ဘန်ဝှိုက်နဲ့ ဆိတ်ကတုံး VAR ကြောင့် နစ်နာခဲ့ရတဲ့ အာဆင်နယ် 1-1 ဘရန့်ဖို့ဒ်ပွဲက ပြောစရာများ

ဘန်ဝှိုက်ယုံ စုံလုံးကန်းတဲ့ အာဆင်နယ်
အင်္ဂလန်က ရန်ဖြစ်ပြီး ပြန်လာတဲ့ နောက်ခံလူကို မန်ယူနဲ့ပွဲမှာ ရက်ရှ်ဖို့က အနိုင်ကျင့်လွှတ်လိုက်လို့ ၄၅ မိနစ်နဲ့ တွင်းအောင်းသွားခဲ့ရသလို နောက်ပိုင်း ပွဲစဉ်တွေမှာလည်း သူ့ရဲ့ ခြေစွမ်းက ကလေးအဆင့်ကို ကျဆင်းသွားခဲ့တာပါ။ ဘန်ဝှိုက်အနေနဲ့ ရာသီအစမှ လျင်မြန်မှု၊ အကွက်မြင်မှု၊ မာကျောမှု တစ်ခုမှ မရှိတော့ဘဲ တိုက်စစ်ရော ခံစစ်မှာပါ စုတ်ပြတ်နေခဲ့သလို သူ့ကို ကူကစားပေးနေရတဲ့ ဆာလီဘာကပါ ရုန်းကန်ခဲ့ရပြီး တစ်ဖက်ကစားသမားတွေ လုပ်ချင်တိုင်းလုပ်နေခဲ့တဲ့ ဘယ်တောင်ပံက အာဆင်နယ်တို့ကို ပထမပိုင်းမှာတင် နှစ်ဂိုးလောက် ပေးခဲ့ရနိုင်တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း သူ့ကို လူစားလဲဖို့ အာဆင်နယ်ပရိသတ်တွေက မျှော်လင့်ခဲ့ကြပေမယ့် နည်းပြ အာတီတာကတော့ ပွဲအစအဆုံး သုံးစွဲသွားခဲ့ပြီး ပေးလိုက်ရတဲ့ ဂိုးက သူ့ညာခြမ်းမှာပဲ ဖြစ်နေသလို အဆုံးသတ်ရလဒ်ကတော့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ခြင်းပဲ ဖြစ်ခဲ့ရတာပါ။

Nice Kick About Boys ပဲလား
အာဆင်နယ်ခံစစ်ကတော့ ဒီနေ့မှာ အိုင်ဗန် တိုနီအဖို့ အရူးလုပ်လို့ လွယ်လွန်းနေခဲ့ပါတယ်။ Jumping ကောင်းလွန်းလှတဲ့ အင်္ဂလန်သားဟာ ဒီနေ့မှာ ဂါဘရီယယ်လ်ကိုရော ဆာလီဘာကိုပါ ကောင်းကောင်း ဒုက္ခပေးသွားခဲ့ပြီး သူ့ကို ထိန်းဖို့ တာဝန်ကျတဲ့ ပြင်သစ်လူငယ်ကိုတော့ အနေအထား အမျိုးမျိုးကနေ ပြစ်ဒဏ်ဘောဖြစ်အောင်လုပ်ပြီး သူချည်း အသာစီး တောင်းစားသွားခဲ့တာပါ။ အမှန်တကယ် လေထဲမှာ ကြမ်းပေးမယ့် ဗန်ဒိုက်လို လူမျိုးနဲ့ တွေ့မှသာ ထိန်းချုပ်နိုင်မယ့် တိုနီကို လက်နဲ့ကာဖို့ ကြိုးစားတိုင်း ဖောင်းဖြစ်နေခဲ့ပြီး ဘရန့်ဖို့ဒ်တို့ရဲ့ သွင်းဂိုးကလည်း ဘာမှ မဟုတ်တဲ့ အနေအထားကနေ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး ကလေးတွေ မကာကွယ်နိုင်လို့ ဂိုးဖြစ်သွားခဲ့ပါတယ်။

ဗျူဟာပြောင်းဖို့ အဆင်သင့် မရှိတဲ့ အာတီတာ
တစ်ခါလာလည်း လူစာရင်းကို မိတ္တူဆွဲယူလာတာလားလို့ ပရိသတ်တွေ မေးကုန်ကြပါပြီ။ ဒါပေမယ့် အာတီတာရဲ့ လူစာရင်းကတော့ မပြောင်းမလဲပါပဲ။ ဒီလိုနဲ့ ပြိုင်ဘက်တွေက အာဆင်နယ် ဘာလုပ်တတ်တယ်ဆိုတာ သိလာပြီး ဆာကာနဲ့ မာတီနယ်လီကို တောင်ပံမှာ နှစ်ယောက်ပိတ်ပြီး တစ်ယောက်က နောက်ကနေ ထောက်ထားလိုက်တော့ စမုံတုန်းကုန်ကြပါတယ်။ ဒီအချိန်မှာ သူတို့ကို Wing Back တွေနဲ့ ကူရမယ့်အစား Inverted Full Back တွေနဲ့ အလယ်က လိုက်ထောက်ပေးထားနေတာက ငိုအားထက် ရယ်အားသန်စေပြီး ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့အစား တီယာနီနဲ့ တိုမီယာစုတို့ကို ထည့်ရမှာဖြစ်ပေမယ့် အာတီတာကတော့ မဟုတ်တဲ့ တိုက်ရိုက်လူစားလဲမှုတွေကိုပဲ လုပ်ပြီး နိုင်ပွဲနဲ့ မထိုက်တန်ခဲ့ဘူးလို့ပဲ ဆိုရမှာပါ။

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ VAR
အာဆင်နယ်တို့ရဲ့ ချန်ပီယံ ခရီးလမ်းကို တားဆီးဖို့အတွက် ပရီးမီးယားလိဂ်နဲ့ VAR ရဲ့ လုပ်ကြံသွားမှုကလေးကတော့ လှပခဲ့သလို မြန်မာတွေရဲ့ ဥပမာအရတော့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းသွားခဲ့တာလို့ပဲ ဆိုရမှာပါ။ VAR နဲ့ ဂိုးအတွက် အတည်ပြုဖို့ သမာသမတ်ကျကြောင်း သက်သေထူ ရုပ်ပြစားဖို့အတွက် ဘာမှ မဆိုင်တဲ့ ပင်းနော့ခ် လူကျွံသလားဆိုတာ ရှုထောင့်အမျိုးမျိုးက ပြုလုပ်ခဲ့ပေမယ့် တိုနီ ခေါင်းတိုက်မသွင်းခင် နောက်ဆုံးပေးပို့မှုကို ပြုလုပ်ခဲ့တဲ့ နော်ဂါ့ဒ် လူကျွံနေတာကိုတော့ အကွက်ရွှေ့ပြီး ဖျောက်ထားခဲ့တာက တကယ်တမ်းမှာတော့ ဥပမာ ပေးတဲ့ စကားပုံထက်တောင်မှ ပိုပြီး ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်သွားခဲ့တာဖြစ်ပါတယ်။

မပျော်နိုင်ခဲ့တဲ့ ဂိုးသွင်းရှင် ထရော့ဆတ်
ထရော့ဆတ်အနေနဲ့ ဒီနေ့ပွဲရဲ့ ပွဲချိန် ၆၂ မိနစ်မှာ မာတီနယ်လီအစား လူစားဝင်လာခဲ့ပြီး ၄ မိနစ်အကြာမှာပဲ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို သူ့သားမှာထားတဲ့အတိုင်း မှန်ပြောင်းပုံစံ မျက်စိရှေ့မှာလုပ်ပြီး အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ်တို့ ဒီနေ့ပွဲမှာ ရခဲ့တဲ့ တစ်ခုတည်းသော Clear Cut Chance ဖြစ်ပြီး ဆာကာရဲ့ ဖန်တီးမှုကို လာဘ်မြင်မြင်နဲ့ အဆုံးသတ် ကန်သွင်းသွားနိုင်ခဲ့တာပါ။ သူ့ရဲ့ ဦးဆောင်ဂိုးကတော့ ၈ မိနစ်သာ ခံလိုက်ပြီး အာဆင်နယ်တို့အနေနဲ့ စိတ်ပျက်စရာ ခံစစ်အမှားကနေ ဂိုးပြန်ပေးခဲ့ရသလို VAR မှားခဲ့တယ်ဆိုပေမယ့် မမှားခင်ကတည်းက သူတို့တွေအနေနဲ့ ရှင်းထုတ်နိုင်သင့်ခဲ့ချိန်မှာ ဘယ်လ်ဂျီယမ်သားရဲ့ အပျော်လေး ပျောက်ဆုံးသွားခဲ့ရပါတယ်။

