စပါးစ်တို့အနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ ရှေ့က လေးပွဲဆက်တိုက် ဆိုးရွားထားတဲ့ ရလဒ်တွေကို ပြန်လည်ဖာထေးဖို့အတွက် အသင်းငယ်တစ်သင်းလို့ ဆိုနိုင်တဲ့ နော့တင်ဟမ်ဖောရက်စ်တို့နဲ့ပွဲမှာ နိုင်ပွဲရဖို့ ပစ်မှတ်ထားခဲ့တာဖြစ်ပြီး အသာစီးကနေ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပေမယ့် ဘီဆူးမားရဲ့ မိုက်မဲမှုကြောင့် သုံးမှတ်ရဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
ပိုစတီကိုဂလူးရဲ့ ဧည့်သည်တွေအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဘန်ဒေးဗီးစ်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပါပီ မာတာ ဆားရ်၊ ဘီဆူးမားနဲ့ ကူလူရှက်ဗ်စကီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘရင်နန် ဂျွန်ဆန်၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာပါ။
တစ်သက်လုံး တုံးအနေဦးမယ့် ဖောရက်စ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘိုလီ၊ မူရီလိုနဲ့ နီယာခါတေးတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ မန်ဂါလာ၊ ကူယာတေး၊ ယိတ်စ်၊ နီကို ဝီလီယမ်စ်နဲ့ တော့ဖိုလိုတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်နဲ့ အီလန်ဂါတို့ကို တွဲဖက်ပေးခဲ့ချိန်မှာ ဟဒ်ဆန်-အိုဒွိုင်း၊ ခရစ္စဝုဒ်နဲ့ အိုရီဂီတို့ကို အရန်ခုံမှာပဲ ထားခဲ့တာ ဖြစ်ပါတယ်။
စိတ်ကုန်စရာ နည်းပြ စတိဗ် ကူးပါးအနေနဲ့ ဘောလုံးကျွမ်းကျင်မှုမှာ နာမည်ကြီးတဲ့ ဘရာဇီးလ်သားတွေကို ခေါ်ရင်တောင်မှ အိုင်ကျူအနိမ့်ဆုံး လူမျိုးကို ရွေးခေါ်သလားလို့ မေးစရာဖြစ်ခဲ့ပြီး အသင်းတစ်သင်းရဲ့ ကစားကွက်ကို နည်းစနစ်ကျကျ ဟန်ချက်ညီညီ မတည်ဆောက်နိုင်သလို သူထုတ်သုံးခဲ့တဲ့ ရှေ့တန်းအတွဲက ကွင်းလယ်လူ ဂစ်ဘ်စ်-ဝှိုက်နဲ့ တောင်ပံသမား အီလန်ဂါတို့ဖြစ်နေခဲ့ချိန်မှာ တိုက်စစ်မှူးစစ်စစ် ပါဝင်မလာတာက ဟားစရာပဲဖြစ်ခဲ့ရတာပါ။
စပါးစ်တို့ကပဲ ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပေမယ့် အချိတ်အဆက်တချို့ လွဲချော်ခဲ့တာကြောင့် ဂိုးရဖို့ ခက်နေခဲ့သလို ပွဲချိန် ၃၂ မိနစ်မှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ဘရင်နန် ဂျွန်ဆန် ဒဏ်ရာရသွားခဲ့လို့ ကွင်းလယ်လူ စကစ်ပ်နဲ့ လဲခဲ့ရပြီး ကူလူရှက်ဗ်စကီးက ညာတောင်ပံကို ထွက်ကစားတော့မှ ကစားကွက်က ပြန်မှန်လာခဲ့ပါတယ်။
နာကျင်အချိန်ပို ၁ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်မှာ ရတဲ့ ဖရီးကစ်ကနေ ညာခြမ်းကို ပေးပြီး ကူလူရှက်ဗ်စကီးက တောင်ပံကနေ တော့ဖိုလိုကို ကျော်ပြီး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ရစ်ချာလစ်ဆန်က ဂိုးရှေ့မှာ အမြင့်ဆုံးခုန်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဧည့်သည်တွေက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဖောရက်စ်တို့ ပြန်လာနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကြံ့ခိုင်မှုကလွဲရင် ဦးနှောက်ပါလာပုံမရတဲ့ မန်ဂါလာ၊ ယိတ်စ်နဲ့ ကူယာတေးတို့လို ကွင်းလယ်လူတွေက ဘာမှ ဖန်တီးပေးနိုင်ခြင်း မရှိသလို ညာတောင်ပံကနေ ဝီလီယမ်စ်က ရှားရှားပါးပါး ဂိုးရှေ့ဖြတ်ပို့ပြီး အီလန်ဂါ ပိတ်သွင်းလို့ ဂိုးပိုက်ထဲ ရောက်သွားခဲ့တဲ့ ဘောလုံးကတော့ VAR မှာ လူကျွံနေလို့ ပယ်ဖျက်ခံခဲ့ရတာပါ။
ပွဲချိန် ၆၅ မိနစ်မှာတော့ စပါးစ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဝီလီယမ်စ်ရဲ့ နောက်ပြန်ပေးမှုကို ဂိုးသမား တာနာက ဖြစ်သလို ရှင်းထုတ်ခဲ့ရာမှာ ညာခြမ်းကနေ ဘောလုံးပြန်ရသွားခဲ့တဲ့ ကူလူရှက်ဗ်စကီးက သူ့ကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ ဖောရက်စ်ခံစစ်မှူး မူရီလိုကို တစ်ကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော်ပြီး ညာခြေနဲ့ ကျုံးကန်ထည့်ခဲ့ရာမှာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲချိန် ၆၈ မိနစ်မှာတော့ ဖောရက်စ်တို့ဘက်က ကူယာတေးနဲ့ ဘိုလီတို့အစား ဒါနီလိုနဲ့ ခရစ္စဝုဒ်တို့ ဝင်လာခဲ့ကြပြီး တစ်မိနစ်အကြာမှာတော့ ယိတ်စ်ရဲ့ ဒူးအောက်နားကို ဘောလုံးယှဉ်လုရင်း ခပ်သာသာ ကန်မိတဲ့ စပါးစ်ကွင်းလယ်လူ ဘီဆူးမားကို ဒိုင်လူကြီး ဂျီးလက်က အဝါအရင်ပြပြီးမှ VAR ပြန်ကြည့်ပြီး မပြရင်လဲဖြစ်တဲ့ အနီကတ်နဲ့ ထုတ်ပစ်ခဲ့လို့ ဧည့်သည်တွေ တစ်ယောက်လျော့နဲ့ ကစားခဲ့ကြရပါတယ်။
ကွင်းထဲမှာ တစ်ယောက်သာနေပြီး နှစ်ဂိုးရှုံးနေလို့ ချေပဖို့ လိုနေပေမယ့် ဖောရက်စ်တို့ အိုးနင်းခွက်နင်းပဲ ဖြစ်နေခဲ့သလို ဂိုးရှေ့ကို ဖြတ်တင်တိုင်း ပိတ်သွင်းမယ့်သူတွေ မရှိတာက ငိုအားထက် ရယ်အားသန်စရာဖြစ်ခဲ့ရပြီး နည်းပြရော ကစားသမားတွေပါ အိုင်ကျူနိမ့်တဲ့ အသင်းညံ့တစ်သင်းလို့ပဲ မှတ်တမ်းတင်ရတော့မှာဖြစ်သလို မနှစ်က တန်းမဆင်းရပေမယ့် ဒီနှစ် တန်းဆင်းသွားမှ အေးမယ်လို့ မေတ္တာပို့ချင်စရာလည်းဖြစ်ခဲ့ရတာပါ။
ဖောရက်စ်တို့ဘက်က မန်ဂါလာအစား ဟဒ်ဆန်-အိုဒွိုင်းကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် လက်ကျန်ပွဲချိန်တွေကို ဆယ်ယောက်နဲ့ စပါးစ်တို့က ဂိုးသမား ဗီကာရီယို အားကိုးနဲ့ တောင့်ခံသွားခဲ့ကြသလို နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့ပေမယ့် ဘာမှ မလုပ်တတ် မကိုင်တတ်နဲ့ ဉာဏ်ရည်မမီတဲ့ အိမ်ရှင်တွေကတော့ ဒိုင်ကူပေမယ့်လည်း ချေပဂိုးတစ်ဂိုးတောင်မှ မယူနိုင်ခဲ့ဘဲ ပွဲသိမ်းခဲ့ရတာဖြစ်ပါတယ်။
နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပြီး သုံးမှတ်ယူနိုင်ခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် တော့တင်ဟမ်ဟော့စပါးတို့အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ မှာ တစ်ပွဲပိုကစားပြီး မန်စီးတီးတို့နဲ့ ၃၃ မှတ်ချင်း တူသွားနိုင်ခဲ့ကြသလို တစ်ပွဲလုံး ၁၅ ကြိမ်ကန်ပြီး ၁ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့တဲ့ ဖောရက်စ်တို့ကတော့ အဆင့် ၁၇ က အဲဗာတန်တို့ ကျော်တက်တာခံရဖို့တောင် နီးစပ်လာခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ဘီဆူးမားရဲ့ မိုက်မဲတဲ့ အနီကတ်ကြောင့် ဖောရက်စ်ကို အနိုင်ရဖို့ ရုန်းခဲ့ရတဲ့ စပါးစ် first appeared on Sports A2Z.
Your new digest 50
Post a Comment