ကင်ဆာရောဂါနဲ့ မသေဆုံးခင် သမီးဖြစ်သူနဲ့ သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်အနိုင်ရချင်တဲ့ နောက်ဆုံးဆန္ဒလေးဖြည့်ဆည်းသွားခဲ့တဲ့ မလေးရှားအဆိုတော်

“မေမေ…ကောင်းကင်ဘုံမှာ ပျော်ရွှင်ပါစေ” တဲ့။ ဒီစကားလေးကတော့ အသက် ၈ နှစ်အရွယ် သမီးဖြစ်သူက မိခင်ဖြစ်သူ မလေးရှားအဆိုတော် Mow Yee Hsian ရဲ့ နာရေးမှာ ပြောခဲ့တဲ့ နောက်ဆုံးနှုတ်ဆက်စကားလေးပါပဲ။ အသက် ၄၆ နှစ်အရွယ် Mow Yee Hsian က ဇန်နဝါရီ ၇ ရက်နေ့မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။ သူ မသေဆုံးခင်က သူ့သမီးဖြစ်သူနဲ့အတူ သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်ကာ အနိုင်ရချင်တဲ့ ဆန္ဒလေးကိုတော့ ပြီးခဲ့တဲ့နှစ်မှာ ဖြည့်ဆည်းသွားနိုင်ခဲ့ပါတယ်။
 
Mow ဟာ The Queen of Street Singing အဖြစ် လူသိများတဲ့ မလေးရှားအဆိုတော်တစ်ဦးဖြစ်ပြီး မလေးရှားနဲ့ ပြည်ပက သီချင်းဆိုပြိုင်ပွဲများစွာမှာ အနိုင်ရခဲ့ဖူးပါတယ်။ သူ့ခင်ပွန်း Xiao Jingsong ကလည်း အဆိုတော်ဖြစ်ပြီး ကိုဗစ်ကာလအတွင်း အွန်လိုင်းပေါ်ကနေ တိုက်ရိုက်ဖျော်ဖြေတင်ဆက်မှုတွေကြောင့် ပိုပြီးလူသိများလာခဲ့တာပါ။ သူတို့စုံတွဲက ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သမီးလေးတစ်ယောက်ပဲရှိပါတယ်။ 

၂၀၁၉ ခုနှစ်မှာ Mow က အူမကြီးကင်ဆာရောဂါကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ဆုံးမှာ ကင်ဆာဆဲလ်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ ကင်ဆာရောဂါကို တွန်းလှန်နေတဲ့အတောအတွင်းမှာပဲ တရုတ်သီချင်းဆိုပြိုင်ပွဲ Family Singing Show ကို သမီးဖြစ်သူနဲ့အတူ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သမီးဖြစ်သူကို ဘဝတစ်သက်တာလုံး တန်ဖိုးထားမြတ်နိုးမယ့် အမှတ်တရကောင်းတွေကို ချန်ထားပေးခဲ့ချင်တာကြောင့် အခုလိုဆုံးဖြတ်ခဲ့တာပါ။ 


Mow က ကင်ဆာရောဂါကုသမှုခံယူနေစဉ် ဓာတ်ရောင်ခြည်ကုထုံးခံယူနေစဉ်အတွင်းမှာတောင် အဆိုနဲ့ အကကို လေ့ကျင့်ခဲ့တာပါ။ ဒီအခြေအနေက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေပေမဲ့၊ ကုသမှုက သူ့အသံကြိုးအပေါ် သက်ရောက်မှုရှိစေပေမဲ့ အဆိုပြိုင်ပွဲကို ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ စိတ်ပိုင်းဖြတ်ထားခဲ့တာပါ။ 

သူ ကြိုးစားရကျိုးနပ်ခဲ့ပါတယ်။ သမီးဖြစ်သူနဲ့အတူ အဆိုပြိုင်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲမှာ သမီးနဲ့အတူ ဖျော်ဖြေတင်ဆက်ရတာက သူ့ဘဝမှာ အရေးကြီးဆုံးအရာတွေထဲကတစ်ခုဖြစ်ပြီး ခင်ပွန်းနဲ့ ဇနီးအတူသီဆိုဖျော်ဖြေချင်တဲ့ဂီတအိပ်မက်နဲ့ အမေနဲ့သမီးအတူဖျော်ဖြေတင်ဆက်ချင်တဲ့အိပ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ Mow က သူမသေဆုံးခင် ဖွင့်ဟခဲ့ပါတယ်။ Mow က သူ့ခင်ပွန်းနဲ့အတူ သူတို့လက်မထပ်ခင် ၂၀၁၀ ခုနှစ်မှာ အချစ်သီချင်းပြိုင်ပွဲမှာ အနိုင်ခဲ့ဖူးပါတယ်။ 

Mow က သမီးဖြစ်သူနဲ့ အဆိုပြိုင်ပွဲမှာ အနိုင်ခဲ့ပြီးတဲ့နောက်မကြာခင်မှာပဲ သူ့ကျန်းမာရေးအခြေအနေဆိုးရွားလာကာ ဇန်နဝါရီ ၇ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။ လူ ရာပေါင်းများစွာက Mow ရဲ့နာရေးကို တက်ရောက်ခဲ့ကြပါတယ်။ နာရေးအတွင်းမှာ သူ့မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ချန်ထားခဲ့တဲ့ Mow ရဲ့စာကို ဖတ်ပြခဲ့ကြပါတယ်။ Mow က သူ့သမီးကို ကောင်းမွန်တဲ့ဘဝမှာ နေထိုင်ဖို့လည်းပြောသွားခဲ့ပါတယ်။ 

Ref: M’sian singer fulfils wish of winning Mother Daughter singing competition before passing away from cancer

WL ( ရိုးရာလေး )

The post ကင်ဆာရောဂါနဲ့ မသေဆုံးခင် သမီးဖြစ်သူနဲ့ သီချင်းဆိုပြိုင်ပွဲမှာ ယှဉ်ပြိုင်အနိုင်ရချင်တဲ့ နောက်ဆုံးဆန္ဒလေးဖြည့်ဆည်းသွားခဲ့တဲ့ မလေးရှားအဆိုတော် appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post