တစ်ခါပုတ် တစ်ခါပေး ရမ်းစ်ဒေးလ်
ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းကတော့ ၂၀၂၃ ထဲမှာ တော်တော်လေး ကျဆင်းလာခဲ့တာဖြစ်ပါတယ်။ ဆုံးဖြတ်ချက်တွေမှာ လွဲချော်နေသလို ဘောလုံးဖမ်းယူမှုအပိုင်းတွေမှာလည်း ကျားကုတ်ကျားခဲ ကြိုးစားရမယ့်အစား ဒီလောက်ဆိုရင်တော့ ငါလဲ မတတ်နိုင်ဘူး၊ တာဝန်ကျေနေပြီလေဆိုတဲ့ ပုံစံနဲ့ တချို့ဂိုးတွေကို ပေးခဲ့ရပြီး အာဆင်နယ်ပရိသတ်တွေအနေနဲ့တော့ ဘာမဆိုင် ညာမဆိုင် အမုန်းဆုံးအသင်းက ဂိုးသမား ဒဟေးယားနဲ့တောင် နှိုင်းယှဉ်ပြီး ရင်နာနေကြမှာပါ။ မန်ယူနဲ့ပွဲမှာလည်း ပုရွက်ဆိတ်သာသာ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်အတွက် ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ခေါင်းတိုက်သွင်းဖို့ လှလှပပ ပုတ်ချပေးခဲ့သလို ဒီနေ့မှာလည်း မျက်စိစုံမှိတ်ပြီး နော်ဂါ့ဒ်ရှေ့ကို ဘောလုံးမထိအောင် ထွက်ပုတ်ပုံက စိတ်ကုန်စရာဖြစ်ခဲ့ရပါတယ်။

အပြစ်ပေးသင့် ပေးရဲရမယ့် အာတီတာ
လီဗာပူးလ်နဲ့ အိမ်ကွင်းနိုင်ပွဲနောက်ပိုင်းမှာ အာဆင်နယ်တို့ ခြေစွမ်းကျဆင်းပြီး လိဒ်စ်ကို အသည်းအသန်ကန်၊ ဆောက်သမ်တန်ကို သရေကျသွားခဲ့တာ မှတ်မိကြဦးမှာပါ။ အဲ့ဒီတုန်းက တိုမီယာစုကို အံမဝင်တဲ့ ဘယ်နောက်ခံနေရာမှာ ညံ့မှန်းသိသိကြီးနဲ့ အသုံးပြုခဲ့လို့ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ညံ့နေတဲ့ ဘန်ဝှိုက်ကို သိသိကြီးနဲ့ သုံးပြီး ဂျပန်သားကို မထည့်ရဲတဲ့ နောက်ထပ် အမှားကို အာတီတာက ကျူးလွန်နေပြီး ပွဲထွက်နေရာက ထုတ်ပယ်ဖို့ကို လက်တွန့်နေခဲ့တာဖြစ်ပါတယ်။ ဒီအတိုင်းပဲ လက်စွမ်းကျဆင်းနေတဲ့ ရမ်းစ်ဒေးလ်ကို ခေါက်ထားပြီး မန်စီးတီးနဲ့ပွဲမှာ တည်တည်ငြိမ်ငြိမ် လက်စွမ်းပြခဲ့တဲ့ မတ်တာနာကို နေရာပေးဖို့လည်း နှောင့်နှေးဦးမယ်လို့ ထင်မြင်ရပြီး စွမ်းဆောင်ရည်အရ ပွဲထွက်ခွင့်ကို ပြောင်းလဲတတ်ဖို့ စပိန်သား နည်းပြတစ်ယောက် လိုအပ်ချက် ကြီးကြီးမားမား ရှိနေသေးတာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post