စတိုးဆိုင်မှာ ငွေရှင်းမယ့်သူတွေ တန်းစီစောင့်ဆိုင်းနေရင်း မျက်မမြင် ဈေးဝယ်သူတစ်ယောက်ရဲ့ အိတ်ကပ်ထဲက ဒေါ်လာ ၂၀ တန်တစ်ရွက် ထွက်ကျသွားတာကို ငွေရှင်းကောင်တာဝန်ထမ်း ဂျိုယေးက လှမ်းမြင်လိုက်တယ်။ နောက်မှာရပ်နေတဲ့ အမျိုးသမီးက ပြန်ကောက်ပေးလိမ့်မယ်လို့ ဂျိုယေးက ထင်လိုက်ပေမဲ့ အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားတယ်။ ဘာလို့လဲဆိုတော့ အဲဒီအမျိုးသမီးကြီးက ပိုက်ဆံကို တိတ်တိတ်လေးကောက်ပြီး သူ့အိတ်ထဲသူ ထည့်လိုက်လို့ပါပဲ။
မဟုတ်မခံစိတ်ရှိတဲ့ လူငယ်ပီပီ ဒီအမျိုးသမီးကြီး ငွေရှင်းကောင်တာ ရောက်လာချိန်မှာ ဂျိုယေးက ” ကောက်ထားတဲ့ပိုက်ဆံကို ပိုင်ရှင်ထံ ပြန်ပေးလိုက်ပါခင်ဗျာ”လို့ မျက်လုံးချင်းဆိုင်ကြည့်ပြီး ပြောလိုက်တယ်။ ဒီလုပ်ရပ်ဟာ သူ့အတွက် အလုပ်ထုတ်ခံရနိုင်တဲ့လုပ်ရပ်မျိုးပါ။ ဒါပေမဲ့ အမျိုးသမီးကြီးက ပြန်မပေးနိုင်ဘူး။ ” ဒါ ငါ့ပိုက်ဆံ ” လို့ ခါးခါးသီးသီး ငြင်းတယ်။ ပြောမရတဲ့အဆုံးမှာ ဂျိုယေးက ” ခင်ဗျားလို လူမျိုးကို ကျွန်တော့်ဆိုင်ကနေ ဈေးဝယ်ခွင့် မပေးနိုင်ဘူး။ ကောက်ယူထားတဲ့ ပိုက်ဆံ ပြန်ပေးရင် ပေး၊ မပေးရင် ဆိုင်ထဲက ထွက်သွားတော့”လို့ ပြောလိုက်တဲ့အခါ အမျိုးသမီးကြီးက ဒေါသထွက်ပြီး သူ့ကို ကျိန်ဆဲရင်း ဆိုင်ထဲက ထွက်သွားတယ်။ သူ လာဝယ်တဲ့ ရေခဲမုန့်ကိုလည်း မယူတော့ပါဘူး။
မျက်မမြင် အမျိုးသားကတော့ ဒီဖြစ်ရပ်တွေကို ဘာတစ်ခုမှမသိဘဲ ခပ်လှမ်းလှမ်းတစ်နေရာမှာ ရေခဲမုန့်တစ်ခွက်ကို ထိုင်စားနေတယ်။ ဂျိုယေးက သူ့ဆီ လျှောက်သွားပြီး သူ့အိတ်ထဲက ဒေါ်လာ ၂၀ တန်တစ်ရွက်ကို ထုတ်ပေးလိုက်တယ်။ ” ခင်ဗျား ကျသွားတဲ့ ဒေါ်လာ ၂၀ တန် လာပေးတာပါ ” ဆိုပြီး ပေးခဲ့တာပါ။ တကယ်တော့ ဂျိုယေးက တစ်နာရီလုပ်ခ ၁၀ ဒေါ်လာပဲ ရလို့ သူ့ရဲ့ ၂ နာရီစာ လုပ်အားခ ဒေါ်လာ ၂၀ ကိုပေးလိုက်တာပါ။ ဂျိုယေးက သူ့လုပ်ရပ်အကြောင်း ဘယ်သူ့ကို မပြောသလို လူမှုကွန်ရက်မှာလည်း ပို့စ်မတင်ခဲ့ပါဘူး။ သူ့နေရာသူ ပြန်သွားပြီး ဝယ်သူတွေကို ပုံမှန်အတိုင်း ဝန်ဆောင်ပေးနေခဲ့တာပါ။
ဒါပေမဲ့ ဒီဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ ဈေးဝယ်သူတစ်ဦးက ဒီအကြောင်းကို Diary Queen စတိုးဆိုင်ထံ အီးမေးလ်ပို့ခဲ့ပါတယ်။ ” ခင်ဗျားတို့ဆိုင်ဝန်ထမ်းတစ်ယောက်ရဲ့ စေတနာစိတ်ကတော့ တကယ့်ကို သြချရလောက်ပါတယ်။ အမျိုးသမီးကြီးတစ်ယောက်က အခြားဈေးဝယ်သူရဲ့ပိုက်ဆံကို ပြန်မပေးဘဲ ကောက်ယူသွားတာ . . . . သူက ကြားထဲကနေ သူ့ပိုက်ဆံနဲ့ စိုက်ပေးခဲ့တာပါ။ ဂျိုယေးကြောင့် ကျုပ်ကတော့ ခင်ဗျားတို့ဆိုင်ရဲ့ ထာဝရဖောက်သည် ဖြစ်သွားပြီ”လို့ ရေးထားတာပါ။
စတိုးဆိုင်ပိုင်ရှင်က ဒီအီးမေးလ်ကို ပရင့်ထုတ်ပြီး ဝန်ထမ်းနေ့စဉ် လုပ်ငန်းဆောင်တာ ဘုတ်ပြားပေါ် ကပ်ထားခဲ့တယ်။ ဒါကို တွေ့သွားတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ခ်ပေါ် တင်လိုက်တော့ ရက်ပိုင်းအတွင်းမှာပဲ ဂျိုယေးရဲ့အကြောင်းက ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားခဲ့တယ်။ အဲဒီနောက် မယုံနိုင်စရာ အဖြစ်အပျက်တစ်ခု ဖြစ်သွားတယ်။ ဂျိုယေးဆီ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့ပြီး ဖုန်းခေါ်ဆိုသူကတော့ ကမ္ဘာကျော်သူဌေးကြီး၊ ပရဟိတသမားကြီး ဝါရင်းဘက်ဖက်ပါပဲ။ ဝါရင်းဘက်ဖက်ရဲ့ Berkshire Hathaway ကုမ္ပဏီက Diary Queen စတိုးဆိုင်တွေကို ပိုင်ဆိုင်တာပါ။
ဝါရင်းဘက်ဖက်က ဂျိုယေးကို ဆုပေးဖို့၊ ဂုဏ်ပြုဖို့ ဖုန်းဆက်တာ မဟုတ်ပါဘူး။ ” ကျေးဇူးတင်ပါတယ်”ဆိုတဲ့ စကားတစ်ခွန်းပဲ ဆိုခဲ့တာပါ။ ဒါပေမဲ့ အခြားဝန်ထမ်းအားလုံးနဲ့ လူသားအားလုံးရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ပေးလို့ ကျေးဇူးတင်တာပါတဲ့။ ဒါပေမဲ့ ဂျိုယေးရဲ့ရိုးဖြောင့်မှုဟာ ပဲ့ထင်မထပ်ဘဲ မနေခဲ့ပါဘူး။ သူတို့ဆိုင်ကို ဖောက်သည်သစ်တွေ အများကြီး ရောက်လာတယ်။ အမျိုးသမီးကြီးတစ်ယောက်က ဂျိုယေး ကောလိပ်တက်ရင် သုံးဖို့ ငွေသားအပြည့်ထည့်ထားတဲ့ စာအိတ်တစ်အိတ် လာပေးတယ်။ အမျိုးသားတစ်ယောက်ဆိုရင် အခြားမြို့ကနေ တကူးတကလာပြီး ဂျိုယေးကို ဒေါ်လာ ၁၀၀ ဂုဏ်ပြုပေးခဲ့တယ်။
ရေဒီယိုတစ်ခုက ဂျိုယေးကို အထူးဧည့်သည်တော်အဖြစ် ဖိတ်ခေါ်ပြီး စကားပြောခိုင်းတယ်။ သူ့ကို အလုပ်ကမ်းလှမ်းတဲ့ ကုမ္ပဏီတွေ အများအပြားပါပဲ။ Minnesota Wild ဟော်ကီအသင်းက သူ့ကို ဖုန်းဆက်ပြီး သူငယ်ချင်း အယောက် ၂၀ နဲ့အတူ လာရောက်အားပေးနိုင်ဖို့ လက်မှတ်တွေ ပေးခဲ့တယ်။
ဒါတွေအားလုံးဟာ ဂျိုယေးက သူ့ရဲ့မဟုတ်မမှန်တဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့တာကို မဆိုင်သလို နှုတ်ဆိတ်မနေခဲ့တဲ့ အကျိုးရလဒ်တွေပါပဲ။ ဂျိုယေးကတော့ မှန်မယ်ထင်လို့ လုပ်ခဲ့တာပါ။ လုပ်သင့်၊ မလုပ်သင့် ချီတုံချတုံ တစ်ချက်လေးတောင် မဖြစ်ခဲ့ပါဘူးတဲ့။ သူ့မှာ ဂုဏ်အား၊ ငွေအား၊ ရာထူးအား ဘာတစ်ခုမှ မရှိပေမဲ့ ရိုးဖြောင့်မှုစိတ်တစ်ခုနဲ့အတူ မှန်တယ်ထင်တဲ့အရာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားခဲ့တာပါ။
Ref: Joey Prusak
NZ (ရိုးရာလေး)
The post ရိုးဖြောင့်မှုကြောင့် သူဌေးကြီးဝါရင်းဘက်ဖက်ကိုယ်တိုင် ဖုန်းဆက်ပြီး ကျေးဇူးတင်စကားဆိုခံရတဲ့ စတိုးဆိုင်ဝန်ထမ်း လူငယ်လေး appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment