ဂျိုကြွနေတဲ့ အဲဗာတန်ကို နှိမ်ကန်ပြီး ချဲလ်ဆီးကို ပြန်ကျော်တက်လိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ဘိုင်ချက်တစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ နူးညက်ဇ်၊ ဆာလားနဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို နိုင်ထားလို့ ဂျိုကြွနေတဲ့ အဲဗာတန်တို့ကတော့ အဲ့ဒီနေ့က လူစာရင်းကို တစ်ယောက်သာ ပြောင်းလဲလာခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ကိုဒီ၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ ဒူကူရေး၊ အိုနာနာ၊ အီဝိုဘီနဲ့ မက်နီးလ်တို့ကို ခင်ကျင်းခဲ့ချိန်မှာ တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင် မပါနိုင်လို့ လူငယ်ကစားသမား ဆင်းမ်စ်ကို သုံးခဲ့ရတာပါ။

တိုက်စစ်မှူးသုံးယောက်စလုံး ရွေ့လျားကစားနိုင်တဲ့ လီဗာပူးလ်တို့ကို ကွင်းလယ်မှာ ပိတ်ထားဖို့ကတော့ အဲဗာတန်နည်းပြ ရှောင်ဒိုက်ချ်ရဲ့ မဖြစ်နိုင်တဲ့ အိပ်မက်သာဖြစ်ခဲ့ပြီး နူးညက်ဇ်နဲ့ ဆာလားတို့ရဲ့ လှုပ်ရှားပုံတွေက ကလော့ပ်အနေနဲ့ ဂေးယီ-ဒူကူရေး-အိုနာနာတို့ ကွင်းလယ်လောက်ကို အဟုတ်ကြီးမှတ်နေတဲ့ ရှောင်ဒိုက်ချ်နဲ့ မာဆေးဆိုက်ဒါဘီကို ဘယ်လိုအနိုင်ကန်ရမယ်ဆိုတာ ပြင်ဆင်ထားကြောင်းနဲ့ အာတီတာလောက် အိုင်ဒီယာအောက်ပြီး နုမနေသေးကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဘိုင်ချက်တစ်ချ်ပေးတဲ့‌ ဘောလုံးကို နူးညက်ဇ်က နောက်ပြန်ကန်တာကနေ ဖြတ်တင်ဘောပုံစံ ဖြစ်သွားခဲ့တာကို ဂက်ခ်ပို ခေါင်းတိုက်တာက တိုင်ဘေးကနေ လွဲချော်သွားခဲ့သလို အီဝိုဘီရဲ့ ထောင့်ကန်ဘောကနေ တာကော့ဗ်စကီးက ခေါင်းတိုက်ချက်ကတော့ တိုင်ထိထွက်ခဲ့လို့ နှစ်သင်းစလုံး အားမရစရာဖြစ်ခဲ့သေးတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ပြီး စောစောက တာကော့ဗ်စကီးရဲ့ ခေါင်းတိုက်ချက်ကို အသည်းအသန်ဖြစ်ပြီး ခံစစ်ကနေ ကောင်တာပြန်လာခဲ့ရာမှာ နူးညက်ဇ်က ဘယ်တောင်ပံတောက်လျှောက် ဆွဲပြေးသွားခဲ့ပြီး ဂိုးရှေ့ကို ပြန်ဖြတ်တင်ပေးရာမှာ နှစ်ယောက် တစ်ယောက်တွေ့နေလို့ ဘယ်သူ ဂိုးသွင်းမယ်မှန်းတောင် မရိပ်မိခဲ့တဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ် အခြေမကျခင် ဆာလားက အမြန်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ညာနောက်ခံလူအဖြစ် ကစားချိန်မှာ နောက်မှာပဲ စောင့်ရမယ့်အစား အရပ်အမောင်းလဲ မရှိဘဲ ဂိုးဧရိယာထဲအထိ ဘာတက်လုပ်မှန်း မသိတဲ့ အသင်းခေါင်းဆောင် ကိုးလ်မန်းကို အဲဗာတန်တို့ အပြစ်တင်ရမှာဖြစ်ပြီး သူ့ရဲ့ နေရာမှန်မှာ မရှိမှုကနေပဲ နူးညက်ဇ်က အလွတ်ကြီး ဆွဲပြေးခဲ့ရာမှာ အသက်ထောက်နေပြီဖြစ်တဲ့ ဂါနာ ဂေးယီက လိုက်မဖျက်နိုင်တော့လို့ ပထမပိုင်းမှာ လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်က ရောဘတ်ဆန် ဖောက်ထွက်လာခဲ့ပြီး ညာခြမ်းကို ပေးတဲ့‌ ဘောလုံးကို ဆာလားက အာနိုးလ်ဒ်ကို ခင်းပေးခဲ့ပြီး အာနိုးလ်ဒ်က အဝေးတိုင်ဘက်ကို အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဘယ်သူမှ အကပ်ခံမထားရဘဲ လွတ်နေတဲ့ ဂက်ခ်ပိုက သူ့ရဲ့ ပထမဦးဆုံး ဂိုးအဖြစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာလည်း တောင်ပံခံစစ်ဖြစ်လျက်နဲ့ တစ်ဖက်တောင်ပံက ဝင်လာတဲ့သူကို မကပ်နိုင်တဲ့ ကိုးလ်မန်းရဲ့ အသုံးမကျမှုကပဲ ထပ်မံ ပေါ်လွင်ခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ ဘောလုံးကိုင်ပြီး လိမ်ခေါက်နေတဲ့ မာတီနယ်လီနဲ့ ပဏာယူခဲ့သမျှ အလျင်အမြန်တိုက်စစ်ဆင်တဲ့ လီဗာပူးလ်တို့နဲ့မှ အရှက်ကွဲခဲ့ရသလို တစ်သင်းလုံးအနေနဲ့လည်း တည်ငြိမ်မှု မရှိဘဲ အန်းဖီးလ်မှာ ကျီးလန့်စာစားဖြစ်နေခဲ့ကြတာပါ။

