သီရိရယ်

“အော် သူ့အကောင့်လေး မီးစိမ်းနေပါလား”

ဖုန်းလေးကို ကိုင်ပြီး Facebook လေးကို ဖွင့်လိုက်တော့ သီရီအကောင့်လေး မီးလေးစိမ်းနေတယ်လေ။ ဒါပေမယ့် တစ်ခါမှလည်း နှုတ်မဆက်ရဲတဲ့ ဘဝ။

“သီရိရေ ကိုယ့်မှာသာ ကိုယ့်အပြစ်နှင့် ကိုယ်ဖြစ်ခဲ့ရပြီ။ တို့နှစ်ယောက်ချစ်ခြင်းကို ကိုယ့်ရဲ့ ဇီဇာကြောင်မှုကြောင့် တို့တွေ ဝေးခဲ့ကြရတာ မဟုတ်လားလေ။ အားလုံး ကိုယ့်အပြစ်တွေပါကွာ”

လို့ ဆွေးဆွေးမြေ့မြေ့လေးတွေးရင်း အတိတ်ကို ဇော်မိုး တစ်ယောက် တမ်းတပြီး မဆုံနိုင်တဲ့ ဘဝမို့ ဆွေးနေရတယ်လေ။

”အော်သီရိရယ်”

ကျနော်.. ရန်ကုန်အရှေ့ပိုင်းတက္ကလိုလ် lecture therater တည်ဆောက်ရေးမှာ အန်ဂျင်နီယာကန်ထရိုက်တာ အဖြစ်တာဝန်ယူခဲ့တယ်။ ရန်ကုန်ကနေပြီး အလုပ်သွားရတာလေ။ ကားမောင်းပြီးပေါ့။ ဖောင်ဒေးရှင်းလေး စတင်နေခဲ့တဲ့ အချိန်မှာ ပုံစံတွေက မတည်မငြိမ်၊ အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတာကြောင့် မူလဒီဇိုင်းအတိုင်း လုပ်ထားရကနေ ပုံစံပြောင်းတဲ့အတွက် ပေါက်ကွဲနေတဲ့အချိန် ကားကို မြန်မြန်လေး မောင်းလာခဲ့တယ်။

သံလျှင်ဘက်ကမ်းရောက်တော့ လမ်းရှင်းပါတယ်ဆိုပြီး အရှိန်တင်လိုက်တယ်။ လူက ကိုယ့်အတွေးနှင့် ကိုယ်ဆိုတော့ ပတ်ဝန်းကျင်ကို ဂရုမစိုက်အားဘူးဗျ။ လမ်းသွယ်လေးကနေ ဆိုင်ကယ်တစ်စီး အတင်းထွက်လာတယ်။ ကားရှေ့အထိရောက်လာတာကြောင့် “ကျွီ..ဟီ..ဟီ..ကျွီ” ကားဘရိတ်ကိုအတင်းဖမ်းနင်းရင်း ဒေါသထောင်းကနဲ ထွက်သွားတယ်။ မတိုက်မိပေမယ့် ဆိုင်ကယ်ကလဲတယ်။ လဲသာလဲသာ သောက်ခလေးမက လက်ထဲက ရေခဲချောင်းကို မလွှတ်ဘူး။

သိတဲ့အတိုင်း အလုပ်ထဲမှာ ဆဲနေကျ ပုံစံအတိုင်း အယုတ်တ အနတ္တတွေ ထွက်သွားတယ်။ ကားပေါ်ကဆင်းပြီး ဆိုင်ကယ်ကိုထူရင်း ကြည့်လိုက်ကာ

“ဟေ့ကောင်မလေး.. ဒါကား ကား ဟဲ့…. ကားတိုက်ရင် သေတတ်တယ် နားလည်လား၊ နင်လင်မလိုချင်တော့ဘူးလား”

“အံမာ တိုက်ချင် တိုက်ပလိုက်၊ လင်မလိုချင်တော့ဘူးလား ဘာလာနဲ့”

