ကားနောက်ဖုံးမှာ ထမင်းထုပ်တင်ရောင်းပြီး ဘဝကို ပြန်စနေတဲ့ မလေးရှားစီအီးအို

ဘဝကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေရချိန်မှာ အသေးအမွှားလေးကနေ စတင်ရတာဟာ ရှက်စရာမဟုတ်ဘူးဆိုတာကို လက်တွေ့ပြသနေသူကတော့ မလေးရှား CEO တစ်ဦးဖြစ်တဲ့ အက်ဒီအစ္စမေးလ်(Ade Azhar Ismail) ပါပဲ။

အက်ဒီ (Ade) ဟာ ဖြန့်ချိရေးကုမ္ပဏီတစ်ခုရဲ့ CEO အဖြစ်နဲ့ စီးပွားရေးလောကမှာ ၁၆ နှစ်နီးပါး ကျင်လည်ခဲ့ပြီး လစဉ်ဝင်ငွေ ရန်းဂစ်သောင်းဂဏန်း ရခဲ့သူပါ။ လေအေးပေးစက်၊ အမွှေးဆီ၊ ပုံပြင်စာအုပ်၊ ကလေးစာအုပ်တွေနဲ့ အစ္စလာမ်ဘာသာရေးစာပေတွေ ဖြန့်ချိတဲ့ သူ့ကုမ္ပဏီမှာ ဝန်ထမ်း ၆၀ အထိ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဝန်ထမ်းတွေရော၊ စီးပွားဖက်တွေပါ နုတ်ထွက်သွားခဲ့ကြလို့ ဘဏ္ဍာရေးအခက်အခဲ ကြုံခဲ့ရပါတယ်။

လက်ရှိအချိန်အထိ ကုမ္ပဏီက ဆက်လက် လည်ပတ်နေဆဲဖြစ်ပေမဲ့ အက်ဒီကတော့ ကုမ္ပဏီကနေ လစာငွေ ထုတ်ယူမှုကို ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမဲ့ သူ့ဘဏ်အကောင့်ထဲမှာလည်း ၃၃ ရန်းဂစ်ပဲ ကျန်တော့တာကြောင့် ထမင်းထုပ်ရောင်းတဲ့အလုပ်ကို စတင်ခဲ့တာပါ။

သူဟာ ကားနောက်ခန်းထဲမှာ ထမင်းထုပ်တွေ တင်ရောင်းခဲ့ပါတယ်။ “ စစချင်းတော့ ညီအစ်ကိုမောင်နှမတွေ၊ ဆွေမျိုးတွေနဲ့ ဝန်ထမ်းတွေကို ရင်ဆိုင်ရမှာ ရှက်တယ်”လို့ အက်ဒီက ဆိုပါတယ်။ သူရဲ့ ဇနီးအပါအဝင် မိသားစုဝင်တွေဟာ အက်ဒီ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဘာမှမသိခဲ့ကြပါဘူး။ ဘာလို့လဲဆိုတော့ သူက မိသားစုကို ဖွင့်မပြောခဲ့လို့ပါ။

အက်ဒီဟာ မလေးရှားထမင်းထုပ်ကို သူကိုယ်တိုင် လုပ်ရောင်းတာမဟုတ်ဘဲ ဆွေမျိုးမကင်းသူတစ်ဦးဆီကနေ မှာယူပြီး တစ်ဆင့်ပြန်လည်ရောင်းချတာပါ။ စစချင်း ရောင်းတဲ့နေ့မှာ ထမင်းထုပ် ၃၀ ပဲ ယူလာခဲ့ပြီး အားငယ်စိတ်၊ ရှက်ရွံ့စိတ်တွေ ဝင်ခဲ့ပေမဲ့ ဝယ်သူတွေ ရောက်လာချိန်မှာတော့ အားတက်လာခဲ့ပြီး သူ့ရဲ့အရောင်းသမားဘဝကို ပြန်အမှတ်ရမိပြီး ယုံကြည်မှု ရှိလာခဲ့ပါတယ်။

သူ ထမင်းထုပ် ရောင်းတာ ၁၅ ရက်မြောက်နေ့မှသာ သူ့မိသားစုက ဒီအကြောင်း သိသွားခဲ့တာပါ။ လူမှုကွန်ရက်ပေါ်မှာ သူရဲ့ဗီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ သူရဲ့ထမင်းထုပ် ရောင်းချမှုကို လူသိများသွားပြီး ပိုရောင်းကောင်းလာခဲ့ပါတယ်။ အက်ဒီဟာ ပထမဆုံးလမှာ အမြတ်ငွေ ရန်းဂစ် ၉၀၀၀ ရရှိခဲ့ပါတယ်။

၅၃ ရက်မြောက်နေ့မှာတော့ အခြားနေရာ ၅ ခုမှာလည်း အလားတူပုံစံ ရောင်းချမှုတွေလုပ်ဖို့ ဝန်ထမ်းသစ်တွေ စတင်ခေါ်ယူခဲ့ပါတယ်။ အခုအခါမှာတော့ အက်ဒီရဲ့ ထမင်းထုပ်ရောင်းအားဟာ တစ်နေ့ကို အထုပ်ရေ ၁၂၀၀ အထိ ရှိနေပြီး မနက်၊ ညနေ ၂ ဆိုင်းခွဲကာ ရောင်းချလျက် ရှိပါတယ်။

အက်ဒီကတော့ သူ့လိုမျိုး အခက်အခဲနဲ့ ကြုံရသူတွေအနေနဲ့ ဘဝကို အရှုံးမပေးဘဲ ကိုယ့်မှာရှိတဲ့ အတွေ့အကြုံ၊ အရင်းအမြစ်တွေနဲ့ပဲ ပထမဆုံးခြေလှမ်းကို စလှမ်းလိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ” အရှက်နဲ့ မာနကို ဘေးချိတ်ပြီး ပြဿနာတွေကနေ ရုန်းထွက်နိုင်မယ့် လမ်းစကို ရှာဖွေပါ ” လို့ အက်ဒီက ဆိုပါတယ်။

Ref: M’sian CEO Refuses To Give Up After Savings Drop To RM33, Starts Selling Nasi Lemak From His Car Boot

NZ (ရိုးရာလေး)

The post ကားနောက်ဖုံးမှာ ထမင်းထုပ်တင်ရောင်းပြီး ဘဝကို ပြန်စနေတဲ့ မလေးရှားစီအီးအို appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post