ဒိုင်ကူတာတောင် ကြမ်းကပ်အသင်းနဲ့ သရေကျပြီး ဇယားထိပ် မရောက်လိုက်ရတဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီတစ်ပတ်မှာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ တွေ့ဆုံနေပြီး အမှတ်လျော့နိုင်မှုကို အခွင့်ကောင်းယူပြီး ဇယားထိပ် တက်နိုင်ရမယ့်အစား အိမ်ကွင်းမှာ ကြမ်းကပ် အဆင့် ၂၀ က ရှက်ဖီးလ်ဒ်ယူနိုက်တက်ကို နောက်ကနေ ဒိုင်ကူမှုတွေနဲ့ သရေရဖို့တောင် မနည်းကစားခဲ့ရလို့ အိမ်ကွင်းနိုင်ပွဲဆက် မှတ်တမ်းပါ ရပ်တန့်သွားရမှုနဲ့အတူ မိအေး နှစ်ခါနာဖြစ်ခဲ့ရပါတယ်။

အူနိုင်း အမ်မရီရဲ့ အိမ်ရှင်တွေအနေနဲ့ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ လွန်ဂလေ၊ မက်တီ ကတ်ရှ်နဲ့ ဒီညာတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မက်ဂင်းနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ နှစ်ယောက်တည်းကို ကစားစေခဲ့တာကိုတော့ အံ့အားသင့်ဖွယ် မြင်ခဲ့ရပြီး တိုက်စစ်မှာတော့ ရမ်ဆေး၊ ဒီယာဘီ၊ ဘေလီနဲ့ မက်ဂင်းတို့ကို လေးဦးအထိ ထားကစားခဲ့တာပါ။

ဧည့်သည် ခရစ္စ ဝိုင်လ်ဒါရဲ့ ရှက်ဖီးလ်ဒ်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဟမ်၊ ခံစစ်မှာ ထရပ်စ်တီ၊ ရော်ဘင်ဆန်၊ ဘောလ်ဒေါ့ခ်နဲ့ လာရူးချီတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ နော်ဝုဒ်၊ ဗီနီးရှပ် ဆူဇာ၊ ဘိုဂယ်လ်၊ ဆလီမာနီနဲ့ ဘရွတ်ခ်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဗီလာလူငယ် အကယ်ဒမီထွက် အာချာကို ပွဲထုတ်လာခဲ့ပါတယ်။

ဗီလာတို့အနေနဲ့ ဒီနေ့ပွဲမှာ ကွင်းလယ်ကို ဂရုမစိုက်ဘဲ ချဉ်းကပ်ခဲ့သလို စာရွက်ပေါ်က လူစာရင်းအရ မက်ဂင်း၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ရမ်ဆေးဆိုပြီး သုံးယောက်ဖြစ်ပေမယ့် ရမ်ဆေးက ဘယ်တောင်ပံ ထွက်ကစားခဲ့လို့ အလယ်မှာ နှစ်ဦးသာ ရှိခဲ့သလို ညာခြမ်းကို ဘေလီနဲ့ ဒီယာဘီတို့ အလဲအလှယ်ကစားပြီး Overload လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ရှက်ဖီးလ်ဒ်တို့ရဲ့ ဘယ်နောက်ခံလူ လာရူးချီကလည်း မထင်မှတ်လောက်အောင် တည်ငြိမ်နေခဲ့တာပါ။

ကွင်းလယ်မှာ နှစ်ယောက်သာ ရှိချိန်မှာ လေးလံတဲ့ ဗဟိုခံစစ်မှူးနှစ်ယောက်ကြောင့် ဗီလာတို့ ကစားကွက်ဖော်ဖို့က မက်ဂင်းနဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်တို့ တာဝန်လုံးလုံးပဲဖြစ်သွားခဲ့ရပြီး အပိုတောင်ပံသမား ဒီယာဘီကလည်း ခြေပျောက်နေခဲ့တဲ့အခါ ပထမပိုင်းမှာတော့ ရှက်ဖီးလ်ဒ်တို့ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ရှက်ဖီးလ်ဒ်တို့ ပိတ်ကစားဖို့ထက် ကောင်တာချောင်းဖို့ လုပ်သွားခဲ့ပြီး ဘရွတ်ခ်စ်နဲ့ လာရူးချီတို့အစား တိုက်စစ်ကို ပိုမိုပံ့ပိုးနိုင်မယ့် ဟေမာနဲ့ လိုးဝ်တို့ကို ထည့်သွင်းလာခဲ့ချိန်မှာ ရှေ့တန်းမှာ ပိတ်ဆို့နေတဲ့ ဗီလာတို့ကတော့ ဒီညာ၊ ဒီယာဘီနဲ့ ဘေလီတို့အစား အဲလက်စ် မိုရီနို၊ ဒူရန်နဲ့ ဇာနျိုလိုတို့ကို ပြောင်းလဲလာခဲ့တာပါ။

