အမ်မရီရဲ့ အမှားတွေနဲ့ ဗီလာကို ပညာပေးပြီး အစဉ်အလာနဲ့ နိုင်ပွဲရှာတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မိုင်နူး၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် အက်စ်တန်ဗီလာအသင်းကတော့ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ဒီယေဂို ကားလို့စ်၊ လွန်ဂလေ၊ ကွန်ဆာနဲ့ ဒီညာတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဒန်ဒွန့်ကာ၊ မက်ဂင်းနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဘေလီ၊ ရမ်ဆေးနဲ့ ဝပ်ကင်းစ်တို့ကို အသုံးပြုခဲ့တာပါ။

ပွဲစကတည်းက နည်းပြနှစ်ဦးရဲ့ ဗျူဟာချင်း ပြိုင်ဆိုင်မှုကို တွေ့မြင်ခဲ့ရပြီး အမ်မရီရဲ့ High Line နဲ့ High Press က အိမ်ရှင်တွေကို ထိုးနှက်နိုင်ခဲ့သလို တန်ဟတ်ရဲ့ ရွေးချယ်မှုဖြစ်တဲ့ အဝေးဘောတွေနဲ့ ကောင်တာကစားဖို့ကလည်း အတိုင်းအတာတစ်ခုအထိ တုံ့ပြန်နိုင်ခဲ့ပေမယ့် တိုင်မင်မကိုက်တဲ့ လူကျွံမှုတွေကြောင့်သာ ပျက်စီးနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာ ဗီလာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ မန်ယူဂိုးသမား အိုနာနာနဲ့ ခံစစ်ရဲ့ စိတ်ကို ဆွနိုင်ခဲ့ကြတဲ့ ဧည့်သည်တွေရဲ့ ဗျူဟာကနေ အသင်းခေါင်းဆောင် မက်ဂင်းက ဂိုးရှေ့ကို ဝေ့ဝိုက်ကန်ပို့ခဲ့ရာမှာ ဘယ်သူနဲ့မှမထိဘဲ လူကြားထဲကနေ ဂိုးထဲ ဝင်သွားခဲ့တာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဗီလာတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ မက်ဂင်းက အဝေးတိုင်ဘက်ကို ကန်တင်ပေးရာမှာ နောက်ခံလူ လွန်ဂလေက ဂိုးရှေ့ကို ခေါင်းပြန်တိုက်ချပေးခဲ့တဲ့ ဘောလုံးကို ဒန်ဒွန့်ကာက အနီးကပ် ခြေနဲ့ခတ်ပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုးရအပြီးမှာ ဗီလာတို့ စတင်ပေါ့ဆလာခဲ့သလို စကတည်းက တောင်ပံလိုလို ကွင်းလယ်လိုလိုနဲ့ သုံးစားမရတဲ့ ရမ်ဆေးကို ဘယ်ခြမ်းမှာ သုံးခဲ့မှုက တိုက်စစ်တွဲလုံးတွေကို ပျက်ပြားစေခဲ့ပြီး နောက်ခံလူ ဒီညာရဲ့ အတက်အဆင်း မှန်ကန်မှုကြောင့်သာ ပြဿနာ မပေါ်ခဲ့ချိန်မှာ မန်ယူတို့အနေနဲ့ ဗဟိုခံစစ်မှူး ကွန်ဆာကို ညာမှာ သုံးထားလို့ လေးလံနေတဲ့ ဗီလာခံစစ်ညာခြမ်းကို ရက်ရှ်ဖို့ဒ်နဲ့ ထိုးနှက်ဖို့ ကြိုးစားခဲ့ပေမယ့် လူကျွံဘောတွေသာ များနေခဲ့တာပါ။