ကျနော်လည်း အဲဒီအခါမှ သတိထားမိတယ်၊ ကောင်မလေးက မျက်ကြောတင်းလေး ဆေးဆိုးဆံပင်လေးနှင့်။ ရုပ်လေးက ချစ်စရာလေးပါ။ တော်တော်လေးလည်း လှတယ်။ သူ့အရပ်နှင့်လိုက်ဖက်တဲ့ အလှအပ အဖုအထစ်တွေက ရင်ခုန်စရာကြီးပေါ့။ ရင်ထဲမှာ ရေခဲမြစ်လေးစီးဆင်းသွားတယ်။ သိပ်ချစ်သွားပြီခေးရယ်။

“အဲဒီလိုပါ လင်ယူမယ်ဆို ငါ့ကို စဉ်းစားပေးပါလို့”

“အမ် မသာကြီး..ရုပ်ကဖြင့် သင်းချိုင်းကို ခြေတလှမ်းနေပြီ ငါခဲနှင့် ကောက်ထုလိုက်ရ”

ကောင်မလေးက ပါးစပ်ကလည်းပြောရင်း ခဲကောက်ကိုင်လို့ ကျနော် ကားပေါ်တက်ပြီး အတင်းမောင်းပြေးရတော့တယ်။

“ဟိုက် မလွယ်ကြော ဇတ်ဇတ်ကြဲလေး”

ကျနော်.. အဲဇတ်ဇတ်ကြဲလေးကို ခိုက်သွားတယ်။ အင်း.. အသက်ကလည်း ခြောက်နှစ်လောက်ကွာမယ့် သဘောရှိတယ်။ ဒီလိုအလန်းလေးက ငါလိုလူကို ဘယ်ကြိုက်မလဲကွာ.. ဘာဖြစ်ဖြစ်သူ့အချစ်ကို ရဖို့ ငါ့သိက္ခာတွေ မာနတွေကို ခဝါချရမှာပဲလေ။ ချစ်တော့လည်း လူငယ်စတိုင် ဖမ်းရမှာပေါ့။

နောက်နေ့ အဲဆော်ကို အဲဒီနေရာလေးမှာပဲ ကြိုစောင့်ဖို့ စဉ်းစားလိုက်တယ်။ အဟဲ နဖူးစာ ရွာလယ်ပြီ။ ရန်ကုန်သားနှင့် သံလျင်သူ၊ အဟီး..မိုက်တယ်။

အော်.. ငါတော့ ရှင်မွေ့လွန်းနှင့်တော့ တွေ့ပြီ။ အင်း.. အဆင်ပြေအောင်ပဲ လုပ်ရမယ်၊ ငါ့အသက်က မိန်းမယူရမယ့် အရွယ်ရောက်နေပြီပဲ။ စိတ်ကူးနှင့် ရူးပေါ့ဗျာ။

သီရိတစ်ယောက် ပေါက်ကွဲနေတယ်။ မနက်က ရေခဲချောင်းလေးဝယ်ပြီး ဆိုင်ကယ် လက်တဖက်နှင့် ထိန်းစီးပြီး လမ်းသွယ်က လမ်းမကြီးပေါ်တက်တော့ အရှိန်နည်းနည်းလွန်ပြီး သူများလမ်းကြောပေါ် ရောက်သွားတာ။ ရန်ကုန်ဘက်ကလာတဲ့ ကားနှင့်တိုက်မိတော့မလို့။ လဲသွားတာ လူကို မထူပဲ ဆိုင်ကယ်ကို ထူတယ်။

ပြီးတော့ သောက်အားမနာလည်း ပြောသေးတယ်။ ဘာတဲ့ လင်မလိုချင်ဘူးလားတဲ့။ သူ့အပူကျနေတာပဲ။ ပြီးတော့လည်း ရိသဲ့သဲ့ ရည်းစား စကားပြောသေးတယ်။ လူကဘဲ အိုဘဲနာကြီး ဖြစ်နေပြီ။ ဒီကမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ။ အားမနာ လျှာမကျိုး ပြောတယ်။ စိတ်တိုပြီး ခဲနှင့်ထုမလို့။

“ခွေးသားကြီး တွေ့ရင်တော့ ဟင်းးးဟင်းး”

ဒေါသစိတ်လေး လျှော့လိုက်ပြီးမှ ပြန်တွေးကြည့်လိုက်တယ်။ အသက်သာကြီးတာပါ။ ရုပ်က မဆိုးဘူးပဲ။

“အံမယ် သူ့တစ်ကိုယ်လုံးလဲ ရေမွေးနံတွေနှင့် မွေးနေတာပဲ။ ရေမွေးပုလင်းများ ဖိတ်ကျလာခဲ့သလားလမသိဘူး။ အာ..ငါဘာတွေ တွေးမိနေတာလဲ”

ဆတ်ဆတ်ကြဲလေး သီရိရင်ထဲ အတွေးတစ်ချက် ခဏတာလေး ဝင်သွားတော့။ သီရိတစ်ယောက် ရှက်ပြုံးလေး ပြုံးမိသွားတယ်။ သီရိလည်း ကျောင်းတက်ဖို့အတွက် ဆိုင်ကယ်ကို ကျောင်းဘက်ဦးတည်ထွက်လိုက်တယ်။

ကျောင်းဘက်ရောက်ပြီး ကျနော်လည်း အလုပ်များနေတာကြောင့် ဘယ်မှမထွက်ပဲ အလုပ်အတွက် စီစဉ်ပေးနေရပေမယ့် ခုနတုန်းက လမ်းမှာတွေ့တဲ့ ကောင်မလေးက အတွေးထဲမှာ စိုးမိုးနေတာကြောင့် ကိုယ့်ဟာကိုယ် ပြုံးမိတယ်။ ဆယ်လီနာဂိုမက်လို လှတဲ့ ကောင်မလေးရယ် မင်းဆီမှာလဲလေ။

နေ့လည် ထမင်းစားချိန်ရောက်တော့ ကန်တင်းဘက်ကို သွားလိုက်တယ်။ ဆိုင်ကလည်း ရင်နီးနေပြီ။ ဆိုင်ရှင် မချယ်ရီက ခါတိုင်းဆို ကျနော်ကနောက်ကျပြီးမှ လာလေ့ရှိတော့ အံဩနေတယ်။

ဆိုင်မှာ ကျောင်းသားကျောင်းသူတွေ များနေလို့ လက်မလယ်ဘူး။ ကျနော်လည်း ဆိုင်ထဲကိုကြည့်လိုက်တော့ ဟားးးး ဟိုကောင်မလေး၊ ကြည့်စမ်း ဝေးဝေးရှာစရာ မလိုဘူး ဒီကျောင်းကပဲ၊ နဖူးစာမှန်တော့ တွေ့ရပြီပေါ့။

“ထမင်းပေါင်းတစ်ပွဲ လာချ၊ ပြီးတော့ သံပုရည်တစ်ခွက်”

အောသူမှာပြီ ငါဂွင်ဖန်ပြီး အနားကပ်လိုက်ဦးမယ်။

“အကြော်ဆရာ ထမင်းပေါင်း မြန်မြန်လုပ်ကွာ”

“ဆရာ စားမလို့လား၊”

“မဟုတ်ဘူး ဟိုဆော်လေးလေ သူမှာတာ”

“အော် မသီရိလား။ မင်းသိလို့လား”

“ဟေ.. သီရိတဲ့လား”

“သီရိရတနာတဲ့ ဆရာ”

“အေးးးရပြီလား၊ ထမင်ပေါင်း”

“ရပြီဆရာ”

“ပေး..ငါ့ကိုပေး”

“ဆရာ ပို့ပေးမလို့လား”

“အင်းးးးး”

ကျနော်လည်း ထမင်းပေါင်း ပန်းကန်ယူကာ သီရိအနားကိုသွားပြီး

“ရပါပြီ ထမင်းပေါင်း”

သီရိ မော့ကြည့်တော့ ရင်တောင် ခုန်သွားတယ်။

“ဟာ… ဘဲရီး စားပွဲထိုးလား”

“ဟုတ်ကဲ့”

သီရီ သဘောကျသွားတယ် လက်စားချေခွင့် ရပြီ။

“အော… ရေနွေးပေးဦး”

“ရမယ်”

ကျနော် ရေနွေးအိုး ချပေးလိုက်တယ်။

“တစ်ရှူးဘူးပေးအုံး”

“ရမယ်”

တစ်ရှူးဘူး ချပေးလိုက်တယ်။

“ဟင်.. ဇွန်းတွေက မသန့်ဘူး”

“ပေးပါ.. ကျနော် ရေနွေးစိမ်ပေးမယ်”

ရေနွေးစိမ်ပေးပြီး ဇွန်းခက်ရင်း ဆေးပေးလိုက်တယ်။ စားပွဲခုံက ညစ်ပတ်နေတယ်။ သုတ်ပေးလိုက်တယ်။ သူ့အနား မထိတထိလေး ကပ်ပြီး သုတ်ပေးလိုက်တာ။

“ဟေ့လူ.. ဘာလို့ အနားကပ်တာတုန်း”

“အဲ သေသေချာချာ ကြည့်ချင်လို့ပါ”

“ဘာရှင့်..”

“အော် မောင်လေး ဇော်မိုး.. အားနာလိုက်တာကွယ်၊ သီရိ ညီမလေး သံပုရာရည် သောက်ဦးမလား”

ကျနော်လည်း မချယ်ရီ အနားရောက်လို့ ဆက်စကားမပြောပဲ ခွာလိုက်တယ်။ မချယ်ရီနှင့် သီရိတို့စကားပြောနေတယ်။ မချယ်ရီက ကျနော့်ဘက်လှည့်ကြည့်ပြီး အားတုံ့အားနာ ဖြစ်နေပုံပဲ။ သူကတော့ ပြုံးစိစိနှင့်… အင်းး သီရိရယ် မင်းငါ့ကိုပြုစားနိုင်တယ်ကွယ်။

ညနေ သုံးနာရီလောက် အလုပ်ကနေ ပြန်ခဲ့တယ်။ ဘုရားကုန်းကျော်ပြီး ကျိုက်ခေါက်အလွန်မှာ သီရိကိုဆိုင်ကယ်တွန်းရင်း လမ်းမှာတွေ့တယ်။

“ဟေ့…သီရီ”

“ဟင်..ဘဲရီး”

“ဟာတစ်ခါတည်း ဘဲ အဖြစ် ခေါ်လိုက်တာလား”

“ဘာရှင့် နာချင်ပြန်ပြီ”

“အာ ကူညီမလို့ပါကွာ”

“မလိုဘူး.. ကိုယ့်အားကိုယ်ကိုးပဲ၊ ရှင်တို့ယောက်ျားလေးတွေက နည်းနည်းကူညီမယ်၊ ခင်ချင်တယ် ပြောမယ်၊ ပြီးရင် ရည်းစားစကားပြောမယ် မသိတာကျလို့”

“အောသီရိက ကြိုသိပြီးပြီပဲ.. အဖြေပေးဖို့ စဉ်းစားတော့”

“ဘာရှင့်..”

“ပေးပါ ဆိုင်ကယ်၊ ရော့ ကားသော့ ကားပေါ်နေခဲ့ ဆိုင်ကယ် သွားပြင်လာခဲ့မယ်”

ကျနော် ကားသော့ အတင်းပေးပြီး ဆိုင်ကယ်ကို တွန်းလာခဲ့တယ်။ ဆယ့်ရှစ်ကုန်းမှာ ဆိုင်ကယ်ပြင်ဆိုင်မရှိတော့ အောင်ချမ်းသာအထိ တွန်းလာခဲ့တယ်။ မောမှန်းတောင် မသိဘူး၊ အချစ်စိတ်တွေ တဖွားဖွား ပေါက်ဖွားနေလို့ပေါ့ဗျာ။

ကားသော့လေးပေးပြီး ဆိုင်ကယ်တွန်းကာ ထွက်သွားသော ကိုဇော်မိုးကို သီရိ သနားသွားမိတယ်။ စိတ်ထဲလည်း ကြည်နူးမိတယ်။ သူ့အပေါ် တကယ်ဂရုစိုက်သော လူတစ်ယောက်၊ ချစ်သောသူတစ်ယောက်ကို တွေ့ရတဲ့ အတွက်လည်း ဖြစ်တယ်။

