အတ္တလန္တိတ်သမုဒ္ဒရာထဲ ထိုးဆင်းခဲ့ရတဲ့ လေယာဉ်ပေါ်မှ လူအားလုံးကို ကယ်တင်နိုင်ခဲ့

အင်ဂျင်နှစ်လုံးစလုံး ရပ်တန့်သွားပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲ အရေးပေါ်ထိုးဆင်းခဲ့ရတဲ့ လေယာဉ်ပေါ်မှ လူ ၁၁ ဦးလုံးကို ကယ်တင်နိုင်ခဲ့ပြီး ဒီဖြစ်ရပ်မှာ လေယာဉ်မှူး အီယန်နစ်ဆန်ရဲ့ သတ္တိနဲ့ ကျွမ်းကျင်မှုကို ချီးကျူးဂုဏ်ပြုလျက် ရှိပါတယ်။

အင်ဂျင်နှစ်လုံးတပ် Beechcraft King Air 300 လေယာဉ်ငယ်ဟာ ဘဟားမားစ်ကျွန်းစုထဲမှာရှိတဲ့ Marsh Harbour ကနေ Freeport မြို့ကို ဦးတည်ပျံသန်းခဲ့တာဖြစ်ပြီး ဒီခရီးစဉ်က မိနစ် ၂၀ သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အင်ဂျင်နှစ်လုံးစလုံး ရပ်တန့်သွားသလို အချက်ပြစနစ် (Radios) နဲ့ လမ်းညွှန်မြေပုံစနစ် (Navigation) တွေပါ အကုန်လုံး ပြတ်တောက်သွားခဲ့တာကြောင့် လေဟုန်စီးရင်း တတ်နိုင်သမျှ ဝေးဝေးပျံသန်းခဲ့ရကာ ဖလော်ရီဒါကမ်းခြေ အရှေ့ဘက် ရေမိုင် ၅၀ ခန့်အကွာမှာရှိတဲ့ ရေပြင်ပေါ်ကို ဆင်းသက်ခဲ့ရတာပါ။

အသက် ၄၃ နှစ်အရွယ်ရှိတဲ့ လေယာဉ်မှူး အီယန်နစ်ဆန်အတွက်တော့ ပျံသန်းမှုသက်တမ်း ၂၅ နှစ်ကျော်အတွင်း မကြုံစဖူး အခြေအနေပါပဲ။ သူဟာ မိုင်ယာမီ ရေဒီယိုဌာနနဲ့ ဘဟားမားစ်နိုင်ငံ ဖရီးပို့တ် (Freeport) မြို့တွေကို အရေးပေါ် ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် စနစ်တွေ ချို့ယွင်းနေတာကြောင့် တစ်ဖက်က ကြားလား၊ မကြားလားဆိုတာကို မသိခဲ့ရပါဘူး။

လေယာဉ်ပျက်ကျချိန်မှာ အလိုအလျောက် ပွင့်သွားတဲ့ အရေးပေါ် တည်နေရာပြ အချက်ပြစနစ် (Emergency Beacon) ကြောင့် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က သူတို့ရှိနိုင်မယ့် နေရာကို သိရှိခဲ့တာဖြစ်ပါတယ်။

အသက်ကယ်ဖောင်ပေါ်မှာ နာရီပေါင်းများစွာ မျောပါနေချိန် မုန်တိုင်းကလည်း ထန်နေတာကြောင့် အားလုံး စိတ်ဓာတ်ကျနေချိန် လေယာဉ်မှူး နစ်ဆင်က “နောက်ထပ် ၁၀ မိနစ်နေရင် လေယာဉ်တစ်စင်း လာလိမ့်မယ်” လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောပြီး မကြာခင်မှာပဲ အမေရိကန် လေတပ်လေယာဉ်က သူတို့ကို တွေ့ရှိသွားခဲ့တာပါ။

မိုးသက်မုန်တိုင်းတွေကြားထဲကနေ ရဟတ်ယာဉ်ဟာ ရေပြင်အထက်မှာ ငြိမ်သက်စွာ ပျံသန်းပြီး လူနာတွေကို ကြိုးပုခက်နဲ့ တစ်ယောက်ချင်းစီ ဆွဲတင်ခဲ့ရတာပါ။ ဒီဖြစ်ရပ်မှာ လေယာဉ်မှူး နစ်ဆန်နဲ့ ခရီးသည် ၁၀ ဦးလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး အမေရိကန်လေတပ်ကတော့ “အံ့ဖွယ်ဆင်းသက်မှု” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Ref: Hero pilot recounts crash landing, rescue in Atlantic Ocean: “My first thought was, ‘We didn’t die'”

NZ (ရိုးရာလေး) 

The post အတ္တလန္တိတ်သမုဒ္ဒရာထဲ ထိုးဆင်းခဲ့ရတဲ့ လေယာဉ်ပေါ်မှ လူအားလုံးကို ကယ်တင်နိုင်ခဲ့ appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post