အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဘုန်းမောက်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သူ့ရဲ့ ခပ်ရဲရဲနဲ့ စွန့်စားခဲ့တဲ့ ကိစ္စရပ်တွေ အားလုံးက အတိုင်းအတာတစ်ခုအထိ အကျိုးပြုခဲ့ပြီး အရေးပါတဲ့ အလှည့်အပြောင်းတွေကိုလည်း အချိန်ကိုက် ပြုလုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ ကျွမ်းကျင်သူတွေက
ချီးကျူးမှုတွေကို ရရှိနိုင်ခဲ့ပါတယ်။
ဂန်းနားတို့အနေနဲ့ ပွဲပန်းနေတဲ့ ဂရာနစ် ချာကာနဲ့ ဘန်ဝှိုက်တို့ကို အနားပေးခဲ့တဲ့နောက် ကွင်းလယ်လူ ဖာဘီယို ဗီယာရာနဲ့ နောက်ခံလူ တာကဲဟီရို တိုမီယာစုတို့ကို ပွဲထွက်ခိုင်းခဲ့ပြီး ပေါ်တူဂီသားအနေနဲ့ ကွင်းလယ်မှာ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့ပေမယ့် တစ်သင်းလုံးနဲ့ ယှဉ်ရင် ဉာဏ်ရည်နိမ့်သလိုဖြစ်နေတဲ့ ဂျပန်သားကတော့ အသင်းကို ဟန်ချက်မညီမှုတွေပဲ ပေးစွမ်းနေခဲ့တာပါ။
ဘောလုံးထိန်းသိမ်းပုံ အချိုးမပြေခဲ့သလို ဂိုးရှေ့ကို ဖြတ်တင်ပေးရမယ့် ဘောလုံးတစ်လုံးကိုလည်း ချော်ကန်ခဲ့တဲ့ ဂျပန်သားကတော့ ဖိအားတွေကို ခံနိုင်ရည် မရှိခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဆဲစရာဖြစ်နေခဲ့ပြီး အာတီတာကတော့ ဒုတိယပိုင်း ပြန်အစမှာ သူ့ကို ဆက်မသုံးတော့ဘဲ ဘန်ဝှိုက်နဲ့ လဲကစားဖို့ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၆၂ မိနစ်မှာ သောမတ်စ် ပါတေးက ချေပဂိုးတစ်ဂိုး စတင်သွင်းယူခဲ့အပြီးမှာ တိုက်စစ်မြှင့်ဖို့အတွက် ပထမပိုင်း ၂၂ မိနစ်ကမှ သူကိုယ်တိုင် ထည့်သွင်းထားခဲ့ပြီး တောင်ပံတစ်လျှောက် နောက်ချည်း ပြန်ပေးနေတဲ့ အီမီးလ် စမစ်ရိုးကို အာတီတာက လူစားလဲပစ်ခဲ့တာဖြစ်ပြီး ဖိအားကင်းကင်းနဲ့ ကစားနိုင်မယ့် ရီးစ် နယ်လ်ဆန်ကို ထည့်သွင်းလိုက်တာကတော့ တကယ်ကို ရဲရင့်တဲ့ ဆုံးဖြတ်ချက်လည်းဖြစ်ခဲ့တာပါ။
အရန်ခုံနဲ့ ဒဏ်ရာကိုပဲ နပမ်းလုံးပြီး ရောသမမွှေနေခဲ့တဲ့ နယ်လ်ဆန်အနေနဲ့ ခြေစွမ်းမပြနိုင်ရင်တောင် ဘယ်သူမှ သူ့ကို အပြစ်တင်မှာ မဟုတ်တာက ကြီးမားတဲ့ အားသာချက်ဖြစ်ခဲ့ပြီး ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာ လူစားဝင်ပြီး တစ်မိနစ်အကြာမှာ ဖြတ်တင်မှု ပြုလုပ်ခဲ့တာက သူ့လိုပဲ လူစားဝင်ခဲ့တဲ့ ဘန်ဝှိုက်ရဲ့ ချေပဂိုးအဖြစ် ဆုံစည်းသွားခဲ့တာဖြစ်ပါတယ်။
ဘယ်ခြမ်းမှာ အမှီအခို ကင်းကင်းနဲ့ ထိုးဖောက်ရဲတဲ့ နယ်လ်ဆန်ကြောင့် အားလုံး ကစားပေါက် ချောင်လာခဲ့ပေမယ့် ငါးသေတ္တာဘူးထဲက ဆာဒင်းတွေ စီစီရီရီ ထည့်ထားသလိုမျိုး ဧရိယာထဲမှာ ပိတ်ဆို့နေကြတဲ့ ဘုန်းမောက်ခံစစ်ကြောင့် အာဆင်နယ်တို့ ဂိုးထပ်ရဖို့ ခက်နေတာကို မြင်တွေ့ခဲ့တဲ့ အာတီတာက နောက်ထပ်အပြောင်းအလဲဖြစ် ထပ်ပြီး စွန့်စားသွားခဲ့သေးတာပါ။
ဒါကတော့ ဧရိယာအပြင်မှာပဲ ပုံဖော်ဖို့ ကြိုးစားနေတဲ့ ဖာဘီယို ဗီယာရာအစား အနားပေးထားခဲ့တဲ့ ချာကာကို ထည့်သွင်းခဲ့တာဖြစ်ပြီး ဆွစ်လူမိုက်ကြီးရဲ့ ဂိုးရှေ့ကို နေရာဝင်ယူနေမှုတွေက ဂန်းနားတွေ ထိုးဖောက်ကန်သွင်းဖို့ကို တော်တော်လေး အားပေးနိုင်ခဲ့သလို ဘုန်းမောက်ခံစစ်တွေ ပိုပြီး စိုးရိမ်မှု ကြီးမားလာစေခဲ့ပါတယ်။
ကိုယ့်စားရိတ် ကိုယ်ထောင်းပြီး ကိုယ်ပြုတဲ့ကံ ကိုယ်ခံခဲ့ရတဲ့ ဘုန်းမောက်တို့ရဲ့ အချိန်ဆွဲ ကစားမှုတွေကတော့ နာကျင်အချိန်ပို ၆ မိနစ်အထိ ပေးခဲ့ရစေသလို ပွဲချိန် ၉၁ မိနစ်မှာ မြက်ခင်းပေါ် လှဲချပြီး မူယာမာယာများခဲ့တဲ့ နောက်ခံလူ အဒမ် စမစ်ကြောင့် ဒိုင်လူကြီး ခရစ္စ ကာဗန်းနားက နောက်ထပ် ထပ်ဆောင်းမိနစ်တွေ ပေးဖို့ ဆုံးဖြတ်ခဲ့ရချိန်မှာတော့ နယ်လ်ဆန်က ဧရိယာထိပ်ကနေ တိကျတဲ့ ဘယ်ခြေကန်ချက်နဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။
နောက်ဆုံးမိနစ်မှာ သုံးမှတ်ရစေမယ့် ဒီဂိုးကြောင့် အားလုံးက နယ်လ်ဆန်ကို ဂုဏ်ပြုခဲ့ကြချိန်မှာ အာတီတာကလည်း သူ့ရဲ့ နည်းပြအဖွဲ့နဲ့အတူ အရန်ခုံတန်းမှာ အားပါးတရ အောင်ပွဲခံသွားခဲ့ပြီး သူ့ရဲ့ ရဲရဲရင့်ရင့် လူစားလဲမှုတွေဖြစ်တဲ့သူတွေရဲ့ အလှည့်အပြောင်းဂိုးနှစ်ဂိုးကို ရယူပေးခဲ့တာတွေကတော့ စပိန်သားကို နောက်တစ်ဆင့် မြှင့်ပြီး ချီးကျူးရစေသလို အားနည်းတယ်လို့ ဝေဖန်ခံနေရတဲ့ In Match Decision နဲ့ Plan B အတွက်ပါ အမှတ်တိုးပေးလို့ ရစေခဲ့တာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment