တရုတ်နှစ်ကူးကာလမှာ ကြောင်အစာကျွေးခြင်းဝန်ဆောင်မှုကနေ ကန်ဒေါ်လာ ၂၃၀၀၀ ဝင်ခဲ့တဲ့အမျိုးသား

တရုတ်နှစ်ကူးကာလအတွင်း ကြောင်အစာကျွေးခြင်းဝန်ဆောင်မှုလုပ်ခဲ့တဲ့ တရုတ်အမျိုးသားတစ်ဦးဟာ အားလပ်ရက်အတွင်း ဝင်ငွေ ယွမ် ၁၆၀၀၀၀ (ကန်ဒေါ်လာ ၂၃၀၀၀) ရရှိခဲ့ပါတယ်။ သူကတော့ ၁၉၉၁ ခုဖွား၊ ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဟွမ်ကုန်ဆိုသူပါ။

ဟွမ်ကုန်က အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ရေးနယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး အိမ်အရောက်ကြောင်အစာကျွေးခြင်းဝန်ဆောင်မှုကို လုပ်နေတာ ၉ နှစ်ရှိပါပြီ။ အခုနှစ် နွေဦးပွဲတော်အတွင်း သူနဲ့ ဝန်ထမ်း ၄ ဦးဟာ ရှန်ဟိုင်းမှာနေထိုင်ပြီးတော့ အားလပ်ရက်ခရီးထွက်သွားတဲ့သူတွေရဲ့အိမ်မွေးကြောင်လေးတွေကို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။

ပွဲတော်မတိုင်ခင်နဲ့ပွဲတော်အပြီး ရက် ၂၀ ကျော်ကာလမှာ ဟွမ်ကုန်တို့ဟာ အိမ်ပေါင်း ၂၀၀၀ ဝန်းကျင်ကို အိမ်တိုင်ရာရောက် ကြောင်အစာကျွေးခဲ့ရပါတယ်။ အဲ့ဒီထဲမှာမှ အိမ်ပေါင်း ၁၀၀၀ လောက်ကို ဟွမ်ကုန်ကိုယ်တိုင် ဝန်ဆောင်မှုပေးခဲ့တာပါ။

ဝန်ဆောင်မှုအော်ဒါရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ဇာတိကို ပြန်သွားတဲ့ဖောက်သည်တွေဆီကဖြစ်ပြီး ၁၀ ရာခိုင်နှုန်းကတော့ အလည်အပတ်ခရီးထွက်တဲ့သူတွေဆီကပါ။ ဖောက်သည်တော်တော်များများက နှစ်တိုင်းနှစ်တိုင်း သူ့ရဲ့ဝန်ဆောင်မှုကို အသုံးပြုကြပါတယ်။

ဟွမ်ကုန်က နေ့တိုင်း မနက် ၃ နာရီမှာ အိမ်ကနေထွက်ပြီး ည ၁၀နာရီ၊ ၁၁ နာရီအထိ အိမ်အရောက်ကြောင်အစာကျွေးခြင်းဝန်ဆောင်မှုကို လုပ်ဆောင်ပါတယ်။ တစ်နေ့ကို အိပ်ချိန် ၃-၄ နာရီလောက်ပဲရှိပါတယ်။ အလုပ်ရှုပ်တဲ့နေ့တွေဆိုတောင် အော်ဒါ ၅၅ ခုလောက် ပြီးပါတယ်။

တစ်အိမ်သွားရင် ၁၀ မိနစ်-၁၅ မိနစ်ကြာပြီး ကြောင်အညစ်အကြေးတွေကို သန့်ရှင်းတာ၊ ရေနဲ့အစာဖြည့်ပေးတာ၊ ကြောင်ရဲ့ကျန်းမာရေးကို စစ်ဆေးတာ၊ ပြတင်းပေါက်နဲ့ လျှပ်စစ်ပစ္စည်းတွေကို စစ်ဆေးတာ၊ အမှိုက်တွေဖယ်ရှားပေးတာတွေလုပ်ဆောင်ပေးပါတယ်။ ဆေးတိုက်တာ၊ လက်သည်းခြေသည်းညှပ်ပေးတာလို အပိုဝန်ဆောင်မှုကိုတော့ အလကားလုပ်ပေးပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ ဟွမ်ကုန်က အလယ်အလတ်ကနေ အမြင့်ဆုံးဈေးနှုန်းအထိ ထိန်းထားပါတယ်။ ၉ နှစ်အတွင်း သူ့ရဲ့ဈေးနှုန်းကို မြှင့်ခဲ့တာမရှိခဲ့ပါဘူး။ Jiading ခရိုင်မှာ တစ်ခါဝန်ဆောင်မှုပေးရင် ယွမ် ၆၀ ကနေ ယွမ် ၈၀ (၉ ဒေါ်လာကနေ ၁၂ ဒေါ်လာ)၊ ရှန်ဟိုင်းက အခြားနေရာတွေမှာဆို ယွမ် ၁၀၀နဲ့ နေရာဝေးတာ (သို့) ကြောင်တွေများတဲ့အိမ်ထောင်စုဆို ယွမ် ၂၀၀ ယူပါတယ်။

ပြီးခဲ့တဲ့နှစ် နွေဦးပွဲတော်မှာ အိမ်ထောင်စု ၂၇၀ ကို ဝန်ဆောင်မှုပေးခဲ့ပြီး အခုနှစ်မှာတော့ အိမ်ထောင်စု ၃၂၀ အထိ အရေအတွက်တိုးလာခဲ့ပါတယ်။ ဟွမ်ကုန်က ကြောင်အစာကျွေးခြင်းဝန်ဆောင်မှုတစ်ခုတည်းကတင် ဝင်ငွေ ယွမ် ၁၆၀၀၀၀ ( ကန်ဒေါ်လာ ၂၃၀၀၀) ရရှိခဲ့တာဖြစ်ပါတယ်။

Ref: Chinese man earns US$23,000 in holiday week through cat-feeding services

WL (ရိုးရာလေး)

The post တရုတ်နှစ်ကူးကာလမှာ ကြောင်အစာကျွေးခြင်းဝန်ဆောင်မှုကနေ ကန်ဒေါ်လာ ၂၃၀၀၀ ဝင်ခဲ့တဲ့အမျိုးသား appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post