ပွဲချိန် ၈၅ မိနစ်မှာ ရှက်ဖီးလ်ဒ်ကပ္ပတိန် ရော်ဘင်ဆန်ကို ဘောလုံးလုရင်း တံတောင်နဲ့ရိုက်တဲ့ ဗီလာတိုက်စစ်မှူး ဒူရန်ကို ဘာကတ်ပြားမှ မပြဘဲ လွှတ်ပေးခဲ့တာကတော့ ဒိုင်လူကြီး အန်ထော်နီ တေလာရဲ့ ကျက်သရေတုံးစွာ ကူညီမှုပဲဖြစ်ခဲ့ပြီး တစ်ပွဲလုံးမှာလည်း မြို့မေတ္တာဂတုံးအနေနဲ့ အိမ်ရှင်တွေကို အားသာစေမယ့် ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်တို့က အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ မက္ကာတီးက ဗီလာခံစစ်ကို အငိုက်ဖမ်းပြီး တောင်ပံကို မျှောပေးလိုက်တဲ့ ဘောလုံးကို ဟေမာက တစ်ဖက်ကစားသမား မက်ဂင်းကို ခေါက်ပြီးမှ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးခဲ့ရာမှာ အာချာက အသင်းဟောင်းဘက်ကို ဂိုးသွင်းပြီး ကြေကွဲစေခဲ့တာပါ။

တစ်ဂိုးနဲ့ ဦးဆောင်နေတဲ့ အနေအထားကို ဆက်လက်ထိန်းသိမ်းဖို့အတွက်တော့ ရှက်ဖီးလ်ဒ်တို့အနေနဲ့ အာချာအစား အရပ်ရှည်ရှည်နဲ့ မက်ဘာနီကို ထည့်သွင်းပြီး ဗီလာတို့ရဲ့ တည်ကန်ဘောတွေကို တားဆီးနိုင်ဖို့ပဲ Option ရှိခဲ့သလို အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ အာမက်ဟော့ဂျစ်ချ်လည်း မပါဝင်နိုင်တာကြောင့် ထရပ်စ်တီ၊ ရော်ဘင်ဆန်တို့အုပ်စု ပင်ပန်းနေတာကို သိလျက်နဲ့ မပြင်ဆင်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၇ မိနစ်မှာတော့ ဒိုင်ကူအနေအထားကနေ ဗီလာတို့ ချေပဂိုးပြန်သွင်းသွားခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဧရိယာထိပ်ကနေ ဂိုးရှေ့ကို In Swinger ဖြတ်ပို့ပေးရာမှာ လေးလံနေတဲ့ ရှက်ဖီးလ်ဒ်နောက်ခံလူတွေကြားကနေ ဇာနျိုလိုက ပြေးဝင်ခေါင်းတိုက်သွားခဲ့တာပါ။

ဒီဂိုးမတိုင်ခင်မှာ ဘယ်ခြမ်းကနေ ကောင်တာပြန်ဝင်ဖို့ ကြိုးစားတဲ့ ဟေမာကို ကွန်ဆာက ဘောလုံးလွတ်ပြီးမှ မျက်နှာကို လက်နဲ့ရိုက်ပြီး တားခဲ့ပေမယ့် ဂတုံး တေလာကတော့ မျက်ကွယ်ပြုသွားခဲ့သလို ဒီကူညီမှုကနေ ဗီလာတို့ ရှုံးပွဲနဲ့ လွဲခွင့်ရခဲ့ပေမယ့် နာကျင်အချိန်ပို ၁၁ မိနစ်အထိ ပေးခဲ့တဲ့ ပွဲမှာတော့ Come Back နိုင်ပွဲရဖို့တော့ မဖြစ်နိုင်ခဲ့ဘဲ ဇယားထိပ်တက်ခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ဗီလာပါ့ခ်ရဲ့ ၁၅ ပွဲဆက်တိုက် နိုင်ပွဲဆက်စံချိန်ကတော့ ဒီနေ့မှာ သူတို့ရဲ့ လူငယ်ကစားသမားဟောင်း အာချာကြောင့် ကျိုးပျက်ခဲ့ရသလို အာဆင်နယ်နဲ့ လီဗာပူးလ်တို့ကို ကျော်ပြီး ခရစ္စမတ်မှာ ဇယားထိပ်ကို ဦးဆောင်သူအဖြစ် အောင်ပွဲခံနိုင်ခွင့်နဲ့ လွဲခဲ့တဲ့ ဗီလာတို့အတွက် ကြီးမားတဲ့ စိတ်ပျက်စရာလည်းဖြစ်ခဲ့ချိန်မှာ ရှက်ဖီးလ်ဒ်တို့ကတော့ တစ်ကျော့ပြန် နည်းပြ ခရစ္စ ဝိုင်လ်ဒါနဲ့ မျှော်လင့်ချက်ကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဒိုင်ကူတာတောင် ကြမ်းကပ်အသင်းနဲ့ သရေကျပြီး ဇယားထိပ် မရောက်လိုက်ရတဲ့ ဗီလာ first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post