ဖလားတွေတော့ အကုန်မှန်းတာပဲ၊ နိုင်တော့ မနိုင်ဘူးဆိုပြီး စိန့်နဲ့ သရေကျတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ လီဆန်ဒရို မာတီနက်ဇ်၊ ဗာရွန်း၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာတော့ ကာစီမီရို၊ ဘရူနို ဖာနန်ဒက်စ်၊ ဗက်ဂ်ဟော့စ်၊ ဆန်ချို၊ အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ကို ကစားကွက်ချတဲ့သူတွေ မျက်စိလည်အောင် အဲရစ် တန်ဟတ်က ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဆောက်သမ်တန်အသင်းကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဘယ်လာ-ကော့ချက်ပ်၊ ဝေါ်လ်ကာ-ပီတာစ်နဲ့ ပယ်ရိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်၊ အယ်လ်ကာရက်ဇ်၊ ဝဲလ်ကော့နဲ့ ဆူလေမာနာတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာ ရှေအက်ဒမ်စ်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

တကယ်တမ်း ပွဲကစားချိန်မှာတော့ ၄-၂-၃-၁ ဆန်ခဲ့တဲ့ Formation မှာ ကာစီမီရိုကို ဘရူနို ဖာနန်ဒက်စ်က ကူနေရလို့ ဆောက်သမ်တန်ဘက်က ဝါ့ဒ်-ပရောက်စ်တို့ အုပ်စုရဲ့ အင်နဲ့အားနဲ့ ညှပ်ကစားလာမှုတွေမှာ ရုန်းကန်နေခဲ့ရပြီး ကောင်တာကိုပဲ အားပြုခဲ့ရသလို မန်ယူတို့ရဲ့ ဆန်ချိုကို အလယ်မှာ သုံးခဲ့တာကလည်း အလုပ်မဖြစ်ဘဲရှိနေခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် လူကြားထဲကနေ လှလှပပ ထိုးပေးတာကို ရက်ရှ်ဖို့ဒ်က ဘယ်ခြမ်းကနေ အကောင်းစား ထိန်းသိမ်းမှုနဲ့ ဆွဲပြေးပြီး အဝေးတိုင်ဘက်ကို ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးသမား ဘာဇူးနူး သတိကြီးကြီးနဲ့ ပုတ်ထုတ်နိုင်ခဲ့လို့ မန်ယူတို့ နစ်နာခဲ့ရပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ဝန်ဘစ်ဆာကာ အမှားကနေ ပယ်ရိုရဲ့ ဖြတ်တင်မှုကို ဝဲလ်ကော့ကို ခေါင်းတိုက်ရာမှာ ဒဟေးယား ကာကွယ်နိုင်ခဲ့လို့ သက်သာသွားခဲ့ရတာပါ။

ဝန်ဘစ်ဆာကာရဲ့ ဆက်တိုက်မကစားရချိန်မှာ ကြောင်ပျောက်နေမှုက မန်ယူညာခြမ်းကို တော်တော်လေး ဆေးထိုးနေခဲ့ပြီး တစ်ဖက်က ဘာမှ မဟုတ်တဲ့ ဆူလေမာနာကိုတောင် မထိန်းနိုင်ခဲ့တာကတော့ စိတ်ပျက်စရာဖြစ်ခဲ့ရသလို ပွဲချိန် ၃၁ မိနစ်မှာ ဝင်ကို ဝင်ရမယ့် အလုံးကို ဗက်ဂ်ဟော့စ်က ကိုယ့်ဂိုးသမားဆီ နောက်ပြန်ပေးသလိုမျိုး ခေါင်းတိုက်ပေးခဲ့တာကတော့ ဒါက တိုက်စစ်မှူးလားဆိုပြီး ငိုအားထက် ရယ်အားသန်ခဲ့ရသေးတာပါ။


ပွဲချိန် ၃၂ မိနစ်မှာတော့ အယ်လ်ကာရက်ဇ်ကို ခပ်ကြမ်းကြမ်းဖျက်ခဲ့တဲ့ ကာစီမီရိုကို ဒိုင်လူကြီး အန်ထော်နီ တေလာက အဝါသာ ပြခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဘရာဇီးလ်ကွင်းလယ်လူရဲ့ ခြေထောက်က တစ်ဖက်ကစားသမားရဲ့ ခြေကျင်းဝတ်ကို ရှောင်လို့ရလျက်နဲ့ မရှောင်ဘဲ ကန်ခဲ့တာကို တွေ့ရှိရတာကြောင့် အနီကတ်အဖြစ် ပြောင်းလဲပြသခံခဲ့ရပြီး မန်ယူတို့ ဘယ်လိုငတုံးကို ခေါ်မိတာလဲဆိုတဲ့ လှောင်ပြောင်သံတွေ ပလူပျံလာစေခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကနေ ဗာရွန်းနဲ့ ပိတ်သွင်းမှုကို စိန့်ဂိုးသမား ဘာဇူးနူးက အနီးကပ် အနေအထားကနေ ထူးထူးချွန်ချွန် ကာကွယ်သွားခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာတော့ လဲနေရင်း ရင်ဘတ်နဲ့ တားတဲ့ ဘယ်လာ-ကော့ချက်ပ်ကို လက်ထိတယ်ဆိုပြီး မန်ယူသားတွေ ပင်နယ်တီ ဝိုင်းတောင်းခဲ့ပေမယ့် အနှေးပြကွက်တွေမှာတော့ လက်မထိကြောင်းပဲ ပေါ်လွင်ခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာ ဗက်ဂ်ဟော့စ်အစား မက်တော်မီနေးကို မန်ယူတို့ လူစားလဲသွားခဲ့ပြီး ကွင်းလယ်ကို ပြင်ဆင်သွားခဲ့သလို ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲ ဖြစ်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင်မှာတော့ လူစားဝင် စကော့ကွင်းလယ်လူက ကိုယ့်ဂိုးကိုယ်သွင်းမိမလိုဖြစ်ခဲ့ပေမယ့် ဝန်ဘစ်ဆာကာက ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ ဝါ့ဒ်-ပရောက်စ်ရဲ့ ဖရီးကစ်က အချိန်အဆ နည်းနည်းများသွားခဲ့လို့ ဘားကို ပွတ်ထွက်သွားခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ် ထိန်းသိမ်းပုံ မသေသပ်တာကနေ ဆောက်သမ်တန်တို့ ကောင်တာပြန်လာခဲ့ရာမှာ ဝဲလ်ကော့က လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ကန်သွင်းခွင့်ရခဲ့ပေမယ့် သူ့ရဲ့ ဘယ်ခြေကန်ချက်ကို ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ မန်ယူတို့ရဲ့ ဂိုးရဖို့ အနီးစပ်ဆုံး အခွင့်အရေး ပျက်ပြယ်ခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်ရဲ့ ဧရိယာအပြင်က လျှပ်တစ်ပြက် ကန်သွင်းမှုကို စိန့်ဂိုးသမား ဘာဇူးနူးက ဒိုက်ပစ်ကာကွယ်ရာမှာ တိုင်ထိပြီး ထောင့်ကန်ဘောသာဖြစ်ခဲ့လို့ အိမ်ရှင် ပရိသတ်တွေ ရင်ခံခဲ့ရသလို တစ်မိနစ်အကြာမှာ ထောင့်ကန်ဘောကနေ ဧရိယာအစပ်က လှမ်းကန်တဲ့ ဝေါ်လ်ကာ-ပီတာစ်ရဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post