံးစတင်ချိန်မှာ မူနီယာယင် လက်ထိခဲ့တယ်လို့ VAR က အကြောင်းကြားခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ဘာစီလိုနာတို့ကတော့ ဖယ်ရန် တောရက်စ်၊ ဆာဂျီ ရော်ဘတ်တိုနဲ့ ရာဖင်ညာတို့အစား ကက်ဆီယေး၊ အန်ဆူ ဖာတီနဲ့ မားကို့စ် အလွန်ဆိုတို့ကို လဲပြီး ထိန်းကစားခဲ့တာပါ။
နာကျင်အချိန်ပိုမှာတော့ အီညာကီ ဝီလီယမ်စ် တစ်ကိုယ်တော်အစွမ်းနဲ့ ချိုးပေးတာကို သူ့ညီ နီကို မပိတ်နိုင်လို့ လွတ်ထွက်လာတာကို ယူရီက အပြင်းကန်သွင်းခဲ့ပေမယ့် တာစတီဂန် ကာကွယ်နိုင်ခဲ့သလို ပြန်ထွက်လာတဲ့ ဘောလုံးကို ဂူရူဇီတာ ကန်ရာမှာလည်း မားကို့စ် အလွန်ဆိုက ပိတ်ဆို့ သွားနိုင်ခဲ့လို့ ဘာစီလိုနာတို့ ပွဲအပြီးမှာ ဘတ်စ်ကေးသားတွေကို တစ်လုံးတည်းသောဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြတာဖြစ်ပါတယ်။
ဆန်မာမီးစ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် လာလီဂါ အမှတ်ပေးဇယားကို ဘာစီလိုနာတို့ ၉ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ဆဲ ဖြစ်သလို ရီးရဲလ်မက်ဒရစ်တို့နဲ့ လာမယ့်တစ်ပတ် နူးကမ့်မှာ ကစားရမယ့် ပွဲမတိုင်မီ စိတ်ဓာတ်ရေးရာအရပါ အသာစီးရယူနိုင်ခဲ့ပြီး ရှုံးလို့လည်း ဘာမှ မဖြစ်နိုင်တဲ့ အခြေအနေမှာ ဖိအားကင်းကင်းနဲ့ ကစားခွင့်ကိုလည်း ပိုင်ဆိုင်ထားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment