တရုတ်နိုင်ငံတောင်ပိုင်းက အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးဟာ လူကြိုက်များတဲ့ “World of Warcraft” ဂိမ်း streamer တစ်ဦးဖြစ်လာခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ကို အန်တီဂျွမ်လို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ သူ့နာမည်က ဟုန်ဂျွမ်ဂျွမ်ဖြစ်ပြီး ဖော်လိုဝါ ၅၂၇၀၀၀ ကျော်ရရှိထားသူဖြစ်ပါတယ်။ သူက နေ့စဉ် Live လွှင့်ချိန် ၂ ကြိမ်ပြုလုပ်ပြီး Session တစ်ခုစီမှာ ကြည့်ရှုသူ ၁၀၀၀၀ ခန့်အထိ ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကွမ်တုံပြည်နယ်၊ မေ့ကျိုးမြို့ဆင်ခြေဖုံးမှာ နေထိုင်တဲ့ ဟုန်က မူလတန်းအဆင့်ပညာရေးသာရှိခဲ့တာကြောင့် အငြိမ်းစားမယူခင် အရောင်းဝန်ထမ်းနဲ့ ကလေးထိန်းစတဲ့ အချိန်ပိုင်းအလုပ်တွေကို လုပ်ကိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၆ နှစ်ကမှ ကွန်ပျူတာဂိမ်းတွေကို စတင်ကစားခဲ့တာပါ။
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က သားငယ်ဖြစ်သူ အလယ်တန်းကျောင်းသားဘဝမှာ ဂိမ်းစွဲလမ်းပြီး စာမလိုက်နိုင်ဖြစ်တာကြောင့် အင်တာနက်ကဖေးတွေဆီ သွားရောက်ကာ သားဖြစ်သူကို အတင်းအကြပ်ဆွဲခေါ်ခဲ့ရဖူးပြီး နှစ်ဦးကြားမှာ ဂိမ်းကြောင့် သဘောထားကွဲလွဲမှုတွေ ကြာရှည်စွာဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ၂၀၂၀ ပြည့်နှစ်မှာ အလုပ်ကနေထွက်လာတဲ့ သားဖြစ်သူ အချိန်အကြာကြီးဂိမ်းကစားနေတာကို မြင်တွေ့ရတဲ့အခါ သားဖြစ်သူကို ဘယ်အရာက ဒီလောက်စွဲလမ်းစေတာလဲဆိုတာကို စူးစမ်းချင်စိတ်နဲ့ ဂိမ်းကို ကိုယ်တိုင်စူးစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သားဖြစ်သူက စိတ်ရှည်လက်ရှည်သင်ကြားပေးခဲ့ပါတယ်။ မိခင်ဖြစ်သူ အခုလိုဂိမ်းကစားမှာကို သိတော့ အံ့အားလည်းသင့်ခဲ့ရပါတယ်။ ဟုန်က အမြင်အာရုံကျဆင်းတာနဲ့ တုံ့ပြန်မှုနှေးကွေးတာတွေကြောင့် အစပိုင်းမှာ ဂိမ်းအတွင်း လှေကားတတ်ဖို့၊ နံရံတိုက်မိရင် ပြန်လှည့်ဖို့ အခက်အခဲရှိခဲ့ပါတယ်။ ဒါပေမဲ့ မဆုတ်မနစ်လေ့ကျင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ Live stream လုပ်တာကို စတင်ခဲ့ပါတယ်။ကြည့်ရှုသူတွေက ဟုန်ရဲ့ ရိုးရှင်းတဲ့ကိရိယာတွေသုံးပြီး ဂိမ်းကို ကျွမ်းကျင်စွာ ကစားနိုင်ပုံနဲ့ လူငယ်သုံးဂိမ်းအသုံးအနှုန်းတွေကို သုံးစွဲပုံတွေကြောင့် သဘောကျခဲ့ကြပါတယ်။
အခုဆို သားဖြစ်သူက သူ့ရဲ့အချိန်ပြည့်အေဂျင့်အဖြစ် ဆောင်ရွက်ပေးနေပြီး သားဖြစ်သူက မိခင်ကို ညဉ့်နက်တဲ့အထိ ဂိမ်းမကစားဖို့ ညသန်းခေါင်မှာ အင်တာနက်လိုင်းကို ပိတ်ထားရပါတယ်။ အသက်အရွယ်ကြောင့် ဝေဖန်မှုတချို့ရှိပေမဲ့ ဟုန်က “မိခင်တစ်ယောက်အနေနဲ့ အိမ်မှုကိစ္စတွေကိုပဲ လုပ်နေရတော့မှာလား၊ အသက်အရွယ်တစ်ခုရောက်ရင် မြေးထိန်းရမယ် (ဒါမှမဟုတ်) အုပ်စုဖွဲ့ကကြတဲ့ Square dancing မှာပဲ ပါဝင်ရမယ်လို့ ပြောကြပေမဲ့ဂိမ်းကစားတာက ဦးနှောက်ကို ထက်မြက်စေပြီး လက်နဲ့ မျက်လုံး ညှိနှိုင်းမှုကို မြှင့်တင်ပေးပါတယ်။ အဲဒါက ပျင်းရိနေတာထက် ပိုကောင်းတယ် မဟုတ်လား။ အသစ်တစ်ခုခုကို စတင်သင်ယူဖို့ ဘယ်တော့မှ နောက်မကျပါဘူး”လို့ တုံ့ပြန်ပြောကြားထားပါတယ်။
Ref: Chinese woman, 60, becomes gaming streamer after playing to understand son’s addiction
WL (ရိုးရာလေး)
The post သားဖြစ်သူရဲ့ဂိမ်းစွဲလမ်းမှုကို နားလည်ဖို့ ဂိမ်းစတင်ကစားရာကနေ နာမည်ကြီး ဂိမ်းStreamer ဖြစ်လာခဲ့တဲ့ မိခင် appeared first on YOYARLAY Digital Media and News.
Your new digest 49
Post a Comment