ဗြိတိသျှပြတိုက် (British Museum)ရဲ့ ကမ္ဘာ့ရှေးဟောင်းစာပေပညာရှင် ဒေါက်တာ အာဗင်ဖင်ကယ် (Dr. Irving Finkel) ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ လောက်က ရေးသားခဲ့တဲ့ ရှေးဟောင်းစာပေတွေကို သတင်းစာ ဖတ်သလို ဖတ်နိုင်စွမ်းရှိတဲ့ ပညာရှင်တစ်ဦးပါ။ သူ့ဘဝတလျှောက်လုံး တစိုက်မတ်မတ် လေ့လာခဲ့တာကြောင့် ရှေးဟောင်းစာပေနဲ့ပတ်သက်ရင် သူ့အတွက် အထူးအဆန်း ဖြစ်စေတယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒေါက်ဂလက်စ်ဆင်းမွန်းစ် ယူလာတဲ့ ရွှံ့စေးပြားလေးကို မတွေ့ခင်အထိပေါ့။
ဒုတိယကမ္ဘာစစ်အပြီး တော်ဝင်လေတပ် (RAF) မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ဖခင်ဆီကနေ အမွေရခဲ့တဲ့ ရွှံ့စေးပြားလေးတစ်ခုကို ဒေါက်ဂလက်စ်ဆင်းမွန်းစ်က ဒေါက်အာဗင်ဆီ ယူလာခဲ့တာပါ။ ဒေါက်တာအာဗင်က ရွှံ့စေးပြားလေးပေါ်က စာကြောင်းအစကို ဖတ်ကြည့်လိုက်တော့ သမ္မာကျမ်းစာထဲက နာဧရဲ့သင်္ဘောတော်ဇာတ်လမ်းနဲ့ ဆင်တူနေတဲ့ ဘေဘီလုံ ရေလွှမ်းမိုးမှုသမိုင်း (Babylonian Flood Story) ဖြစ်နေတာ တွေ့လိုက်ရပါတယ်။
စာကြောင်း ၆၀ လောက်ကို ဘာသာပြန်ဆိုရမယ့်အတွက် ရွှံ့စေးပြားလေးကို ထားခဲ့နိုင်မလားလို့ မေးကြည့်တဲ့အခါ ဒေါက်ဂလက်စ်ဆင်းမွန်းစ်က လက်မခံပါဘူး။ သူ့အဖေရဲ့အမွေဖြစ်တဲ့ ရွှံ့စေးပြားလေးကို ပြန်ယူသွားခဲ့ပါတယ်။ ဒီရွှံ့စေးပြားကို ဒေါက်တာအာဗင် စမြင်ခွင့်ရခဲ့တာ ၁၉၈၅ ခုနှစ်ပါ။
ဒီရွှံ့စေးပြားပေါ်က စာတွေကို ဖတ်ရှုခွင့်ရဖို့ သူ စောင့်ဆိုင်းခဲ့တာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်သွားခဲ့ပြီး ၂၀၀၉ ခုနှစ်ရောက်မှ သေသေချာချာ အချိန်ယူ ဖတ်ရှုခွင့် ရခဲ့ပါတယ်။ ရွှံ့စေးပြားပေါ်မှာ ရေးထားတာကတော့ အင်ကီ (Enki) နတ်ဘုရားက အာထရာ-ဟာဆစ် (Atra-hasis) ဆိုသူကို ထန်းလျှော်ကြိုး၊ သစ်သားနဲ့ ကတ္တရာစေးတွေ သုံးပြီး “စက်ဝိုင်းပုံသဏ္ဌာန်” ဖောင်ကြီး တည်ဆောက်ပုံ အဆင့်ဆင့်ကို အတိုင်းအတာ တိကျစွာ ညွှန်ကြားထားတာပါ။
ဖောင်ရဲ့ အောက်ခြေဟာ စတုရန်းမီတာ ၃၆၀၀ ကျယ်ဝန်းရမှာဖြစ်ပြီး( အဲဒီအရွယ်အစားဟာ ဘောလုံးကွင်း ၃ ပုံ၊ ၂ ပုံ အကျယ်အဝန်းလောက် ရှိ) ဖောင်နံရံတွေကို အမြင့် ၆ မီတာအထိ ထားရှိရမယ်လို့ ရေးသားထားပါတယ်။ အဲဒီလို စက်ဝိုင်းပုံသဏ္ဍာန် ဖောင်တွေကို အီရတ်နိုင်ငံတောင်ပိုင်းမှာ နေထိုင်သူတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအထိ အသုံးပြုခဲ့ဖူးတဲ့ မှတ်တမ်းလည်း ရှိနေပါတယ်။
အဲဒီရွှံ့စေးပြားပေါ်မှာ ရေးထားတဲ့ စာကြောင်းတွေအနက် ကမ္ဘာတဝန်းက ပညာရှင်တွေကို အံ့အားသင့်စေခဲ့တာကတော့ ” တိရစ္ဆာန်တွေကို ဖောင်ပေါ်တင်တဲ့အခါ ၂ ကောင်စီ အတွဲလိုက် တင်ဆောင်ဖို့” ရေးသားထားတာပါပဲ။ ဒီစာကြောင်းဟာ သမ္မာကျမ်းစာထဲမှာပဲ ရှိတာလို့ ရာစုနှစ်များစွာကြာ လူတွေ ယုံကြည်ထားကြတာဖြစ်ပြီး ကမ္ဘာဦးကျမ်း (Book of Genesis) မပေါ်ပေါက်ခင် နှစ်ပေါင်းတစ်ထောင် ပိုရှေးကျတဲ့ ဘေဘီလုံခေတ် ရွှံ့စေးပြားပေါ်မှာ ဒီစာသားကို မြင်တွေ့ခဲ့တာကြောင့်ပါပဲ။ လူသားတွေရဲ့ မျှဝေတတ်တဲ့ စိတ်ထားကို ရှေးနှစ်ပေါင်းထောင်ချီကတည်းက မြင်တွေ့ရတာကြောင့်လည်း ဖြစ်ပါတယ်။
ဒေါက်တာအာဗင်က ဒီတွေ့ရှိချက်တွေကို ၂၀၁၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ The Ark Before Noah (နောဧမတိုင်မီက သင်္ဘောတော်) ဆိုတဲ့ စာအုပ်မှာ ထည့်သွင်းထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ သူက တွေ့ရှိချက်တွေကို ရေးသားယုံနဲ့တင် မကျေနပ်တာကြောင့် ရွှံ့စေးပြားပေါ်မှာ ရေးထားတဲ့ ညွှန်ကြားချက်တွေအတိုင်း ဖောင်ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီဒီဇိုင်းအတိုင်း အိန္ဒိယနိုင်ငံမှာ ပုံစံတူအသေးစားတစ်ခုကို လက်တွေ့တည်ဆောက်ကြည့်ရာမှာ ရေပေါ်မှာ တကယ်မျောပါနိုင်ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။
အဲဒီရွှံ့စေးပြားပေါ်က တွေ့ရှိမှုဟာ လူ့သမိုင်းတလျှောက် ဘယ်လိုဘေးအန္တရာယ်တွေကြုံကြုံ၊ တဦးနဲ့တဦး အပြန်အလှန် ဝေမျှမှုနဲ့အတူ အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်ကြစမြဲ ဆိုတာကိုလည်း ဖော်ပြနေပါတယ်။
Ref: Dr. Irving Finkel & Douglas Simmonds
NZ (ရိုးရာလေး)
The post ဘေဘီလုံခေတ်သမိုင်းကို လှစ်ဟပြခဲ့တဲ့ ရွှံ့စေပြားလေးတချပ် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment