မင်းတို့ မန်ယူက ကောင်တွေကလဲလို့ စိတ်ပျက်ပျက်နဲ့ ညည်းရဖို့ ဖြစ်ရပြန်တဲ့ အန်တိုနီ

မေဆန် ဂရင်းဝုဒ်တစ်ယောက် သူ့အတူနေ ချစ်သူကို ရိုက်နှက်ပြီးမှ ပြန်ချော့နိုင်ခဲ့လို့ တရားရုံးမှာ တရားလိုနဲ့ သက်သေတွေ မရှိတော့ဘဲ ထောင်ကျရမယ့်အဖြစ်ကနေ ရှောင်လွှဲနိုင်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ရအပြီးမှာ သူ့လိုပဲ ဘရာဇီးလ်စတား အန်တိုနီအနေနဲ့ ချစ်သူဟောင်းရဲ့ ရဲတိုင်ပြီး စွဲချက်တင်မှုကို ရင်ဆိုင်နေရပြန်ပြီဖြစ်ပါတယ်။

တူညီတဲ့ အချက်ကတော့ သူတို့နှစ်ဦးစလုံးဟာ မန်ယူတို့ရဲ့ ညာတောင်ပံမှာ ကစားတဲ့ ဘယ်သန်တွေ ဖြစ်ကြပြီး အသက်အရွယ်အားဖြင့်လည်း ၂၀ ကျော်သာ ရှိကြသေးသလို အန်တိုနီအနေနဲ့ လူငယ်သဘာဝ ဘာတွေ ဖြစ်ထားခဲ့ကြသလဲဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဘရာဇီးလ်နိုင်ငံမှာ အမှုဖွင့်ခံခဲ့ရပြီး ဒီတစ်ပတ် ကစားမယ့် လက်ရွေးစင်အသင်း လူစာရင်းကနေလည်း စစ်ဆေးမှုတွေကြောင့် နုတ်ထွက်ခဲ့ရတာပါ။

ဂါဘရီယယ်လာ ကာဗာလင်လို့ အမည်ရတဲ့ အသက် ၂၃ နှစ်အရွယ် ဒီဂျေနဲ့ ဆယ်လီအမျိုးသမီးဟာ ၂၀၂၂-၂၃ ရာသီအထိ အန်တိုနီနဲ့ အတူနေခဲ့သူဖြစ်ပြီး အိုင်းယက်စ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ရာမှာလည်း လိုက်ပါခဲ့သလို အဲ့ဒီဒေသမှာပဲ ဆိုးဆိုးရွားရွား ထိခိုက်နာကျင်အောင် ရိုက်နှက်ခံခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားထားတယ်လို့ ဂရိတ်တား မန်ချက်စတာရဲတပ်ဖွဲ့ကလည်း အတည်ပြုသွားခဲ့ပါတယ်။

ကာဗာလင်အနေနဲ့ အန်တိုနီဆီက ဖန်ခွက်နဲ့ အပေါက်ခံခဲ့ရလို့ လက်ချောင်းကို ကွဲအက်ပြီး အတွင်းက အရိုးပေါ်တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ ဆိုခဲ့သလို သူ့ကို ရိုက်နှက်မှုတွေက ဆီလီကွန်ရင်သားကို ရွဲ့စောင်းသွားစေခဲ့ပြီး ပြန်လည်ခွဲစိတ်ကုသရတဲ့အထိဖြစ်စေခဲ့သလို ပိုမိုဆိုးရွားတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်မှုတွေကို ကြုံခဲ့ရကြောင်းလည်း ထုတ်ဖော်သွားခဲ့တာပါ။

အဲ့ဒါကတော့ ကိုယ်ဝန်ရှိနေတဲ့ ကာဗာလင်ကို အရှိန်နဲ့ မောင်းနေတဲ့ ကားပေါ်ကနေ တွန်းချပြီး မင်းရော မင်းကလေးပါ သတ်ပစ်မယ်လို့ အန်တိုနီက ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ နှလုံးရပ်လုမတတ် ထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်လို့ ပြန်ပြောင်းပြောပြခဲ့သလို ဒီနောက်ဆက်တွဲအနေနဲ့ ဗိုက်ထဲက ကလေးကိုတော့ ၁၆ ပတ်အရွယ်မှာ ပျက်ကျပြီး ဆုံးရှုံးခဲ့ရတယ်လို့လည်း ဆေးရုံမှတ်တမ်းတွေအရ သိရပါတယ်။

ဘရာဇီးလ်သတင်းဌာန UOL ရဲ့ ရေးသားမှုအရတော့ ဒီလိုအဖြစ်အပျက်တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အန်တိုနီအနေနဲ့ ကာဗာလင်ကို အိမ်တွင်းကနေ ဒဏ်ရာတွေနဲ့ ထွက်မပြေးနိုင်အောင် သူ့ရဲ့ တန်ဖိုးရှိ ပစ္စည်းတွေနဲ့ ပတ်စ်ပို့ကိုလည်း လုယူသိမ်းဆည်းထားခဲ့တယ်လို့ ဆိုခဲ့ပြီး နောက်ဆုံးနှိပ်စက်ခံခဲ့ရတဲ့ မေလ ၈ ရက်နေ့ကတော့ လက်ချောင်းမှာ အရိုးကွဲခဲ့တာလို့ ဆိုပါတယ်။

ကာဗာလင်အနေနဲ့ ဇွန်လအတွင်းမှာ အန်တိုနီနဲ့ လမ်းခွဲခဲ့ပြီး ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့မှာ အမှုဖွင့်ခဲ့သလို အင်္ဂလန်နိုင်ငံက ဂရိတ်တား မန်ချက်စတာရဲတပ်ဖွဲ့ကိုလည်း တိုင်ကြားခဲ့တယ်လို့ UOL က ထုတ်ဖော်ထားခဲ့ပြီး အန်တိုနီနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေဘက်ကတော့ အကြမ်းဖက်မှု တိုင်ချက်တွေနဲ့ ပတ်သက်လို့ ငြင်းဆိုထားသလို နောက်ဆုံးမှာ သူ့အနေနဲ့ အပြစ်မရှိကြောင်း ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ပြန်သွားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရချိန်မှာ အကယ်ဒမီထွက် တစ်ပြားမှ မပေးရတဲ့ ဂရင်းဝုဒ်လို ပေါင် ၈၅ သန်း (ယူရိုသန်း ၁၀၀)တန် အန်တိုနီကို အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် ပြတ်ပြတ်သားသား ကိုင်တွယ်မှာလားဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပြီး ဘောလုံးပရိသတ်တွေကတော့ မင်းတို့ကောင်တွေပဲ ဖြစ်လည်းဖြစ်တတ်တယ်လို့ မှတ်ချက်ချစရာ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post မင်းတို့ မန်ယူက ကောင်တွေကလဲလို့ စိတ်ပျက်ပျက်နဲ့ ညည်းရဖို့ ဖြစ်ရပြန်တဲ့ အန်တိုနီ first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post