အဆင့်မရှိဘဲ ရန်လိုတဲ့ ဒိုင်ကို ကျော်လွှားပြီး စိန့်ကို အနိုင်ယူခဲ့တဲ့ ဝုလ်ဗ်စ်

နည်းပြသစ် လိုပီတီဂီနဲ့အတူ ပုံစံကောင်း ပြန်ရနေတဲ့ ဝုလ်ဗာဟမ့်ပ်တန်တို့အနေနဲ့ ဒီနေ့မှာလည်း အဝေးကွင်းမှာ သွားရောက်ကစားခဲ့ရစဉ်မှာ အိမ်ရှင် ဆောက်သမ်တန်ကို အဆင့်မရှိဘဲ ရန်လိုတဲ့ ဩစတေးလျသား ဒိုင်လူကြီး ဂျရတ် ဂျီးလက်ရဲ့ ထုတ်ပယ်မှုကြောင့် ဆယ်ယောက်ကျန် လူစာရင်းနဲ့ တစ်နာရီကျော်လောက် ယှဉ်ပြိုင်ကစားပြီး နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဒီနေ့မှာ ဝုလ်ဗ်စ်တို့အနေနဲ့ ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ဒေါ်ဆန်၊ ကေးလ်မန်း၊ ဆီမီဒိုနဲ့ အိုက်နူရီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရူဘင် နာဗက်စ်၊ လီမီနာ၊ ဂျာအို မော်တင်ညို၊ မက်သီယူးစ် နူးနက်စ်နဲ့ ဆာရားဘီးယားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မက်သီယူးစ် ကွန်ညာ တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

