ဒိုမီနီကန်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ သီလရှင်အဖြစ် ၂၂ နှစ်ကြာ နေထိုင်ခဲ့ပြီး အဲဒီကာလအတွင်းမှာလည်း သူ့ကို ယောကျာ်းတစ်ဦးဖြစ်မှန်း ဘယ်သူကမှ မရိပ်မိခဲ့ကြပါဘူး။ ဖရန့်တာဗာရက်စ် ၄ နှစ်သားအရွယ်မှာ သူတို့မိသားစု ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ်မှာ မိဘနှစ်ပါးလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။
တာဗာရက်စ်ရဲ့ အဘိုး၊ အဘွားတွေက ဆင်းရဲလွန်းပြီး လူမမည်ကလေးငယ်ကို ကျွေးမွေး စောင့်ရှောက်နိုင်လောက်တဲ့အထိ မပြည့်စုံတာကြောင့် သူ့ကို ဒိုမီနီကန်သီလရှင်ကျောင်းထံ ပို့ခဲ့တာပါ။ ကလေးအရွယ်မှာ သူ့ရဲ့ကျားအင်္ဂါက ပုံမှန်ထက် သေးငယ်လွန်းတာကြောင့် မိန်းကလေးတစ်ဦးလို ကြီးပြင်းလာတာလို့ ဆိုပါတယ်။ သူဟာ မိန်းကလေးအဝတ်အစားတွေ ဝတ်ပြီး သီလရှင်တွေရဲ့ တစ်နေ့တာလုပ်ဆောင်ချက်အတိုင်း လိုက်လုပ်လေ့ရှိပါတယ်။
တာဗာရက်စ် ၇ နှစ်အရွယ်မှာ ကျန်းမာရေးစစ်ဆေးတော့ ယောကျာ်းတစ်ယောက်ဖြစ်တယ်လို့ ဆရာဝန်က အတည်ပြုခဲ့ပါတယ်။ အရွယ်ရလာလေလေ သူ့ရဲ့ ယောကျာ်းဗီဇ ပိုထင်ရှားလာလေလေ ဖြစ်ပေမဲ့ တာဗာရက်စ်ကတော့ တတ်နိုင်သမျှ ဖုံးဖိထားခဲ့ပြီး မာဂရီတာဆိုတဲ့ အမည်နဲ့ သီလရှင်အဖြစ် ခံယူခဲ့ပါတယ်။
” သီလရှင်တွေရှေ့မှာ ကျွန်တော် အဝတ်အစားလည်း မလဲဘူး။ ရေလည်း မချိုးဘူး။ လူလစ်မှ မြန်မြန်ချိုးတယ်။ အတွင်းခံဘောင်းဘီကိုလည်း ဘောက်ဆာပုံစံပဲ ဝတ်တယ်။ ဓမ္မတာလာသလို ဟန်ဆောင်တယ်။ ခပ်ပွပွအဝတ်အစားတွေပဲ ဝတ်ဆင်ခဲ့တာပါ” လို့ တာဗာရက်စ်က ဆိုပါတယ်။

တာဗာရက်စ်ဟာ ဆယ်ကျော်သက်အရွယ်မှာ အခြားသီလရှင်တွေကို စိတ်ကစားခဲ့ပြီး သီလရှင်တပါး ကိုယ်ဝန်ရှိသွားချိန်မှာတော့ အခြားသီလရှင်ကျောင်းကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲဒီသီလရှင်ကျောင်းကို ရောက်သွားချိန်မှာတော့ ဆယ်ဗီယာလို့ အမည်ရတဲ့ သီလရှင်နဲ့ ငြိစွန်းခဲ့ပြီး ဆယ်ဗီယာ ကိုယ်ဝန်ရှိသွားခဲ့ပါတယ်။ ဆယ်ဗီယာက သူ့ကို သီလရှင်ကျောင်းမှ ထွက်ပြီး မိသားစုဘဝ ထူထောင်ကြဖို့ တိုက်တွန်းခဲ့ပေမဲ့ သူ့အပေါ် ချစ်ခင်ကြတဲ့ သီလရှင်ကြီးတွေ စိတ်ပျက်သွားမှာကို စိုးရိမ်ပြီး တာဗာရက်စ်က ငြင်းဆန်ခြ့ပါတယ်။
နောက်ဆုံးမှာတော့ တာဗာရက်စ်က ဆယ်ဗီယာထံ ပေးထားတဲ့ စာတစ်စောင်ကို သီလရှင်တစ်ပါးက တွေ့သွားပြီး သူတို့ရဲ့ အခြေအနေနဲ့ တာဗာရက်စ်က ယောကျာ်းတစ်ယောက် ဖြစ်နေတယ်ဆိုတာကို သိရှိသွားခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ တာဗာရက်စ်က လူဝတ်လဲခဲ့ပြီး ယောကျာ်းတစ်ယောက်အဖြစ် နေထိုင်ခဲ့ပါတယ်။ သူဟာ သီလရှင်ဘဝတုန်းက စက်ချုပ်သင်ခဲ့ဖူးတာကြောင့် စက်ချုပ်သမားအဖြစ် အသက်မွေး ဝမ်းကျောင်းခဲ့ပါတယ်။
တာဗာရက်စ်က ဆယ်ဗီယာနဲ့ အချစ်ဇာတ်လမ်းကို တစ်ခန်းရပ်ခဲ့ပြီး ဆယ်ဗီယာကလည်း အမေရိကန်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါကြောင့် တာဗာရက်စ်က သူ့ရင်သွေးနဲ့ ဆုံတွေ့ခွင့်မရခဲ့ပါဘူး။ တာဗာရက်စ်ရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်သံရှိုးတွေမှာ ဖော်ပြခဲ့ဖူးသလို The Undressed Nun ၊ Crossroads in the Shadows စာအုပ်တွေအဖြစ်လည်း ရေးသားခဲ့ဖူးပါတယ်။
Ref: Nun-Man – The Incredible Story of a Man Who Lived as a Nun for 22 Years
NZ ( ရိုးရာလေး)
The post သီလရှင်အဖြစ် ၂၂ နှစ်ကြာ နေထိုင်ခဲ့တဲ့ အမျိုးသား appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment