လိဒ်စ်ကို ခက်ခဲတဲ့ နိုင်ပွဲယူပြီး ဆယ်မိုင်ကုန်းမှာ ခဏပြုံးနိုင်ခဲ့တဲ့ ပေါ့တာရဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ကူလီဘေလီ၊ ဖိုဖာနာ၊ ဘာဒီယာရှီးလ်တို့နဲ့ 3 Back ပြန်ကစားခဲ့ပြီး ကွင်းလယ်မှာတော့ လော့ဖ်တပ်စ်-ချိခ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ကိုဗာချစ်နဲ့ ချေးလ်ဝဲလ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ ဂျာအို ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ဗိုဘာ၊ ကို့ချ်၊ အေးလင်းနဲ့ ဂျူနီယာ ဖာပိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်ကင်နီ၊ တိုင်လာ အက်ဒမ်စ်၊ အာရွန်ဆန်၊ ဆမ်းမားဗီးလ်နဲ့ ဟာရစ်ဆန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရပ်တာ တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ချဲလ်ဆီးတို့ ပွဲစကတည်းက တော်တော်လေး ဖိကစားနိုင်ခဲ့ကြပြီး ချေးလ်ဝဲလ်ရဲ့ ထောင့်ကန်ဘောကို ဖိုဖာနာ အလွတ်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့သလို တန်ပြန်တိုက်စစ်ကနေ စတာလင် ထိုးပေးတာကို ဂိုးရှေ့မှာ ဖဲလစ္စဆီ ပေးရမယ့်အစား တစ်ကိုယ်ကောင်း ကန်သွင်းဖို့ ကြိုးစားတဲ့ ဟာဗတ်ဇ်ကြောင့် အိမ်ရှင်တွေ စောစောစီးစီး ဂိုးရနိုင်ခွင့်နဲ့ လွဲခဲ့ရပါတယ်။

စတာလင်က ညာဘက်မှာ ကစားပြီး ဘယ်ခြမ်းမှာတော့ အထောင်တိုက်စစ်မှူး ဟာဗတ်ဇ်နဲ့ နောက်က ဖဲလစ္စတို့ အလျဉ်းသင့်သလို နေရာချင်း ပြောင်းလဲကစားသွားခဲ့ကြတဲ့ ကစားကွက်က မဆိုးဘူးလို့ ပြောနိုင်ခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပေါ်တူဂီသားရဲ့ ကန်ချက် ဘားထိပြီး ထွက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ နစ်နာခဲ့ရတာပါ။

ပထမပိုင်းမှာတော့ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ လော့ဖ်တပ်စ်-ချိခ်ရဲ့ အနိမ့်ဘော ဖြတ်ချိုးပေးမှုကို စတာလင်ရဲ့ ပိတ်သွင်းချက်က ဘားပေါ်က ကပ်ထွက်သွားခဲ့သလို အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ဖရီးကစ်ကလည်း ဂိုးပေါက်မတည့်ခဲ့တာကြောင့် လိဒ်စ်တို့ ကံကောင်းမြဲ ကံကောင်းနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက ချေးလ်ဝဲလ်ရဲ့ ထောင့်ကန်ဘောကနေ နောက်တစ်ကြိမ် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရခဲ့တဲ့ ဖိုဖာနာက ပထမပိုင်းကလို မဟုတ်ဘဲ ဂိုးပေါက်တည့်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ဟန်ချက်ပျက်သွားတဲ့ လိဒ်စ်ဂိုးသမား မေလီယေး မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ဘက်က ဂျာအို ဖဲလစ္စ၊ စတာလင်၊ ကိုဗာချစ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့အစား ဂါလာဂါ၊ ဇာကာရီးယား၊ ချူကွယ်မီကာ၊ ချာလိုဘာနဲ့ မာဒူးကီတို့ကို ထည့်ပြီး ထိန်းကစားခဲ့သလို လိဒ်စ်တို့ကတော့ ရပ်တာ၊ အာရွန်ဆန်နဲ့ ဟာရစ်ဆန်တို့အစား ဂနွန်တို၊ ဂျိုးဆက်ပ်နဲ့ ဂရင်းဝုဒ်တို့ကို ထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ဂိုးထပ်ရဖို့ မလုပ်ဆောင်နိုင်ခဲ့ကြသလို လိဒ်စ်တို့ကလည်း ဘမ်ဖို့ဒ်နဲ့ ရိုဒရီဂိုတို့ မပါဝင်နိုင်တဲ့ တိုက်စစ်ပိုင်းမှာ အစွမ်းအစမရှိဘဲ ဖြစ်နေခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်ဖို့တောင် သေချာမတတ်နိုင်ခဲ့တာကြောင့် ဖိအားဝင်နေတဲ့ နှစ်သင်းရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က တွေ့ဆုံပွဲမှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့ပေမယ့် ၂၅ ပွဲမှာ ၃၄ မှတ်နဲ့ အဆင့် ၁၀ မှာ ဆက်လက်ရှိနေခဲ့သလို အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၁၁ က အက်စ်တန်ဗီလာတို့ရဲ့ ဖိအားကို ရင်ဆိုင်နေရဆဲဖြစ်ပြီး အဆင့် ၉ က ဘရန့်ဖို့ဒ်တို့ထက် ၂ ပွဲ ပိုကစားထားပေမယ့် ၁ မှတ် လျော့နေခဲ့တာကြောင့် ဂရေဟမ် ပေါ့တာတစ်ယောက် ဘယ်လောက် သက်ဆိုးရှည်မလဲပဲ စောင့်ကြည့်ရဆဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

Post a Comment

Previous Post Next Post