အာဆင်နယ်ကစားသမားဟောင်း အီမန်နျူရယ် ဖရင်းပေါင်က ယနေ့မှာ ကစားသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ မီဆွတ် အိုဇေးလ်နဲ့ ပတ်သက်ပြီး လူတွေ အထင်လွဲနေကြတဲ့အချက်ကို ရှင်းလင်းခဲ့ပါတယ်။
အိုဇေးလ်ဟာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၅၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၄၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၉ ကြိမ် ပြုလုပ်ပေးခဲ့သူဖြစ်ပြီး အမ်းမရိတ်စ်ကနေ ဖီနာဘာချီ၊ ဖီနာဘာချီကနေ အစ္စတန်ဘူလ် ဘာဆတ်ဆီဟီရာကို ပြောင်းရွှေ့ကစားပေးခဲ့ပြီးနောက် အသက် ၃၄ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူလိုက်တာ ဖြစ်ပါတယ်။
ဂျာမန်ကွင်းလယ်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ ၂ နှစ်တုန်းက အာဆင်နယ်နည်းပြ အာတီတာနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီး လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရပြီးနောက် အငြင်းပွားဖွယ်ပုံစံနဲ့ လမ်းခွဲသွားခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း ဖရင်းပေါင်က အိုဇေးလ်သာ အမ်းမရိတ်စ်ကို မပြောင်းလာဘဲ ရီးရဲလ်မက်ဒရစ်အတွက် ဆက်ကစားပေးခဲ့မယ်ဆိုရင် ကစားသမားဘဝ ပိုမို ရှည်လျားလိမ့်မယ်လို့ ယုံကြည်နေပြီး ဂျာမနီကွင်းလယ်ကစားသမားဟာ ပျင်းရိတယ်ဆိုတဲ့ ပြောကြားမှုတွေကို ငြင်းပယ်သွားခဲ့တာ ဖြစ်ပါတယ်။
“အိုဇေးလ် ကစားတဲ့ပုံက သူ့ကို ပျင်းရိနေတဲ့ပုံစံမျိုး ပေါက်စေခဲ့တာပါ။ သူ ဆန်းဒါးလန်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်ကစားပေးခဲ့တုန်းက ကျွန်တော်လည်း ရှိနေခဲ့ပါတယ်။ သူက နိုင်ပွဲ ရရှိအောင် အိုလီဗီယေး ဂျီရူးကို ဂိုးဖန်တီးပေးခဲ့ပြီး အဲဒီပွဲမှာ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ အိုဇေးလ် ကစားပုံက အရမ်းသက်တောင့်သက်သာရှိပြီး အလျင်စလို ဖြစ်မနေပါဘူး။ လူတွေက အဲဒါကို ကြည့်ပြီး သူက ပျင်းရိတယ်လို့ မြင်ကြတာဖြစ်ပါလိမ့်မယ်။
အိုဇေးလ်က မလိုအပ်ဘဲ လျှောက်ပြေးမနေဘူး။ ဘာလို့လဲဆိုတော့ သူက သူ့အတွက် ပြေးလွှားပေးမယ့် တခြားကစားသမားတွေအပေါ်မှာ အားထားတာကြောင့်ပါ။ ဒါပေမယ့် သူ ဘောလုံးရတဲ့အခါတိုင်း အခွင့်အရေးတွေ ဖန်တီးပေးပြီး အဲဒါကို သူ့ ကစားသမားဘဝတလျှောက်လုံး လုပ်ခဲ့တာပါ အိုဇေးလ်က စပိန်လာလီဂါမှာ ဆက်နေခဲ့မယ်ဆိုရင် ကစားသမားဘဝ ပိုပြီး ရှည်လျားခဲ့ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်က အရမ်း မြန်နှုန်းမြင့်လို့ပါ။ အာဆင်နယ်အတွက် သူလုပ်ပေးခဲ့တာတွေကို မမေ့ရအောင်။
သူက ထူးချွန်ခဲ့တယ်။ အာတီတာ ရောက်လာခဲ့ပြီး အိုဇေးလ်ဆီကနေ အလုပ်ပိုလုပ်ဖို့ တောင်းဆိုလာတဲ့အချိန်မှာ အဆင်ပြေပြေ မဖြစ်ခဲ့ဘူး။ သူက အဲဒီကစားပုံမျိုးနဲ့ အကျွမ်းတဝင်မဖြစ်ဘဲ အပြောင်းအလဲက သူ့အတွက် အလုပ်မဖြစ်ခဲ့ပါဘူး။ ကံဆိုးစွာနဲ့ သူ အသင်းကို စွန့်ခွာခဲ့ရတယ်။ အိုဇေးလ်က နောက်ဆုံး ၁၀ နှစ်၊ ၁၅ နှစ်အတွင်းမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
Post a Comment