ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ အာဂွါဒ်၊ ဇူးမား၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို အသုံးပြုပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ လူသစ် ဝါ့ဒ်-ပရောက်စ်၊ ပါကေးတာ၊ ဘိုဝင်နဲ့ ဘင်ရာမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီယို တစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဂါလာဂါ၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဂူစတိုနဲ့ ချေးလ်ဝဲလ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ စတာလင်၊ ချူကွယ်မီကာနဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။
ကိုင်စီဒိုနဲ့ လာဗီယာကို ခေါ်ပြီးတော့ မသုံးဘဲနဲ့ ၃-၄-၃ လိုလို ၃-၅-၁-၁ လိုလို လုပ်တဲ့ ပိုချက်တီနိုရဲ့ အတွေးအခေါ်ကတော့ ချဲလ်ဆီးပရိသတ်တွေ ဟင်ခနဲ ဖြစ်ခဲ့ရပြီး အသင်းကြီးတစ်သင်းရဲ့ သတ္တိနဲ့ ယုံကြည်မှုမျိုး ရှိမနေတာကို တွေ့ခဲ့ရသလို ဝက်စ်ဟမ်းကို ဖိကစားပြီး ဂိုးသွင်းမယ်ဆိုတာထက် ပွဲကို ထိန်းချုပ်ပြီး အမှားမရှိအောင် ကစားမယ်ဆိုတဲ့ ပုံစံကိုပဲ တွေ့ခဲ့ရချိန်မှာ ဒေးဗစ်မွိုက်စ်ကတော့ ပျော်ပျော်ကြီး ဘောလုံးပေးကိုင်သွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇ မိနစ်မှာ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး သူတို့ရဲ့ ညာခြမ်းမှာ ဒုတိယအကြိမ်မြောက် ရတဲ့ ထောင့်ကန်ဘောကနေ ဝါ့ဒ်-ပရောက်စ်ရဲ့ စပယ်ရှယ် ဒလီဗာရီနဲ့ ပို့ပေးတဲ့ ဘောလုံးကို နောက်ခံလူ အာဂွါဒ်က အဝေးတိုင်ဘက်ကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး သွင်းယူသွားနိုင်ခဲ့တာပါ။
ပိုချက်တီနိုအနေနဲ့ ရာသီကြိုက မူဒရစ်ခ်နဲ့တွဲပြီး ခြေစွမ်းပြခဲ့တာကိုမှ မထောက်ထားဘဲ ဂျက်ဆန်ကို တိုက်စစ်မှာ တစ်ယောက်တည်း အထီးကျန်နေစေခဲ့သလို ချဲလ်ဆီးတိုက်စစ်က စတာလင်ရဲ့ လျှောက်ပြေးမှုတွေကပဲ အဓိကဖြစ်နေခဲ့ပြီး ဒိုင်လူကြီး ဂျွန် ဘရွတ်ခ်စ်ကတော့ ၅၀-၅၀ အနေအထားတွေမှာ ချဲလ်ဆီးဘက်ကို အရေးသာစေမယ့် ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်နေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
ပွဲချိန် ၂၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ချေးလ်ဝဲလ်ရဲ့ အနိမ့်ဘော ဖြတ်တင်မှုကို ဇူးမား ရှင်းထုတ်ရာမှာ ပြန်ကျလာတဲ့ ဘောလုံးကို ဧရိယာထဲမှာ ရသွားခဲ့တဲ့ ချူကွယ်မီကာက တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဝက်စ်ဟမ်းခံစစ်တွေကြားကနေ ကန်သွင်းယူနိုင်ခဲ့လို့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။
ပွဲချိန် ၄၁ မိနစ်မှာတော့ စတာလင်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုကို ဧရိယာအစပ်မှာ ခြေချိတ်လှဲခဲ့မိတဲ့ ဆိုးချက်ခ်ကြောင့် ဒိုင်လူကြီး ဘရွတ်ခ်စ်က ပင်နယ်တီ ပေးခဲ့သလို VAR ကပါ အတည်ပြုခဲ့အပြီးမှာတော့ ဒီအခွင့်အရေးကို ကန်နေကျလူတွေ မရှိတော့တာကြောင့် တာဝန်ယူသူအသစ် ဖြစ်လာတဲ့ အန်ဇို ဖာနန်ဒက်ဇ်က ကန်သွင်းရာမှာ ဂိုးသမား အာရီယိုးလားက ပုတ်ထုတ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ ရင်ခံခဲ့ရပါတယ်။
ပထမပိုင်းမှာတော့ ချဲလ်ဆီးတို့တွေ အခွင့်အရေးတွေကို ထပ်မံအသုံးချနိုင်ခြင်း မရှိတာကြောင့် တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး အရန်ခုံမှာ တိုက်စစ်မှူး တစ်ဦးမှ ပါမလာချိန်မှာ ပိုချက်တီနိုအနေနဲ့ ဂျက်ဆန် အခြေအနေ မကောင်းရင်တောင် ဘာလုပ်ရမှန်း မသိနိုင်ချိန်မှာ ဒုတိယပိုင်း ပြန်အစမှာတော့ ဂိုးသွင်းရှင် ချူကွယ်မီကာအစား မူဒရစ်ခ်ကို ထည့်သွင်းလာခဲ့တာပါ။
