အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာလည်း ဘယ်လိုမှ အဆင်မပြေတဲ့ လူစာရင်းကိုပဲ ထုတ်သုံးခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ပါတေး၊ ဝှိုက်၊ ဆာလီဘာနဲ့ တိုမီယာစုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂျွန်စတုန်း၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ဝါ့ဒ်နဲ့ မစ်ချဲလ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ လားမား၊ အီဇီ၊ ရှလု(ပ်)နဲ့ ဂျော်ဒန် အာယူးတို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အေဒူယာတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
အာတီတာရဲ့ ဂါဘရီယယ်လ် ပါမလာတဲ့ စိတ်ကုန်စရာ စောက်ဆန်းကစားကွက်ကြီးကို စမ်းသပ်မှုက ပရိသတ်တွေ ဒေါသထွက်စရာဖြစ်ခဲ့သလို ညာနောက်ခံနဲ့ ဘယ်လိုမှ အံမဝင်တဲ့ ပါတေး၊ ချန်ပီယံရှစ်လောက်မှာ ကစားသင့်တဲ့ တိုမီယာစုနဲ့ အသင်းတိုက်စစ်သမားတွေကို စိတ်ဝမ်းကွဲစေနိုင်တဲ့ နကီးတီးယားတို့ကတော့ ဒီနေ့ပွဲရဲ့ ပြစ်တင်စရာတွေ ဖြစ်ခဲ့ပါတယ်။
ပဲလေ့စ်တို့ ဘာမှ မလုပ်နိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဉာဏ်ရည်မမီတဲ့ နကီးတီးယားကို ထရော့ဆတ်ရှေ့မှာ သုံးနေတာက ဘယ်လိုမှ အဆင်မပြေသလို အခွင့်အရေးတွေကို ဖြုန်းတီး၊ တိုက်စစ်လမ်းကြောင်းတွေကို ပိတ်ထားခဲ့ချိန်မှာ ဟာဗတ်ဇ်က ဘောလုံးမရ၊ မာတီနယ်လီက ပေးရမယ့်လူ မရှိဘဲဖြစ်နေခဲ့သလို အာဆင်နယ်တို့အနေနဲ့ ဂိုးပေါက်ကိုတောင် ဘယ်လိုကန်ရမှန်းမသိဘဲ ဖြစ်နေခဲ့တာပါ။
အော်ဒီဂွါဒ်ရဲ့ အဝေးကန်ချက်တစ်ကြိမ်ကို ဂိုးသမား ဂျွန်စတုန်း ပုတ်ထုတ်သွားခဲ့သလို နကီးတီးယားကတော့ ဂိုးဖြစ်နိုင်တဲ့ အပိုင်အခွင့်အရေး နှစ်ကြိမ်ကို လွဲချော်ခဲ့ပြီး ဆာကာကတော့ သူ့ကို ကူမယ့် ညာနောက်ခံလူ မရှိတာကြောင့် ပဲလေ့စ်ဘယ်ခြမ်းထဲမှာ ပိတ်မိနေခဲ့ပြီး ပထမပိုင်းကတော့ ဂိုးမရှိ သရေကျနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ထရော့ဆတ်ကို မြင်ရမလား မျှော်လင့်နေတဲ့ အာဆင်နယ်ဖန်တွေ ပက်လက်လန်ခဲ့ရပြီး နကီးတီးယားကိုပဲ မမုန်းနိုင် မပစ်နိုင် ဆက်သုံးခဲ့သလို ပွဲက ကြည့်ရင်းနဲ့ အိပ်ချင်စရာကောင်းလောက်အောင် ဂိုးမဖြစ်ဖို့ စိတ်ချနေခဲ့ရချိန်မှာ လူမစွမ်းတော့ နတ်မသလိုဘဲ ဘယ်လိုမှ ထင်မထားတဲ့ အနေအထားကနေ ဂိုးရဖို့ ဖြစ်လာခဲ့တာပါ။