သီရိစိတ်ထဲမှာ ကိုယ့်အားကိုယ်ကိုးပြီး သူတပါးကို ကူညီတတ်သော ဘဲရီးကို လေးစားသွားတယ်။ ဘဲရီးကတော့ သီရိအပေါ် တရားဝင် ချစ်ခွင့်ပန်လာမှာကိုလည်း တွေးမိတယ်။ အဲလိုဆိုရင်လည်း ကိုယ့်အပေါ် ဘယ်လောက် သည်းခံနိုင်မလဲ စမ်းသတ်ဖို့ စဉ်းစားမိပြီး မိမိအဖြစ်ကို ရယ်ချင်နေမိတော့တယ်။

ကျနော်လည်း ဘီးဖာပြီး ဆိုင်ကယ်စီးကာ သီရိဆီလာလိုက်တယ်။ ပြီးတော့ သီရိကို သော့လှမ်းပေးရင်း

“သီရိရော့ သော့.. ကလေးတွေကို စာသင်ရဦးမယ် မဟုတ်လား”

“ဟင် ဘယ်လိုလုပ်သိလဲ”

“သီရိ ဆယ်တန်း ကလေးတွေကို Guide လုပ်နေတယ်မလား သွားတော့ ဆိုင်ကယ် တွန်းထားတာ ချွေးတွေနဲ့.. ရေလေးဘာလေး ချိုးပြီးမှ သွား၊ မဟုတ်ရင် ကလေးတွေ မူးလဲသွားမယ်”

“ဘာာာာာာာာာာ”

“ရုပ်ကလေးက လှရက်သားနဲ့ လူက ညစ်ပတ်လို့ပါ”

“ဘာ… ဘာပြောတယ်”

“ဟဲ..ဟဲ အလုပ်တွေရှုပ်ပြီး ရေမချိုးဖြစ်ဘူးဆို”

“အမလေး စွပ်စွပ်စွဲစွဲ”

“သွားတော့လေ သီရိ မနက်မှ ကိုစောင့်နေမယ်”

သီရိ လန့်တောင် လန့်လာတယ်၊ ဒီလူကြီးက သီရိအကြောင်း သိနေလို့လေ၊ သီရိ ရယ်ချင်သွားတယ်၊ စိတ်ထဲမှာလည်း တွေဝေသွားတယ်၊ ဘဲရီးနှင့်တွေ့တော့ သီရိစိတ်ထဲ ဘဲရီးက စိုးမိုးပြီး နေတာလေ။

ညနေ ကလေးတွေနှင့် စာသင်နေရင်း ပြုံးမိတယ်။ ညလည်း အိပ်မပျော်ဘူး မနက် ရောက်တော့ စောစောလေး ထလိုက်တယ်။ ရေမိုးချိုးပြီး အလှပြင်ရာက ရယ်ချင်နေတယ်။ ဘဲရီးကိုလည်း တွေ့ချင်တယ်။

“လူဆိုးကြီး တဖြေးဖြေးနှင့် သီရိ စိတ်ကို ဖမ်းစားနိုင်တယ် ဟင်းး”

အဲဒါနှင့် ဆိုင်ကယ်လေး ထုတ်ပြီးစီးကာ လမ်းထိပ်ကိုထွက်တယ်၊ လမ်းထိပ် ဝဲယာကြည့်တော့ ဘဲရီးကားကို တွေ့တယ်။ လမ်းထိပ်ဆိုတော့ သီရိ ရှက်သွားတယ်။ မတော်တဆ အိမ်က လူတွေနှင့်တွေ့ရင် အရှက်ကွဲမှာမို့ ခေါင်းငုံပြီး ဆိုင်ကယ် အတင်းမောင်းထွက်ပြီး ကျောင်းကို လာခဲ့လိုက်တယ်။ စောစောရောက်တော့ ယောင်ချာချာနှင့်လေ။

ကျနော်လည်း ကျနော့်ရှေ့က ဆိုင်ကယ်အတင်းမောင်းသွားတဲ သီရီနောက်က လိုက်ခဲ့တယ်။ သီရိနောက်က ကားရပ်ပြီး

“သီရိ.. တစ်ခုခု စားရအောင်”

“ဟုတ်..ဟုတ်”

ကျနော် ကန်တင်းဘက်ကို လမ်းလျှောက်ရင်းကနေ သီရိကို ကြည့်တော့ သီရီက ခေါင်းငုံကာ စဉ်းစားနေတယ်။

“သီရိ.. ကိုယ်မင်းကို ချစ်တယ်”

“ရှင်…ဘဲရီး၊ အဲလိုပြောဖို့ မစောလွန်းဘူးလား”

“မစောဘူး.. မင်းအနားမှာရှိတဲ့၊ ချစ်ရင်ထူး၊ မဟူရာနှင့် ဟိုဘဲလေးတွေရဲ့ ခေါတော တစ်ထောင်နှင့်ကြည့်တဲ့ အကြည့်တွေက စိုးရိမ်စရာ ကောင်းလို့ပါ”

“အမ်.. သူတို့က နှာဘူး အကြည့်နှင့် ကြည့်တယ်ပေါ့.. ဘဲရီးက ဘယ်လိုလုပ်သိလဲ”

“မြွေမြွေချင်း ခြေမြင်တယ်လေ”

“အဲဒါဆို ဘဲရီးလည်း နှာဘူးပေါ့”

“မဟုတ်ပါဘူး ကျနော်က အချစ်စွမ်းရည်နှင့် ကြည့်တာပါ”

“ဘဲရီးက လိပ်မျိုးပဲ သိပ်သိတတ်တယ်”

“သီရိ ကိုယ့်ကို အဖြေပေးဦလေ”

“ချက်ချင်း ဘယ်ပေးမလဲ စောင့်ပေါ့”

“အေးပါကွာ စောင့်ပါ့မယ်”

ဒီလိုနှင့် ကန်တင်းထဲ ရောက်တော့ စားစရာ မှာလိုက်တယ်။ ကျနော်က ကော်ဖီ၊ သူက လက်ဘက်ရည်တဲ့။ ကျနော်လည်း အကြိုက်တူအောင် လက်ဖက်ရည် မှာရတယ်။ ပိုက်ဆံရှင်းတော့လည်း သူက အရှင်းမခံဘူး၊ သူ့စားတာ သူသောက်တာ သူ့ဟာသူ ရှင်းသွားပြီး၊ ကျနော်ကို ထားကာ ကျောင်းထဲကို သွားတယ်။ သူ့မာနကို လုံးဝအထိမခံတဲ့မိန်းကလေးပါဗျာ။

သီရိတစ်ယောက် ရင်ထဲမှာ တွေဝေခဲ့ရပြီ။ ရည်မှန်းချက်တွေ တလှေကြီးနှင့် နေလာခဲ့တာ။ ကိုဇော်မိုးရဲ့ အကြင်နာ ချစ်ခြင်းက သူအပေါ် လွှမ်းမိုးခဲ့ရပြီ။ ဘယ်သူခံနိုင်မလဲလေ ကိုယ့်လောက် ဂျစ်ကျနေသူတစ်ယောက် သိသိကြီးနှင့် ဆိုးတဲ့သူအပေါ် သည်းခံစိတ်တွေ မွေးပြီး ကိုယ့်ပေးမဲ့ မေတ္တာတရားကို စောင့်မျော်နေသူ အပေါ်မှာ နှလုံးသားက ချစ်ခွင့်ပေးလိုက်မိပြီ။

ကိုဇော်မိုး အပေါ်မှာ ချစ်မိပေမယ့် ကိုယ်ရဲ့လွတ်လပ်ခွင့်နှင့် ရည်မှန်းချက်တွေအပေါ် ထိပါးလာမှာလည်း စိုးတယ်။ လောကဓံတရားကို အံတုပြီး ရွဲ့တတ်တဲ့ သီရိရဲ့ အပြုအမူတွေကို ကိုဇော်မိုး နားလည်ရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။

နောင်အပတ်တွေမှာလည်း ဇော်မိုးဟာ သီရိနှင့် အမြဲတွေ့တယ်။ သီရိ ဆိုးနွဲ့တာ ခံရင်းနှင့်ပဲ

