ပဲလှော် အစားမတတ်လို့ လေပွခဲ့ရတဲ့အပြင် သွားပါကျိုးရသေးတဲ့ မန်ကျည်းသီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ရီကို လူးဝစ္စ၊ ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ဗာရက်ဇ်ကိုပဲ အထောင်ထားပြီး ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ဂျိုးလ် ဝါ့ဒ်နဲ့ ကလိုင်းန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ရစ်ချတ်စ်၊ ရှလု(ပ်)၊ ရီးဒါဗဲလ်ဒ်၊ မစ်ချဲလ်နဲ့ အိုလီဆေးတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မာတက်တာ တစ်ဦးတည်းနဲ့ အဝေးကွင်းမှာ ခံစစ်ကစားဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ ဖရီးကစ်ကနေ အယ်လ်ဗာရက်ဇ်ရဲ့ အနီးကပ် ခေါင်းတိုက်ချက်ကို ဟန်ဒါဆန် ပုတ်ထုတ်ခဲ့ရပြီးတဲ့နောက် ပဲလေ့စ်တို့ တစ်သင်းလုံး နောက်မှာပဲ ဆင်းခံနေခဲ့ရပြီး နောက်တန်း ၈ ယောက်နဲ့ အဘိုးကြီး ရွိုင်းဟော့ဆန်ရဲ့ ဗျူဟာက အိုးနင်းခွက်နင်းဖြစ်နေခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ ဖိုဒန်က ဧရိယာထိပ်မှာ ပြန်ရပြီး အတိတ်မေ့သလို ရွှေပျောက်သလိုဖြစ်နေတဲ့ မန်စီးတီးခံစစ်ကြားကနေ ဂိုးရှေ့ကို ခင်းပေးခဲ့ရာမှာ ဂရီးလစ်ရှ်က လူကျွံထောင်ချောက်ကို လွယ်လွယ် ကူကူပဲ ဖောက်ထွက်ပြီး အနိမ့်ဘော ကန်သွင်းယူသွားခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်နိုင်ခဲ့ကြတာပါ။

ဒီနေ့ပွဲမှာ ကစားနေကျ ကွင်းလယ်အဖျက်ကစားသမားကောင်းတွေ မပါဝင်နိုင်လို့ ရစ်ချတ်စ်လို နောက်ခံလူကို ရှေ့တက်ခိုင်းပြီး လုပ်အားနှုန်း ဦးစားပေးတဲ့ ရှလု(ပ်)၊ ရီးဒါဗဲလ်ဒ်နဲ့ မစ်ချဲလ်တို့ကို ရှေ့မှာ အတန်းလိုက်ထားခဲ့တဲ့ ပဲလေ့စ်တို့ ပထမပိုင်းတစ်ပိုင်းလုံး ခံစစ်မှာပဲ အချိန်ကုန်ခဲ့သလို ပွဲချိန် ၄၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဖောက်ထွက်လာတဲ့ မာတက်တာကို လျှောထိုးဖျက်တဲ့ အီဒါဆန်ကတော့ အနီမထိခဲ့ဘဲ အဝါနဲ့သာ ကံကောင်းသွားခဲ့ပါတယ်။

ပထမပိုင်းကို မန်စီးတီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြသလို ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ဘယ်ခြမ်းက ဖရီးကစ်ကို အယ်လ်ဗာရက်ဇ်က ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ လူများပြီး ပွဲမစည်တဲ့ ပဲလေ့စ်ခံစစ်ရဲ့ နားလည်မှုအလွဲကြောင့် ဂိုးထဲ တိုက်ရိုက်ဝင်သွားခဲ့ပေမယ့် ဂိုးသမားမြင်ကွင်းကို နှောင့်ယှက်တဲ့ ရိုဒရီကြောင့် လူကျွံဘော သတ်မှတ်ခံခဲ့ရတာပါ။

ပွဲချိန် ၅၄ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂရီးလစ်ရှ်က ဘယ်ခြမ်းကနေ အတွင်းကို တောက်လျှောက်ဆွဲဝင်ပြီး ခင်းပေးရာမှာ ဝင်တိုးတဲ့ ရိုဒရီနဲ့ ငြိပါလာတဲ့ ဘောလုံးက ဧရိယာထဲကို ပြန်အကျမှာ နောက်က လိုက်လာတဲ့ ရီကို လူးဝစ္စက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ပဲလေ့စ်တို့က ချေပဂိုးတစ်ဂိုးနဲ့ ပြန်လှန်ထိုးနှက်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မ,တင်ပေးလိုက်တဲ့ ဘောလုံးကို မန်စီးတီးခံစစ်နှစ်ယောက်ကြားက ပြေးထွက်ရယူနိုင်ခဲ့တဲ့ ရှလု(ပ်)က ဘယ်ခြမ်းကနေ ဂိုးရှေ့ကို အနိမ့်ဘော Cut Back လုပ်ပေးရာမှာ ခပ်ညံ့ညံ့ အာကေနဲ့ ဂိုးမဖမ်းတတ်တဲ့ အီဒါဆန်ကြောင့် မာတက်တာက လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခွင့်ရသွားခဲ့တာပါ။

ဒီနောက်မှာတော့ မန်စီးတီးတို့ အနည်းငယ် တပ်ပျက်လာခဲ့ပေမယ့် ပွဲပန်းနေတဲ့လူတွေကို အနားမပေးဘဲ ဂွါဒီယိုလာက ခေါင်းမာနေခဲ့ချိန်မှာ ပဲလေ့စ်တို့ကတော့ ရီးဒါဗဲလ်ဒ်၊ ရှလု(ပ်)နဲ့ ကလိုင်းတို့အစား အာဟာမာဒါ၊ ဖရန်ဆာနဲ့ အီဇီတို့ကို ထည့်သွင်းပြီး တိုက်စစ်ဆင်လာခဲ့တဲ့ ရွိုင်းဟော့ဆန်ကြောင့် အိမ်ရှင်ပရိသတ်တွေ မျက်လုံးပြူးလာခဲ့ကြရပါတယ်။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ပဲလေ့စ်တို့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ထပ်မံရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရှင်းထုတ်ဖို့ နှောင့်နှေးတဲ့ ဝေါ်လ်ကာကြောင့် ဖိုဒန်က အလောတကြီး ဖျက်ထုတ်ဖို့ ကြိုးစားရာမှာ ဧရိယာထဲကို ပြေးဝင်လာတဲ့ မာတက်တာကို ကန်မိခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို အိုလီဆေးက အီဒါဆန်ကို မျက်လှည့်ပြပြီး ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

နှစ်ဂိုးပြန်ပေးပြီးမှ ရီကို လူးဝစ္စအစား ဂျွန်စတုန်းစ်ကို ထည့်ခဲ့တဲ့ ဂွါဒီယိုလာရဲ့ ဗျူဟာကတော့ ရယ်စရာပဲဖြစ်ခဲ့ပြီး နာကျင်အချိန်ပို ၈ မိနစ်အပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာတော့ မန်စီးတီးတို့အနေနဲ့ အိမ်ကွင်း အစ်တီဟတ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ပြီး ဇယားထိပ်တက်ဖို့ အိပ်မက်တွေ သဲထဲ ရေသွန်ဖြစ်ခဲ့ကြရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ပဲလှော် အစားမတတ်လို့ လေပွခဲ့ရတဲ့အပြင် သွားပါကျိုးရသေးတဲ့ မန်ကျည်းသီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post