လှေနံဓားထစ် နယူးကာဆယ်လ်ကို ဖန်တီးမှုပြဿနာနဲ့ ကပ်ပြီး အနိုင်ယူခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်နဲ့ ဟားလန်းတို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ တိုနာလီ၊ ဘရူနို ဂီမာရိုင်းစ်နဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ကွင်းလယ်ဖန်တီးရှင် မရှိတဲ့ ဒဏ်ကို ခံနေရပြီး ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်တို့ ဖော်ပေးတဲ့ တိုက်စစ်လမ်းကြောင်းမျိုးနဲ့ အခင်းအကျင်းကို ဘယ်သူမှ မလုပ်တတ်သလို လက်ရှိကွင်းလယ်မှာက ဘောလုံးထိန်းဖို့ တစ်ခုတည်း လုပ်တတ်ကြတဲ့အထဲမှာ ညာတောင်ပံက မာရက်ဇ်လို နေရာလွတ်တွေ ရှာဖွေပေးမယ့်သူမျိုး မရှိတာကလည်း နယူးကာဆယ်လ်တို့ကို ထိုးဖောက်ဖို့ ခက်စေခဲ့ပါတယ်။

နယူးကာဆယ်လ်တို့ကတော့ တိုနာလီ ရောက်လာတဲ့ ကွင်းလယ်က တိုးတက်လာပေမယ့် ပေါင်ငါးသန်းတောင် မတန်တဲ့ ဂေါ်ဒန်ကို အဲဗာတန်ကနေ သန်း ၄၀ ပေးခေါ်ပြီး ဘယ်တောင်ပံ တစ်နေရာပေးထားတာက စိတ်ပျက်စရာဖြစ်သလို သူ့ရဲ့ ဉာဏ်ရည်မမီမှုက တိုက်စစ်တစ်ခြမ်းကို ရုန်းကန်စေခဲ့ရချိန်မှာ အက်ဒီဟောင်းအနေနဲ့ ဟာဗီဘန်းစ်ကို မသုံးဘဲ ဘယ်လောက်ကြာအောင် တောင့်ခံထားနိုင်မလဲ မေးစရာဖြစ်ခဲ့တာပါ။

ပွဲချိန် ၃၁ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ကိုဗာချစ်ချ်က လူကြားထဲက ထိုးပေးတာကို ဖိုဒန်က တောင်ပံကို ဆွဲထွက်ပြီး ဧရိယာထဲကို အနိမ့်ဘော ပြန်ချိုးပေးတဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က ဧရိယာအစပ်ကနေ ကန်သွင်းခဲ့ရာမှာ မိန်းမကို သတိရနေပုံပေါ်တဲ့ နစ်ခ် ပုပ်က အာရုံစူးစိုက်မှု မရှိဘဲ လန့်ပြီး ဖမ်းခဲ့လို့ ဂိုးမပေးသင့်ဘဲ ပေးခဲ့ရတာဖြစ်ပါတယ်။

မန်စီးတီးတို့ဘက်က ဟားလန်းအကြိုက် ဘောလုံးတွေ ချမကျွေးနိုင်သလို နယူးကာဆယ်လ်တို့ဘက်ကလည်း ကွင်းလယ်မှာ တိုနာလီ မလာခင်အထိ အကောင်း၊ ရောက်လာတော့မှပဲ ငါက စီနီယာ၊ ငါက ဆရာကြီးဆိုတာကို ပြချင်နေတဲ့ ဘရူနို ဂီမာရိုင်းစ်ကြောင့် ထင်သလောက် အလုပ်မဖြစ်ခဲ့ဘဲ ပထမပိုင်းမှာတော့ အိမ်ရှင်တွေကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း နယူးကာဆယ်လ်တို့ ဂေါ်ဒန်ကို အဝါထပ်ထိမှာစိုးလို့သာ ဘန်းစ်နဲ့ လဲလိုက်ပေမယ့် ဝင်လာတဲ့ ဆရာသမားကလည်း ဘာမှ မဟုတ်တာလေးနဲ့ အဝါဝယ်ခဲ့တာကြောင့် ပရိသတ်တွေ စိတ်ညစ်သွားခဲ့ရသလို ညာခြမ်းက အယ်လ်မီရွန်ကလည်း တိုင်မင်ကို နားမလည်ဘဲ လုပ်ချင်သလို လျှောက်လုပ်နေခဲ့တာကြောင့် ထရစ်ပီယာပါ ဘာလုပ်ရမှန်း မသိဘဲ မန်စီးတီးတို့ကတော့ အေးဆေးပဲဖြစ်သွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာ မန်စီးတီးတို့ကလည်း ဘာမှ မလုပ်တတ်ခဲ့ကြသလို နယူးကာဆယ်လ်တို့ကလည်း ဝီလ်ဆန်ကို ထည့်လိုက်မှာတောင် ပိုဆိုးသွားသေးတာကြောင့် ရလဒ်က ဘာမှ ပြောင်းဖို့ မရှိတော့ပဲ လှေနံဓားထစ် လူစားလဲမှုတွေနဲ့ အက်ဒီဟောင်းက ဂွါဒီယိုလာကို စိတ်ဒုက္ခပေးဖို့ မတတ်နိုင်ခဲ့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ရပါတယ်။

ဒီပွဲရလဒ်ကြောင့် မန်စီးတီးနဲ့ မတူသေးတဲ့ မန်စီးတီးတို့ နှစ်ပွဲကစား နှစ်ပွဲနိုင် ရဂိုးလေးဂိုး၊ ပေးဂိုးမရှိ၊ Clean Sheet နှစ်ပွဲနဲ့ ဇယားထိပ်ကို သိမ်းပိုက်လိုက်ပေမယ့် ဖန်တီးမှု ပြဿနာကိုတော့ လူသစ်ခေါ်ပြီး ဖြေရှင်းနိုင်မလားဆိုတာနဲ့ နယူးကာဆယ်လ်နဲ့ အက်ဒီဟောင်းတို့ကတော့ ချန်ပီယံလိဂ် ဝင်ကစားခွင့်ရတာနဲ့ မာနလေးတွေ တလူလူဖြစ်နေတဲ့ သူ့ကစားသမားတွေကို ဆုံးမနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post လှေနံဓားထစ် နယူးကာဆယ်လ်ကို ဖန်တီးမှုပြဿနာနဲ့ ကပ်ပြီး အနိုင်ယူခဲ့ရတဲ့ မန်စီးတီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post