“သီရိ ကို သီရိလေးကို ချစ်တယ်ကွာ.. သီရိသဘောထားလေး သိပါရစေတော့”

“သီရိ ကန့်ကွက်စရာ မရှိဘူး ကိုကို”

“ကိုယ့်ကို ကိုကိုလို့ ခေါ်လိုက်တယ်ပေါ့နော် သီရိ’”

“အာ မသိဘူး”

“ထပ်ခေါ်ကွာ သီရိရာ”

“ခေါ်ချင်ပါဘူး”

“ခေါ်ပါ သီရိရာ”

“ဘဲရီး”

“ဟာကွာ.. ရွှတ်”

ကျနော် နမ်းပစ်လိုက်တယ်။ စိတ်ထဲမှာ အားမလို အားမရ ဖြစ်လာလို့။

“အာ ကိုကိုနော်”

“ဟေးးးးး ပျော်တယ်ဟေ့.. ဟားးးဟားးးးဟားးးး”

“ဟာ ကိုကို ဘာတွေဖြစ်နေလဲ”

“ဝမ်းသာလွန်းလို့ပါကွာ”

“ခစ်..ခစ်..ခစ်”

“ကိုကိုတို့ ဘုရားသွားရအောင်”

“ဒီမှာ ကိုကို ဒါမျိုးက ရိုးနေပြီ၊ ပထမ ဘုရားသွားမယ်၊ ဒုတိယ ပန်းခြံသွားမယ်၊ ပြီးရင် ဟိုတယ်ကိုခေါ်အုံးမှာ မဟုတ်ဘူးမလား”

“ဟာ သီရိကလည်းကွာ အဲလို မဟုတ်ပါဘူး”

“ဘာမဟုတ်ရမှာလည်း ကိုကို၊ အဲဒါ ယောက်ျားလေးတွေ လုပ်နေတဲ့ သီအိုရီပဲလေ”

“အင်း သီရိမှတ်ထားနော်… ကိုကိုက သီရိကို ဘယ်တော့မှ ဟိုတယ် မခေါ်ဘူး”

“တကယ်လား ကိုကို”

“အင်းးး”

“သီရိက ဟိုတယ်ပဲ သွားချင်တာ”

“နိုး မခေါ်ဘူး”

“ကိုကို ပိုက်ဆံမရှိလို့ မဟုတ်လား”

“ဘာ.. မင်္ဂလာဆောင်ပြီးရင် တစ်လလောက် ဟိုတယ်မှာ ဟန်းနီးမွန်း လုပ်ပစ်မှာ.. သီရိကို မနားစေရဘူး”

“သွား ညစ်ပတ်”

“ဟားးးးး ဟားး မကြောက်ပါနှင့် သီရိရယ်”

“ဘာလဲ ပဲမြစ်မို့လား”

“အမ်..ပဲမြစ်.. ဟားးးးဟားးးးး”

“တော်ပြီ…..ဘဲရီး”

“သီရိ ကို့ကို ချစ်တယ်ပြောလေ”

“ချစ်တယ် ချစ်တယ်”

“ချစ်တယ် သီရိရယ်”

ကျနော်လည်း သီရိကိုဖက်ပြီး သီရိရဲ့ နှုတ်ခမ်းပါးလေးကို နမ်းလိုက်တယ်။ သီရိလည်း ကျနော့် အနမ်းတွေကို ပြန်တုန့်ပြန်ပြီး နမ်းတယ်ဗျ။ အချစ်ကိုတွေ့ရတော့ ရင်ခုန်သံချင်းပါ နီးစပ်ခဲ့ပြီလေ။ တစ်ယောက်နှင့် တစ်ယောက် အမြဲပဲ တွေ့ချင်တယ်။ တွေ့ရင်လည်း သီရိက ဘာပစ္စည်း လက်ဆောင်ပေးပေး လက်မခံဘူးဗျ။ အစားအသောက် စားရင်တောင် တစ်ယောက်တလည့် အကုန်ခံခိုင်းတယ်။ ကျနော် ဘယ်လို မြိုကျမှာလည်းဗျာ။


Your new digest 50

Post a Comment

Previous Post Next Post