မန်ယူကို နလံမထူအောင် ဗျင်းပြီး ငါးစီးရှင်ဘွဲ့ကနေ ရာထူးတိုးပေးလိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ အဲလီးယော့တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာလား၊ ဂက်ခ်ပိုနဲ့ ဒါဝင် နူးညက်ဇ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဒါလော့၊ ဗာရွန်း၊ လီဆန်ဒရို မာတီနက်ဇ်နဲ့ လုခ်ရှောတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အန်တိုနီ၊ ဗက်ဂ်ဟော့စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲစကတည်းက ဘောလုံးကိုင်ပြီး ဖိကစားနိုင်ခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်တို့က တစ်ခါလာလည်း ဝုန်းဒိုင်းနဲ့ ကောင်တာပဲ အားကိုးမယ်ဆိုတဲ့ တန်ဟတ်ရဲ့ မန်ယူတို့ထက် သာလွန်မှုကို ပြသနိုင်ခဲ့ပြီး ကစားကွက်ပိုင်းအရ ထိန်းချုပ်ထားနိုင်ခဲ့ကြသလို ဧည့်သည်တွေအနေနဲ့ လူထုတ်ပုံမှာ ညာနောက်ခံ အစွန်က ဝန်ဘစ်ဆာကာအစား ဒါလော့ကို ထည့်သွင်းခဲ့တာက ပြီးခဲ့တဲ့ ပွဲတွေကလိုပဲ အားနည်းချက်တစ်ခုဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၉ မိနစ်မှာ အန်တိုနီရဲ့ အငိုက်ဖမ်းကန်တဲ့ ညာခြမ်းက ခြိမ်းခြောက်မှုကို အယ်လစ်ဆန် ပုတ်ထုတ်ခဲ့ရပြီး လီဗာပူးလ်တို့ကတော့ ကွင်းလယ် ဖန်တီးမှုတွေနဲ့ ပေးပို့မှုတွေမှာ သိပ်ပြီး အားရစရာ မရှိခဲ့တာကြောင့် နူးညက်ဇ်နဲ့ ဂက်ခ်ပိုတို့ရဲ့ ထိုးဖောက်မှုတွေက အလုပ်မဖြစ်ခဲ့ဘဲ ဆာလားကိုယ်တိုင်ပါ ဘောလုံးဆင်းခင်းနေခဲ့ရတာပြီး ဖရီးကစ်ကနေ ခေါင်းတိုက်နေကျ ကာစီမီရိုရဲ့ သွင်းဂိုးကတော့ လူကျွံနေခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ မထင်မှတ်တဲ့ တစ်ချက်ကောင်း ထိုးဖောက်မှုကနေ လီဗာပူးလ်တို့ အဖွင့်ဂိုးသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ရောဘတ်ဆန်က အချိန်ယူပြီးမှ မန်ယူခံစစ်ကွက်လပ်ကြားထဲကို ခင်းပေးခဲ့ရာမှာ ဖရက်ဒ်ရဲ့နောက်ကနေ ပြေးဝင်သွားခဲ့တဲ့ ဂက်ခ်ပိုက အတွင်းကို တစ်ချက်ခေါက်ပြီးမှ အဝေးတိုင်ခြေကို ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ဒဟေးယား မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ဒီဂိုးမှာ ဂက်ခ်ပိုရဲ့ ကန်သွင်းမှု ပြုလုပ်ချိန်မှာ ဘောလုံးကို လျှောထိုးဖျက်ဖို့လည်း ကြိုးစားတာ မဟုတ်ဘဲ ဂိုးရှေ့ကို ပြေးဝင်လာခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ရဲ့ ရွေ့လျားမှုက ဂိုးသမား ဒဟေးယားကို ဒုက္ခကြီးကြီး တွေ့စေခဲ့တာဖြစ်ပြီး ကာကွယ်ဖို့ အာရုံပျက်သွားစေခဲ့သလို ပထမပိုင်းမှာတော့ လီဗာပူးလ်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်မှာ အကြိမ်ကြိမ် ဘောလုံးပျက်ခဲ့တဲ့ မန်ယူတို့ရဲ့ တည်ငြိမ်မှု မရှိတဲ့ ဆက်တိုက်အမှားတွေကနေ ဧရိယာထဲမှာ ဘောလုံးရသွားခဲ့တဲ့ အဲလီးယော့က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ နူးညက်ဇ်က အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

သုံးမိနစ်အကြာ ပွဲချိန် မိနစ် ၅၀ မှာတော့ တတိယ အနိုင်ဂိုးကို လီဗာပူးလ်တို့ သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂက်ခ်ပိုက ရယူပြီး ညာခြမ်းကို ထိုးပေးခဲ့ရာမှာ ဆာလားက ဆက်လက်ဆွဲပြေးပြီးမှ မန်ယူနောက်ခံလူနှစ်ဦးဖြစ်တဲ့ လုခ်ရှောနဲ့ မာတီနက်ဇ်တို့ကြားကနေ ခင်းပေးတာကို အချိန်ကိုက် ရောက်လာခဲ့တဲ့ ဂက်ခ်ပိုက ထောင့်ကျဉ်းအနေအထားကနေ ဒဟေးယားကို အသာကျော်ကန်သွင်းယူခဲ့တာပါ။

အချိန်တိုအတွင်းမှာ နှစ်ဂိုးပေးလိုက်ရပြီး သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့ အနေအထားကို ရောက်သွားတာကတော့ တန်ဟတ်နဲ့ မန်ယူအဖွဲ့တွေကို စိတ်ဓာတ်ပျက်ပြားသွားစေခဲ့ပြီး တတ်နိုင်သလောက် ပြန်လည်ဆယ်တင်ဖို့အတွက် အပြောင်းအလဲလုပ်တဲ့အနေနဲ့ ပျက်စီးနေတဲ့ ဖရက်ဒ်နဲ့ ဒီလိုပွဲမျိုးတွေမှာ တစ်ဆင့်နိမ့်နေတဲ့ ဗက်ဂ်ဟော့စ်တို့ကို ထုတ်ပြီး မက်တော်မီနေးနဲ့ ဂါနာချိုတို့ကို ထည့်သွင်းလာခဲ့ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ စတုတ္ထ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အိမ်ရှင်တွေ ကောင်တာကနေ ဘောလုံး ရလာတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ စောင့်ဖျက်နိုင်ရမယ့်အစား သွေးရူးသွေးတန်းပဲ ရှင်းထုတ်ဖို့ ကြိုးစားနေခဲ့တဲ့ မန်ယူခံစစ်ကြားကနေ နူးညက်ဇ်ရဲ့ ပေးပို့မှုကို ဆာလားက ဧရိယာထဲမှာ ထိန်းမနေတော့ဘဲ ညာခြေနဲ့ Volley ကန်သွင်းယူသွားခဲ့တာပါ။

ဒီနေ့ပွဲမှာ အပေးအကမ်းတွေ မှားယွင်းခဲ့သလို ဖန်တီးမှုတွေကလည်း လိုရာမရောက်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ ဒရာမာခင်းလိုက် လူကျွံလိုက်နဲ့ အလုပ်မရှိ အကိုင်မရှိ ပြဿနာတွေပဲ လိုက်ရှာနေမိဖြစ်ခဲ့သလို ဂိုးတွေ ဆက်တိုက်ရယူထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ပါ အသံတိတ် ဆွံ့အသွားခဲ့ရပြီး လီဗာပူးလ်ခံစစ်ကလည်း သူတို့ကို ပါးပါးနပ်နပ် ကိုင်တွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ငါးစီးရှင်ဘွဲ့ထူးကို လီဗာပူးလ်တို့က မန်ယူဆီ ထပ်မံချီးမြှင့်ပေးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖရီးကစ်ကနေ ပြန်ကျလာတာကို ဟန်ဒါဆန်က ဂိုးရှေ့ ပြန်တင်ပေးရာမှာ ခေါင်းတိုက်ဖျက်တာ လွဲသွားခဲ့တဲ့ ဗာရွန်းရဲ့ နောက်နေ နေရာယူထားတဲ့ နူးညက်ဇ်က ခေါင်းတိုက်သွင်းယူပြီး ဒဟေးယားကို ငုတ်တုတ်မေ့စေခဲ့တာပါ။

ဒီနောက်မှာတော့ လီဗာပူးလ်တို့ဘက်က နှစ်ဂိုးစီသွင်းထားခဲ့တဲ့ ဂက်ခ်ပိုနဲ့ နူးညက်ဇ်တို့ကို အနားပေးသွားခဲ့ပြီး ဟန်ဒါဆန်၊ ဖာဘင်ညိုတို့နဲ့အတူ လူစားလဲခဲ့သလို သူတို့တွေရဲ့ နေရာမှာတော့ ဂျိုတာ၊ ဖာမီနို၊ မီလ်နာနဲ့ ဘိုင်ချက်တစ်ချ်တို့ ဝင်ကစားခဲ့ကြပြီး မန်ယူတို့ဘက်ကတော့ ကာစီမီရိုနဲ့ လီဆန်ဒရို မာတီနက်ဇ်တို့အစား ဆာဘစ်ဇာနဲ့ မာလာစီယာတို့ကို ထည့်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ လီဗာပူးလ်တို့ကပဲ ဦးဆောင်မှုကို ထပ်မံတိုးမြှင့်သွားနိုင်ခဲ့ပြန်သလို ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ အဲလီးယော့က ဂိုးရှေ့ချိုးပေးတဲ့ ဘောလုံးကို ဗဟိုခံစစ်ကစားနေတဲ့ လုခ်ရှောရဲ့ အိုးနင်းခွက်နင်း ရှင်းထုတ်မှုက ဖာမီနိုကို မှန်ပြီး ပြန်ကျလာခဲ့ရာမှာ ဆာလားက မဆိုင်းမတွ ကန်သွင်းပြီး သူ့ရဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်လာစေမယ့် ၁၂၉ ဂိုးမြောက်ကို ရယူနိုင်ခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာ လီဗာပူးလ်တို့ကပဲ သတ္တမဂိုးသခင်အဖြစ် ခံယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဆာဘစ်ဇာ ဘောလုံးပျက်ရာကနေ အဲလီးယော့အစား လူစားဝင်လာတဲ့ ကားတစ်ဂျုံးစ်က ပြန်ရပြီး ညာခြမ်းကို ထိုးပေးခဲ့ရာမှာ ဆာလားက မန်ယူခံစစ်ကြားကို လှမ်းချပေးခဲ့ရာမှာ ဖာမီနိုက ထောင့်ကျဉ်းအနေအထားကနေ ကန်သွင်းပြီး သရဲနီတွေကို အရှက်ကုန်သွားအောင် လုပ်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အန်းဖီးလ်ကို စိတ်မခိုင်ဘဲ လာကစားတဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ငါးစီးရှင်ဘွဲ့ထူးကနေ ခုနစ်စီးရှင်ဘွဲ့သစ်ကို လီဗာပူးလ်တို့က ရာထူးတိုးပေးလိုက်နိုင်ခဲ့ပြီး နည်းပြ တန်ဟတ်လက်ထက် အဆိုးဆုံး ရှုံးပွဲနဲ့ သူတို့ရဲ့ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးအပြတ်ဆုံး ရှုံးပွဲကို ရရှိသွားခဲ့သလို ၁၉၃၁ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၉၀ ကျော်မှ နာကျင်ခံစားသွားခဲ့ရတာပါ။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ လမ်းကြောင်းမှန်ပေါ်ကို နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအနိုင်နဲ့ ရောက်ရှိလာနိုင်ခဲ့ကြသလို အဆင့် ၄ က စပါးစ်တို့နဲ့ ၃ မှတ်သာ ကွာဟတော့ချိန်မှာ မန်ယူတို့ကတော့ ဆိုးရွားတဲ့ ရှုံးပွဲနဲ့ ဖလားလေးလုံးလို့ မစားရ ဝခမန်း ဝင့်ကြွားမှုတွေနဲ့အတူ ဒီပုံစံမျိုးနဲ့ အာဆင်နယ်ကို အမီလိုက်ဖို့ အိပ်မက်တွေကတော့ ဆပ်ပြာပူဖောင်းလို ပေါက်ကွဲခဲ့ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.


Your new digest 50

Post a Comment

Previous Post Next Post