လီဗာပူးလ်တို့ကတော့ နှစ်ဂိုးရသွားချိန်မှာ ပိုပြီး‌ အေးအေးဆေးဆေး ကစားခဲ့ကြသလို ပျာယာခတ်သွားတဲ့ အဲဗာတန်တို့ဘက်ကို စနစ်တကျ ထိုးဖောက်နိုင်ခဲ့ပေမယ့် နူးညက်ဇ်ရဲ့ အဆုံးသတ်ပိုင်း မအောင်မြင်မှုတွေက သူတို့ကို နောက်ထပ်ဂိုးတွေနဲ့ ဝေးစေခဲ့ပြီး ဒဏ်ရာက ပြန်လာတဲ့ ဂျိုတာနဲ့ ပွဲချိန် မိနစ် ၇၀ မှာ လူစားလဲခဲ့ရသလို ဒီနောက်မှာတော့ ဟန်ဒါဆန်၊ ဂက်ခ်ပိုနဲ့ ဘိုင်ချက်တစ်ချ်တို့အစား မီလ်နာ၊ ဖာမီနိုနဲ့ ကီတာတို့ ဝင်ကစားခဲ့ကြပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင်တွေပဲ ပွဲကို ထိန်းကစားခဲ့သလို ငယ်နိုင် အဲဗာတန်တို့ကို ဘယ်လိုကစားရတယ်ဆိုတာ ဇယားထိပ်မှာနေပြီး သူတို့နဲ့တွေ့ချိန်မှာ အလူးအလဲ ဖြစ်ခဲ့ရတဲ့ ဂွါဒီယိုလာ ဆရာတပည့်တို့ရဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပညာဒါနအဖြစ် သင်ကြားပေးလိုက်ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြတာပါ။

Post a Comment

Previous Post Next Post