နောက်ဆုံးမိနစ်ဂိုးနဲ့ ဂန်းနားတွေအတွက် သူရဲကောင်းသစ်ဖြစ်လာခဲ့တဲ့ နယ်လ်ဆန်

အာဆင်နယ်အသင်းရဲ့ ဘုန်းမောက်အသင်းကို နောက်ကနေ လိုက်လံအနိုင်ယူတဲ့ သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် တောင်ပံ တိုက်စစ်မှူး ရီးစ် နယ်လ်ဆန်ကတော့ သူ့ရဲ့ နောက်ပိုင်းနှစ်တွေမှာ ဇာတာကျနေမှုကနေ အကောင်းဆုံး ပြန်လည်တောက်ပနိုင်ခဲ့ပြီး အသင်းရဲ့ သူရဲကောင်းသစ်ဖြစ်လာခဲ့ပါတယ်။

ဒဏ်ရာတွေနဲ့ နပမ်းလုံးနေခဲ့ရတဲ့ အသက် ၂၃ နှစ်အရွယ် အင်္ဂလိပ်တောင်ပံသမားဟာ ပေါင်ကြွက်သားဒဏ်ရာကနေ ပြန်လည်ထမြောက်ခဲ့တာ သိပ်တောင် မကြာသေးသူဖြစ်ပြီး ဒီနေ့ပွဲ မတိုင်ခင်အထိ အရန်ခုံမှာပဲ ရှိခဲ့သလို ပွဲကစားချိန်ကလည်း နော့တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ လူစားဝင် နှစ်ဂိုးသွင်းခဲ့တဲ့နောက် ဒီနေ့ပွဲနဲ့ပေါင်းမှ ၈၄ မိနစ်သာ ရရှိထားခဲ့သူပါ။

ဒါပေမယ့် ဝင်ကစားချိန် လုံလုံလောက်လောက်ရတိုင်း ခြေစွမ်းပြနိုင်တယ်လို့ ဆိုရမယ့် နယ်လ်ဆန်ဟာ ဒီနေ့ပွဲမှာတော့ ပွဲချိန် ၆၉ မိနစ်မှာ ခြေစွမ်းသိပ်မကောင်းခဲ့တဲ့ အီမီးလ် စမစ်ရိုးအစား လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး နည်းပြ မီခယ်လ် အာတီတာရဲ့ လူစားပြောင်းလဲမှုက မှန်ကန်ကြောင်း ချက်ချင်းဆိုသလိုပဲ သက်သေပြနိုင်ခဲ့တာဖြစ်ပါတယ်။

ကွင်းထဲရောက်လို့ တစ်မိနစ်သာ ရှိသေးတဲ့ ပွဲချိန် မိနစ် ၇၀ မှာ အသင်းအတွက် သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ နယ်လ်ဆန်ဟာ ဘယ်ခြမ်းတောက်လျှောက် အမှီအခိုကင်းကင်းနဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ဘောလုံးပေးပို့မှုဖြစ်တဲ့ တောင်ပံကနေ ဧရိယာထဲ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဒုတိယပိုင်းအစမှာ လူစားဝင်လာတဲ့ ဘန်ဝှိုက်က မြေမကျ ပိတ်သွင်းယူနိုင်ခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ မိနစ် ၇၀ နောက်ပိုင်းမှာ ဖိကစားခဲ့ပေမယ့် အချိန်ဆွဲပြီး ညစ်ဖို့ ကြိုးစားတဲ့ ဘုန်းမောက်နဲ့ ဘာထိထိ ဘာမှ မပေးနဲ့လို့ ညွှန်ကြားပုံရတဲ့ VAR တို့ရဲ့ အတားအဆီးတွေကြောင့် ပွဲချိန် မိနစ် ၂၀ လောက်ကို ခြေအသာနဲ့ ကစားခွင့်ရခဲ့ပေမယ့် ဂိုးထပ်ရဖို့ကတော့ ဝေးနေခဲ့တာ ဖြစ်ပါတယ်။

နာကျင်အချိန်ပို ၆ မိနစ် ပေးခဲ့ချိန်မှာ ကွင်းထဲ လှဲချပြီး အချိန်ဆွဲဖို့ ကြိုးစားတဲ့ အဒမ် စမစ်ကြောင့် ကွင်းလယ်ဒိုင် ခရစ္စ ကာဗန်းနားအနေနဲ့ ထပ်ဆောင်းမိနစ်တွေ ပေးခဲ့ရချိန်မှာ ဇင်ချန်ကိုရဲ့ ကန်ချက်ကနေ ရခဲ့တဲ့ နောက်ဆုံးအကြိမ် ထောင့်ကန်ဘောကနေ ကြိုးစားခွင့်ကတော့ ဂန်းနားတို့ရဲ့ အနိုင်ဂိုးဖြစ်သွားခဲ့တာပါ။

ဒီဂိုးကိုတော့ အော်ဒီဂွါဒ် ကန်တင်ပေးတဲ့ ထောင့်ကန်ဘောကနေ ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို နယ်လ်ဆန်က ဧရိယာထိပ်ကနေ ညာနဲ့ တစ်ချက်ထိန်းပြီးမှ ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရမှာ လူကြားထဲက ဖြတ်လာခဲ့တဲ့ ဘောလုံးကို ကိုယ့်နောက်တန်းနဲ့ကိုယ် Blind Spot မိနေတဲ့ ဘုန်းမောက် ဂိုးသမား နီတို မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဟေးလ်အန့်ဒ်အကယ်ဒမီထွက် ကစားသမားဟာ လက်ရှိ ဆာကာ၊ စမစ်ရိုးတို့ အုပ်စုထက် တစ်သုတ် စီနီယာကျသူဖြစ်ပြီး အက်ဒီ နကီးတီးယားနဲ့မှ Same Batch တွေဖြစ်ခဲ့သလို ဟော့ဖန်ဟိုင်းမ်ကို အငှားထွက်ကစားပြီး အောင်မြင်မလိုလို ရှိခဲ့ပေမယ့် ဒဏ်ရာတွေက နှိပ်စက်ခဲ့လို့ ပွဲထွက်စာရင်းနဲ့ ဝေးကွာနေခဲ့ရအပြီးမှာ ခုလိုမျိုး ဟီးရိုးပြန်ဖြစ်ခဲ့တာပါ။

နယ်လ်ဆန်ဟာ အာဆင်နယ်အသင်းနဲ့ ဒီနွေရာသီမှာ စာချုပ်ကုန်ဆုံးမယ့် ကစားသမားလည်းဖြစ်နေပေမယ့် အသင်းအတွက် ပါဝင်ခွင့်ရတဲ့ အခိုက်အတန့်မှာ အကောင်းဆုံး အကျိုးဆောင်ပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေကတော့ အသင်းမှာ ဆက်ရှိနေတာကို လိုလားကြမှာဖြစ်လို့ သူ့ရဲ့ အနာဂတ်ကိုပါ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post