ပွဲချိန် ၅၃ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဖရီးကစ်ကို မာတီနယ်လီက အမြန်ကန်ပေးရာမှာ တစ်ပွဲလုံး တုံးအနေတာကနေ လူ့ပြည်က အပ်တစ်စင်းနဲ့ ဗြဟ္မာ့ပြည်က အပ်တစ်စင်းထိမိသလို ပါးနပ်သွားခဲ့တဲ့ နကီးတီးယားက ပင်နယ်တီရှာနိုင်ခဲ့လို့ ဒီအခွင့်အရေးကို ကန်လည်း ဝင်မယ့်ရုပ် မရှိတဲ့ ဆာကာအစား အော်ဒီဂွါဒ်က ပြောင်းလဲကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲချိန်မိနစ် ၆၀ မှာ တစ်ချိန်လုံး တုံးအနေတဲ့ ရုပ်နဲ့ တိုမီယာစု လက်ပစ်ဘောကို အချိန်ဆွဲလို့ အဝါထိခဲ့ပြီး ၆၇ မိနစ်မှာတော့ အာဆင်နယ်ဆိုရင် ရိုက်ချချင်နေတဲ့ ဒိုင်လူကြီး ဒေးဗစ် ကူးထ်ရဲ့ ခွင်ထဲ ဝင်တိုးတဲ့ ဂျပန်သားက ပဲလေ့စ်ကစားသမား ဂျော်ဒန် အာယူးကို နောက်က တွန်းသလိုဖြစ်ခဲ့တာကြောင့် ဒုတိယ အဝါကတ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် ၁၀ ယောက်နဲ့ ကစားခဲ့ရတာပါ။
နောက်တန်းမှာ လူလျော့သွားလို့ ဂါဘရီယယ်လ်နဲ့ အစားထိုးဖို့ လုပ်ချိန်မှာ အသုံးမကျတဲ့ နကီးတီးယားအစား မာတီနယ်လီကို ထုတ်ခဲ့လို့ ဘရာဇီးလ်သား ပေါက်ကွဲခဲ့ရပြီး ၁၀ ယောက်နဲ့ ခံစစ်ကစားချိန်မှာတော့ ဘောလုံးပြန်ရရင်တောင် ရှေ့ကို ကန်တင်လို့ မရတဲ့အထိ အာဆင်နယ်ကစားကွက်က ပျက်စီးနေခဲ့ပြီး ပဲလေ့စ်တို့က တစ်ဖက်သတ် ဖိကစားနေခဲ့ပါတယ်။
ဒီနောက်မှာတော့ နကီးတီးယားအစား ဂျော်ဂျင်ညို၊ ဆာကာအစား ဇင်ချန်ကိုနဲ့ အော်ဒီဂွါဒ်အစား ကီဗီယာတို့ကို ထပ်လဲခဲ့တော့မှပဲ ခံစစ် Shape နဲ့ ကွင်းလယ်တည်ငြိမ်မှုက အဆင်ပြေသွားခဲ့သလို ပဲလေ့စ်တို့ကတော့ ရွိုင်းဟော့ဆန်အတွက် ဒီထက်ပိုပြီး လူလဲစရာမရှိတော့တဲ့ ရှေ့တန်းနဲ့ ဂိုးရနိုးနိုး တိုက်ပွဲဝင်ရင်း နာကျင်အချိန်ပို ၇ မိနစ် ကန်အပြီးမှာတော့ ပွဲပြီးဆုံးခဲ့တာပါ။
အာဆင်နယ်တို့အတွက်တော့ ဒီနေ့ပွဲက ၁၅ လအတွင်းမှာ ပထမဆုံး ၁၀ ယောက်နဲ့ ကစားရတဲ့ပွဲလည်းဖြစ်ခဲ့ပြီး သုံးမှတ်ကိုတော့ ပဲလေ့စ်တို့ရဲ့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ ရင်တမမနဲ့ ရယူသွားခဲ့အပြီးမှာတော့ ၂ ပွဲကစား ၆ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်ခဲ့တဲ့နောက် နည်းပြ အာတီတာရဲ့ ပရိသတ်တွေကို စော်ကားသလိုဖြစ်နေတဲ့ ကစားကွက်စမ်းမှုက အမြန်ဆုံး ရပ်တန့်နိုင်ပါစေလို့ပဲ ဆုတောင်းပေးလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ပဲလေ့စ်ကွင်းက စိတ်ကုန်စရာ နိုင်ပွဲနဲ့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့တဲ့ အာဆင်နယ် first appeared on Sports A2Z.
Your new digest 50
Post a Comment