ပွဲချိန် ၅၃ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ပဲ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ရှုပ်ယှက်ခတ်နေတဲ့ကြားက ဝါ့ဒ်-ပရောက်စ်က ရှေ့ကို လှမ်းခင်းပေးရာမှာ ဆယ်လီကို လက်ဆွဲနှုတ်ဆက်တဲ့ ပုံစံမျိုးလောက်နဲ့ အဖျက်ကစားနေတဲ့ ကောလ်ဝီလ်နဲ့ ဒီဆာဆီတို့ကြားကနေ အန်တိုနီယိုက ရုန်းထွက်ပြီး ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား လက်နဲ့ ရှပ်ထိပြီး ဝင်သွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၆၁ မိနစ်မှာတော့ ချဲလ်ဆီးတို့ဘက်က ချေးလ်ဝဲလ်အစား ကိုင်စီဒိုကို ထည့်သွင်းပြီး နားလည်ရခက်တဲ့ အပြောင်းအလဲကို ပိုချက်တီနိုက ပြုလုပ်သွားခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာတော့ ခပ်တုံးတုံးပုံစံနဲ့ မလိုအပ်ဘဲ ဂျက်ဆန်ကို ခြေချိတ်လှဲတဲ့ နောက်ခံလူ အာဂွါဒ် နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရလို့ ဝက်စ်ဟမ်းတို့ဘက်က ဘင်ရာမာအစား အော့ဘွန်နာကို ထည့်ပြီး တစ်ယောက်လျော့နဲ့ တောင့်ခံသွားခဲ့ရတာပါ။
ပွဲချိန် ၇၁ မိနစ်မှာ ပါကေးတာကို ရင်ဘတ်ကနေ တွန်းလှဲတဲ့ ဂါလာဂါကို ဘာကတ်မှ မပြခဲ့တာကတော့ ဘောလုံးပွဲကြည့် ပရိသတ်တွေအတွက် အံ့ဖွယ်သုတဖြစ်ခဲ့ရပြီး ချဲလ်ဆီးတို့ကတော့ သူ့အစား မာဒူးကီကို ထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ချိန်မှာ ဝက်စ်ဟမ်းတို့ကတော့ အန်တိုနီယိုနဲ့ ဝါ့ဒ်-ပရောက်စ်တို့အစား ဖော်နယ်လ်စ်နဲ့ လူသစ် အယ်လ်ဗာရက်ဇ်တို့ကို လဲပြီး ကွင်းလယ်ခိုင်အောင် ပြုပြင်သွားခဲ့ပါတယ်။
ဒီနောက်မှာတော့ ချဲလ်ဆီးတို့ဘက်က နောက်ခံလူ ဂူစတိုအစား ချာလ်တန်လို ပထမတန်းမှာတောင် ဂိုးမသွင်းတတ်တဲ့ လူငယ်တိုက်စစ်မှူး ဘားစတိုးကို ထည့်သွင်းခဲ့လို့ ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ရပြီး ဝက်စ်ဟမ်းတို့ကတော့ ဘောလုံးပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းနဲ့ ကောင်တာတွေကိုပဲ အားပြုခဲ့သလို ညာနောက်ခံ ပြောင်းကစားနေတဲ့ ကိုင်စီဒိုကတော့ တစ်ချက်အရောင်းမှာ ဖော်နယ်လ်စ် ကန်တာ ဂိုးမဖြစ်ခဲ့လို့ သက်သာသွားခဲ့တာပါ။
နာကျင်အချိန်ပို ၉၅ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်မှာ ရောင်းဖို့ ကြိုးစားနေတဲ့ ကိုင်စီဒိုက အီမာဆန်ကို ဘောလုံးမထိဘဲ ဧရိယာထဲမှာ ခြေထောက်ကို ဖျက်မိတာကနေ ရခဲ့တဲ့ ပင်နယ်တီကို ကွင်းလယ်လူ ပါကေးတာက စိတ်ရှည်လက်ရှည် အချိန်ယူပြီးမှာ ဂိုးသမား ဆန်ချက်ဇ်ကို အနိုင်ယူကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ပိုချက်တီနိုရဲ့ လုပ်ရဲကိုင်ရဲ မရှိတဲ့ အီလည်လည် ချဲလ်ဆီးတို့ကို မော်ရင်ညိုအသစ်ဖြစ်နေတဲ့ ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်းတို့က သုံးဂိုး-တစ်ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူသွားခဲ့ပြီး လန်ဒန်ဒါဘီမှာ အောင်ပွဲခံသွားခဲ့ကြသလို အမှတ်ပေးဇယားရဲ့ အဆင့် ၆ ဆီ တက်လှမ်းလာနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ချဲလ်ဆီးနဲ့ ပိုချက်ကို ဘောလုံးပေးကိုင်ပြီး နိုင်ပွဲယူသွားတဲ့ မွိုက်စ်ရဲ့ ဝက်စ်ဟမ်း first appeared on Sports A2Z.
Your new digest 50
Post a Comment