အဆင့် ၂၀ က ကြမ်းကပ် အိမ်ရှင် ဆောက်သမ်တန်တို့ကတော့ ဂိုးသမား ဘာဇူးနူး၊ ခံစစ်မှာ ဘက်ဒ်နာရက်ခ်၊ ဆာလီဆူး၊ မိတ်လန်း-နိုင်းလ်စ်၊ ဘရီးနဲ့ ပေရိုတို့ကို ငါးယောက်တန်း အသုံးပြုလာခဲ့သလို ကွင်းလယ်မှာတော့ လာဗီယာ၊ ဝါ့ဒ်-ပရောက်စ်နဲ့ အယ်လ်ကာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အိုနူအာချူနဲ့ ဆူလေမာနာတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂ မိနစ်မှာ ညာခြမ်းက ဖြတ်တင်ဘောကနေ လွတ်ထွက်လာတာကို ပေရို ကန်ရာမှာ ဒေါ်ဆန်က ဂိုးစည်းရှေ့က ရှင်းထုတ်သွားခဲ့ပြီး ဝုလ်ဗ်စ်တို့အနေနဲ့ အိမ်ကွင်းမှာ ဘာပညာမှ မပါဘဲ ကြံ့ခိုင်မှုသုံးကစားနေတဲ့ ဆောက်သမ်တန်တို့ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့တော့ ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ ဆောက်သမ်တန်တို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး ဖရီးကစ်ကနေ ဝါ့ဒ်-ပရောက်စ် ကန်တင်ပေးရာမှာ ဧရိယာထဲကနေ ဝုလ်ဗ်စ်တို့ ရှင်းထုတ်ရာက ပြန်ကျလာတဲ့ ဘောလုံးကို အယ်လ်ကာရက်ဇ်က နှစ်ဆင့်ကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး ဝင်သွားခဲ့လို့ ဂိုးသမား ဂျိုဆေးဆား ဘာမှ မတတ်နိုင်ခဲ့ဘဲ ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဒိုင်လူကြီး ဂျီးလက်က သူ့ဆီကို စောဒကတက်ဖို့ ပြေးလာခဲ့တဲ့ လီမီနာရဲ့ ပုံစံက ရန်လိုတယ်လို့ စွပ်စွဲပြီး ပထမတစ်ဝါ ထိထားတဲ့ ဝုလ်ဗ်စ်ကွင်းလယ်လူကို ဒုတိယ အဝါကတ်နဲ့ မဆင်မခြင် ထုတ်ပယ်ခဲ့သလို ဂါဘွန်သားအနေနဲ့ ဆောက်သမ်တန်ကွင်းလယ်လူတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားတာကို ခံခဲ့ရပေမယ့် လျစ်လျူရှုခံခဲ့ရချိန်မှာ ဒီလိုမျိုး ကျက်သရေမရှိတဲ့ ဉာဏ်နည်းမှုက ဖြစ်ပွားခဲ့လို့ ပရီးမီးယားလိဂ်အတွက် အရုပ်ဆိုး အကျည်းတန်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဆောက်သမ်တန်တို့ တစ်ယောက်အသာနဲ့ ဖိကစားခဲ့ပေမယ့် ဝုလ်ဗ်စ်တို့ရဲ့ အစကတည်းက ကွင်းလယ်လူ ၅ ယောက်အထိ ထည့်သွင်းထားတဲ့ ကစားကွက်နဲ့ ခံစစ်ကို မကျော်နိုင်ခဲ့လို့ ပထမပိုင်းက တစ်ဂိုး-ဂိုးမရှိနဲ့ဖြစ်နေအပြီးမှာ ဧည့်သည်နည်းပြကတော့ ဒုတိယပိုင်းအစမှာ ဂျာအို မော်တင်ညိုနဲ့ အိုက်နူရီတို့အစား အဒါမာ ထရာအိုရေးနဲ့ ဟူဂို ဘွေနိုတို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ နောက်ခံလူ ကေးလ်မန်းရဲ့ မထိတထိ ပြန်ပေးတဲ့ ဘောလုံးကို ဆူလေမာနာက ဖြတ်ယူပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် သူ့ထက် မြန်တဲ့ ဂိုးသမား ဂျိုဆေးဆားက ဒိုက်ပစ်ပြီး ခြေထဲကနေ ဘောလုံးကို ထိုးထုတ်သွားနိုင်ခဲ့လို့ ဝုလ်ဗ်စ်တို့ ပြန်လာနိုင်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ခဲ့သလို ကွန်ညာနဲ့ နူးနက်စ်တို့အစား ဒီယေဂို ကော်စတာနဲ့ ဂျာအို ဂိုမက်စ်တို့ကို ထပ်လဲခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ ချေပဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက နောက်ခံလူ ဘွေနို ထိုးဖောက်လာပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ထရာအိုရေးက ပိတ်သွင်းဖို့ ကြိုးစားခဲ့တဲ့ ဘောလုံးက ရှုပ်ယှက်ခတ်ပြီး ပြန်ထွက်လာတုန်းမှာ ဒူးချောင်နေပုံရတဲ့ စိန့်နောက်ခံလူ ဘက်ဒ်နာရက်ခ်က ကယိုင်ကတိုင်နဲ့ လဲမလို ပြိုမလို အနေအထားကနေ ဘောလုံးကို ဂိုးထဲ တိုက်သွင်းလိုက်လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ဆောက်သမ်တန်တို့ဘက်က ပေရို၊ အိုနူအာချူ၊ အယ်လ်ကာရက်ဇ်နဲ့ ဘရီးတို့အစား လီယန်ကို၊ ရှေအက်ဒမ်စ်၊ အရီဘိုနဲ့ အီဒိုဇီတို့ကို လူစားလဲသွားခဲ့ပြီး ဝုလ်ဗ်စ်တို့ကတော့ အဝါထိထားတဲ့ နောက်ခံလူ ဆီမီဒိုအား ဂျွန်နီ အော့တိုကို လဲပြီး ထိန်းကစားဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၈၇ မိနစ်မှာတော့ ဝုလ်ဗ်စ်တို့ပဲ တစ်ယောက်လျော့ အနေအထားကနေ အနိုင်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆောက်သမ်တန် ကွင်းလယ်မှာ ဆူလေမာနာနဲ့ မိတ်လန်း-နိုင်းလ်စ်တို့ နှစ်ယောက် ဝင်ဆောင့်မိပြီး လွတ်ထွက်လာတဲ့‌ ဘောလုံးကို ဂျာအို ဂိုမက်စ်က ဧရိယာအစပ်က ကန်သွင်းရာမှာ ဘက်ဒ်နာရက်ခ် ပိတ်ဆို့နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတာကို နောက်တစ်ကြိမ် ကန်ရာမှာတော့ ဂိုးပိုက်နဲ့ မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝုလ်ဗာဟမ့်ပ်တန်တို့က ဆောက်သမ်တန်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး သူတို့အပေါ် ရန်လိုခဲ့တဲ့ ဒိုင်လူကြီးကိုပါ နိုင်ပွဲနဲ့အတူ လီမီနာကိုယ်စား လှောင်ပြောင်သွားနိုင်ခဲ့ကြသလို ဝံပုလွေအနေနဲ့ တန်းဆင်းဇုန်က ရုန်းထွက်ပြီး အဆင့် ၁၅ အထိ ရောက်လာခဲ့ချိန်မှာ ကြမ်းကပ်စိန့်တို့ကတော့ ဒီရာသီ ၁၅ ပွဲမြောက် ရှုံးပွဲနဲ့အတူ ၁၅ မှတ်သာ ရရှိသေးပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Post a Comment

Previous Post Next Post