ယန်းဘွိုင်းစ်နဲ့ပွဲမှာ မပါဘူးဆိုတဲ့ ဟားလန်းရဲ့ ဂိုးတွေနဲ့ အုပ်စုတက်သွားတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်၊ ဂျွန်စတုန်းစ်နဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရီကို လူးဝစ္စ၊ မက်သီယူးစ် နူးနက်စ်နဲ့ ကိုဗာချစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ ဂရီးလစ်ရှ်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ယန်းဘွိုင်းစ်တို့ကတော့ ဂိုးသမား ရာစီယော့ပီ၊ ခံစစ်မှာ အာမင်ဒါ၊ ကာမာရာ၊ ဘင်နီတို၊ ယန်ကိုနဲ့ ဂါစီယာတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ နီယာဆေး၊ လော်ပါ၊ အီလီယာနဲ့ အူဂရီနစ်ချ်တို့ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာတော့ အစ်တန်တစ်ဦးတည်းကို တင်ကစားခဲ့တာပါ။

ပွဲစကတည်းက မန်စီးတီးတို့ ဖိကစားနေခဲ့ပြီး ရီကို လူးဝစ္စရဲ့ အနီးကပ် ကန်ချက်ကို ဂိုးစည်းပေါ်ကနေ ဘင်နီတိုက တားဆီးသွားခဲ့တာကြောင့် စောစောစီးစီး ဂိုးရခွင့်နဲ့ လွဲခဲ့ရသလို ကိုဗာချစ်ချ်ရဲ့ ခပ်ညံ့ညံ့ ဘောလုံးအထိန်းအသိမ်းကလည်း ဂိုးဖြစ်ရမယ့်အစား အတားဆီးခံခဲ့ရလို့ ခရိုအေးရှားသားက ဒီအသင်းရဲ့ အဆင့်ရော ဟုတ်ရဲ့လားလို့ ထွက်ခွာသွားတဲ့ ဂွန်ဒိုးဝမ်နဲ့ နှိုင်းယှဉ်ပြီး မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုးရရှိသွားခဲ့ကြပြီး ဧရိယာနားမှာ ခပ်ကြမ်းကြမ်း တားဆီးနေခဲ့ကြတဲ့ ယန်းဘွိုင်းစ်ခံစစ်က ဒီတစ်ခါမှာတော့ မက်သီယူးစ် နူးနက်စ်ကို ဧရိယာထဲမှာ ခြေချိတ်မိခဲ့တာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟားလန်းကပဲ ပုံမှန်အတိုင်း တာဝန်ယူပြီး ဂိုးသမားကို လှည့်စား ကန်သွင်းနိုင်ခဲ့တာပါ။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ဖိကစားနေတဲ့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာတဲ့ ဂရီးလစ်ရှ်က အကွက်မြင်မြင်နဲ့ ညာတောင်ပံကို ဖြန့်ပေးခဲ့ရာမှာ ဖိုဒန်က သူနဲ့ တစ်ယောက်ချင်း ရင်ဆိုင်နေရတဲ့ ဂါစီယာကို ကျော်ဖြတ်ပြီး ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ မကန်လောက်ဘူး ထင်နေတဲ့ ဂိုးသမား အငိုက်မိခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ဂျွန်စတုန်းစ်အစား အာကေကို ထည့်သွင်းလာခဲ့သလို နူးနက်စ်ကတော့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ယန်းဘွိုင်းစ်ဘက်က သူ့ကို ပစ်မှတ်ထားနေခဲ့ကြတာကြောင့် လုပ်ရကိုင်ရ ကျပ်နေခဲ့ချိန်မှာ ဘာနာဒို ဆေးလ်ဗား မပါဝင်ခဲ့တာကလည်း အိမ်ရှင်တွေ ကွင်းလယ်ကို စွမ်းဆောင်ရည် လျော့ကျစေခဲ့တာပါ။

ပွဲချိန် ၅၁ မိနစ်မှာတော့ မန်စီးတီးတို့ အနိုင်သေချာစေမယ့် တတိယဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာတောင်ပံကနေ ရီကို လူးဝစ္စ ဆွဲယူလာပြီး အတွင်းကို ချိုးပေးရာမှာ ကိုဗာချစ်ချ်က မယူဘဲ ကာပေးခဲ့တဲ့ ဘောလုံးကို ဟားလန်းက ဆွဲယူပြီး ဧရိယာထိပ်ကနေ ညာဘက်ထောင့်ကို ချိုးပြီး အပြင်းကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ မန်စီးတီးတို့ဘက်က ဝေါ်လ်ကာအစား ကယ်လ်ဗင် ဖိလစ်၊ ဟားလန်းအစား အော်စကာ ဘော့ဘ်၊ ကိုဗာချစ်ချ်အစား ဒိုကူးတို့ကို ထည့်သွင်းပြီး အနားပေးသွားခဲ့တာကြောင့် ဂိုးထပ်မရတော့ဘဲ ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့သလို လေးပွဲကစား လေးပွဲအနိုင်နဲ့ အုပ်စု အဆင့်ကနေ အနည်းဆုံး ဒုတိယနေရာ အာမခံချက်နဲ့ တက်ရောက်သွားခဲ့ပြီဖြစ်ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ယန်းဘွိုင်းစ်နဲ့ပွဲမှာ မပါဘူးဆိုတဲ့ ဟားလန်းရဲ့ ဂိုးတွေနဲ့ အုပ်စုတက်သွားတဲ့ မန်စီးတီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post