ဂါနာချိုရဲ့ ဘောလုံးအခင်းအကျင်းနဲ့ ဂိုးရှေ့ကို ဖြတ်ချိုးမှုတွေက လုံးဝဖန်တီးတတ်ခြင်း မရှိကြောင်းကိုပဲ ပြသနေခဲ့တာကြောင့် အထောင်သမား ဟွိုင်လန်းနဲ့ ဘယ်ခြမ်းက ရက်ရှ်ဖို့ဒ်တို့ကို စိတ်ပျက်စေခဲ့သလို အမှားများတဲ့ ဒီယေဂို ကားလို့စ်နဲ့ လေးလံတဲ့ လွန်ဂလေတို့ရဲ့ အားနည်းချက်တွေကိုလည်း အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဗီလာတို့က မန်ယူတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး ပွဲချိန် ၄၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ မန်ယူတို့ ဂိုးပြန်ရခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ပေးတဲ့ ဘောလုံးကို ပိတ်သွင်းရာမှာ လောကြီးပြီး လူကျွံနေတဲ့ ဂါနာချိုကြောင့် ပယ်ဖျက်ခံခဲ့ရသလို ပွဲချိန် မိနစ် ၅၀ မှာတော့ ဗီလာတို့ မြွေစ,ကိုက်သွားခဲ့ရပြီး ဒဏ်ရာရသွားခဲ့တဲ့ ဒီညာနေရာမှာ သူ့လိုမျိုး အတက်အဆင်းကို ပါးပါးနပ်နပ် မကစားနိုင်တဲ့ အဲလက်စ် မိုရီနိုကို ထည့်သွင်းခဲ့ရတာကြောင့် ရမ်ဆေးနဲ့ ဘယ်ခြမ်းက သေသွားခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ လူပေးပုံ မသေသပ်တဲ့ ဒီယေဂို ကားလို့စ်ရဲ့ အမှားကနေ ဘရူနို ဖာနန်ဒက်စ်က လုယူပြီး ဘယ်ခြမ်းကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က တောင်ပံကနေ အတွင်းကို ဆွဲဝင်ပြီး ဂိုးရှေ့ကို ချိုးပေးခဲ့ရာမှာ တစ်ပွဲလုံး ကံမကောင်းဘဲဖြစ်နေခဲ့တဲ့ ဂါနာချိုက ညာခြမ်းကနေ ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ခံစစ်နဲ့ ကွင်းလယ်က အတွဲမမိဘဲ ဆိုးရွားနေခဲ့ပေမယ့် ဗီလာနည်းပြ အမ်မရီကတော့ သူ့ရဲ့ ခြေတစ်ဖက်ကို ငါးပိဿာလောက်လေးတဲ့ ဒန်ဒွန့်ကာ၊ တစ်ပွဲလုံး သုံးစားမရတဲ့ ရမ်ဆေးနဲ့ တိုက်စစ်ဗျူဟာပိုင်းကို ပြောင်းလဲမှု မရှိဘဲ ခေါင်းမာနေခဲ့တာကြောင့် မန်ယူတို့ကပဲ ပွဲကို ပိုစီးမိလာခဲ့ပြီး ဒိန်းဂျားတွေ မကြာခဏ လုပ်ဆောင်လာခဲ့ကြတာပါ။

ပွဲချိန် ၇၁ မိနစ်မှာ မန်ယူတို့ပဲ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ ဘောလုံးရလာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ တားဆီးခဲ့တဲ့ လွန်ဂလေရဲ့ ခြေထောက်နဲ့ ထိပြီး ထိန်းပေးလိုက်သလိုဖြစ်သွားတဲ့ ဘောလုံးက ဂါနာချို ကောင်းစားဖို့ ဖြစ်လာခဲ့ပြီး အပိုင်ကန်သွင်းခဲ့ရာမှာ ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဒီယေဂို ကားလို့စ်ကြောင့် လမ်းကြောင်းပါလွဲပြီး ဒိုက်ပစ်တဲ့ ဂိုးသမား မာတီနက်ဇ် ကြေကွဲခဲ့ရတာဖြစ်ပါတယ်။

နှစ်ဂိုးစီသရေဖြစ်သွားတာတောင် လွဲလို့ မပြီးသေးတဲ့ အမ်မရီကတော့ ရမ်ဆေးကို လူလဲခဲ့ရာမှာ မန်ယူခံစစ်ကို ဒုက္ခပေးနေတဲ့ ဘေလီကိုပါ တစ်ခါတည်း လဲပစ်ခဲ့ပြီး ဒီယာဘီကို ညာခြမ်းမှာ တိုးခိုင်းမယ့်အစား ဘယ်ခြမ်းပို့ခဲ့သလို အကောင်ကြီးတဲ့ ဇာနျိုလိုကိုလည်း ညာခြမ်းမှာ ကစားခိုင်ခဲ့ပေမယ့် သကောင့်သားက ဂိုးရှေ့ချည်း ပြေးဝင်နေတာကြောင့် ခံစစ်အစွန်က ကွန်ဆာနဲ့ မိုရီနိုတို့သာ ရှိတော့တဲ့ ဘယ်ညာတောင်ပံတွေ ဘာကွက်မှ မဖော်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၈၁ မိနစ်မှာ မန်ယူတို့ဘက်က မိုင်နူးနဲ့ ရက်ရှ်ဖို့ဒ်တို့အစား မက်တော်မီနေးနဲ့ အန်တိုနီတို့ကို ထည့်သွင်းလာခဲ့ပြီး တစ်မိနစ်အကြာမှာတော့ ခံစစ်မှာ ယားချင်တဲ့ လွန်ဂလေကို အန်တိုနီရဲ့ ဖိအားပေးမှုကြောင့် ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ဘရူနို ဖာနန်ဒက်စ်က ကန်တင်ပေးရာမှာ ဗီလာကပ္ပတိန် မက်ဂင်းရဲ့ ပေါင်နဲ့ထိပြီး ကျလာတဲ့ ဘောလုံးကို ဂိုးမရသေးတဲ့ ဟွိုင်လန်းက ဘယ်ခြေနဲ့ မနားတမ်းကန်သွင်းခဲ့လို့ အိမ်ရှင်တွေ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။

ဒါကိုတောင်မှ ဆက်လွဲချင်သေးတဲ့ အမ်မရီကတော့ ဂိုးလိုချိန်မှာ ကပ္ပတိန် မက်ဂင်းကိုပါ ဒန်ဒွန့်ကာနဲ့အတူ ထုတ်ပစ်ခဲ့သလို လူငယ်တွေဖြစ်တဲ့ အီရော့ဘူနမ်နဲ့ ဒူရန်တို့ကို ထည့်သွင်းခဲ့တာကြောင့် ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့နောက် နာကျင်အချိန်ပို ၉ မိနစ်အထိ ပေးခဲ့ပေမယ့် မန်ယူတို့ကို ဘာမှ မလုပ်နိုင်တော့ဘဲ အိုးလ်ထရက်ဖို့ဒ်မှာ ပြားပြားမှောက်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဘောက်ဆင်ဒေးမှာ မရှုံးဖူးသေးတဲ့ စံချိန်ကောင်းကို ဆက်ထိန်းခဲ့ပြီး ဗီလာတို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ နိုင်ပွဲယူခဲ့သလို အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာအထိ ပြန်တက်လာနိုင်ခဲ့ကြပြီး နိုင်ရင် လီဗာပူးလ်နဲ့ အမှတ်တူမယ်ဆိုတဲ့ ဧည့်သည်တွေ ကတော့ အဆင့် ၄ ပြင်ပကို ပြန်ရောက်ဖို့ တာစူလာခဲ့ပြီဖြစ်ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post အမ်မရီရဲ့ အမှားတွေနဲ့ ဗီလာကို ပညာပေးပြီး အစဉ်အလာနဲ့ နိုင်ပွဲရှာတဲ့ မန်ယူ first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post