ဘိုရုဆီးယား ဒေါ့မွန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်မှာ ဟမ်းမဲလ်၊ ရှလော့တာဘက်ခ်၊ ဆူးလားနဲ့ ရိုင်ယာဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဘစ်ဇာ၊ အို့ဇ်ချန်နဲ့ နမီချာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဒီယီမီ၊ ဘရန့်ဒ်နဲ့ ဖူးလ်ကရပ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ရေနံစားတဲ့ ဧည့်သည် ငှက်ကျားလေးတွေကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆယ်လက်စ်၊ ရှား၊ ထရစ်ပီယာနဲ့ ဟောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဝီလော့ခ်၊ လောင်းစတပ်ဖ်၊ လီဗရာမင်တိုနဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝီလ်ဆန်တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။
အဝေးကွင်းမှာ ခပ်ကြမ်းကြမ်း ကစားဖို့ ကြိုးစားလာတဲ့ နယူးကာဆယ်လ်တို့ စောစောစီးစီးပဲ အဝါပြခံခဲ့ရတာကြောင့် ဒါက ပရီးမီးယားလိဂ်က ရေနံလောင်းလို့ရတဲ့ နေရာ မဟုတ်ဘူးဆိုတာ သဘောပေါက်ပြီး ရှိန်သွားခဲ့ကြသလို ပရိသတ်အားပေးမှုကောင်းတဲ့ ဒေါ့မွန်ရဲ့ အဝါရောင်နံရံကြီးလို ပွဲကြည့်စင်တွေက အော်ဟစ်သံတွေနဲ့ ပိုက်ဆံအတုတွေ ကြဲချပြီး လှောင်ပြောင်မှုကလည်း သူတို့ကို ခက်ခဲစေခဲ့ပါတယ်။
ငှက်ကျားတွေအနေနဲ့ ဘောလုံးကိုင်ခွင့်ရခဲ့ပေမယ့် ဒါက သူတို့ရဲ့ ပိုင်နိုင်ကျွမ်းကျင်တဲ့ ဗျူဟာ မဟုတ်တာကြောင့် အသက် ၄၁ နှစ်သာ ရှိသေးတဲ့ ဒေါ့မွန်နည်းပြ အီဒင် တာဇစ်ချ်ရဲ့ မှန်ကန်တဲ့ ဗျူဟာကို ချီးကျူးရမှာဖြစ်ပြီး ဖူးလ်ကရပ်ချ်နဲ့ အဒီယီမီတို့ရဲ့ ကန်ချက်တွေကို နစ်ခ် ပုပ် ကာကွယ်နိုင်ခဲ့လို့သာ အက်ဒီဟောင်းရဲ့လူတွေ စောစောစီးစီး မကျရှုံးခဲ့ရတာပါ။
ပွဲချိန် ၂၆ မိနစ်မှာတော့ ဒေါ့မွန်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မကြာခဏ တိုးဝင်နေခဲ့တဲ့ တိုက်စစ်ကို ခြေလေးနေတဲ့ နယူးကာဆယ်လ်ခံစစ်က မရှင်းထုတ်နိုင်ခဲ့လို့ ဧရိယာထဲမှာ ဘောလုံးရပြီး ဂိုးရှေ့ကို ချိုးပေးတဲ့ ဆာဘစ်ဇာရဲ့ ပေးပို့မှုကို ဖူးလ်ကရပ်ချ်က အနီးကပ် ပိတ်သွင်းပြီး အိမ်ရှင်တွေကို စတင်ဦးဆောင်စေခဲ့ပါတယ်။
ကောင်တာအားပြုတဲ့အသင်းကို ဘောလုံးပေးကိုင်ပြီး ကောင်တာနဲ့ ပြန်အတီးခံရတဲ့အခါ နယူးကာဆယ်လ်တို့အတွက် ဘာအဖြေမှ မရှိတော့ဘဲ ဖြစ်ခဲ့ရသလို ပထမပိုင်းအပြီးမှာတော့ လုပ်စားလို့ မရတော့တဲ့ ဝီလ်ဆန်နဲ့ ဟောလ်တို့အစား အယ်လ်မီရွန်နဲ့ ဂေါ်ဒန်တို့ကို ထည့်သွင်းလာခဲ့ပြီး မရဏအုပ်စုက အမှတ်ရှာနိုင်ဖို့ အက်ဒီဟောင်းတစ်ယောက် ဂဠုန်ဆားချက်လာခဲ့တာပါ။
ဒေါ့မွန်တို့ဘက်က အဒီယီမီသာ တစ်ကိုယ်ကောင်းမဆန်ဘဲ ဖန်တီးမှုအမြင်ရှိရင် အိမ်ရှင်တွေ ဒီထက်ပိုပြီး ဂိုးရနိုင်ခဲ့မှာဖြစ်ပေမယ့် ရင့်ကျက်မှု နည်းနေသေးပြီး လုပ်ချင်ကိုင်ချင်စိတ် အရမ်းများနေခဲ့တဲ့ နိုင်ဂျီးရီးယားနွယ်ဖွား ဂျာမန်ချာတိတ်ကြောင့် ငှက်ကျားတွေ သက်သာခွင့်ရခဲ့သလို ဝါရင့် ဘရန့်ဒ်နဲ့ ဖူးလ်ကရပ်တို့ကတော့ သူတို့ဆီ ဘောလုံးရောက်နည်းလို့ စိတ်ပျက်နေခဲ့ရပါတယ်။
ပွဲချိန် ၅၆ မိနစ်မှာ နယူးကာဆယ်လ်တို့အတွက် အကောင်းဆုံး အခွင့်အရေးကို ဂျိုလင်တန် အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဘေးချော်သွားခဲ့ပြီး ဒေါ့မွန်တို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေမှာတော့ ဂိုးသမား နစ်ခ် ပုပ်တစ်ယောက် မပဋာ မြေလူးဖြစ်နေခဲ့သလို အိမ်ရှင်တွေအနေနဲ့ အခွင့်အရေးတွေ ဖန်တီးတည်ဆောက်ရာမှာ စိတ်မရှည်ခဲ့လို့သာ ပွဲက မပြတ်ခဲ့ရတာပါ။
ပွဲချိန် ၇၉ မိနစ်မှာတော့ ဒေါ့မွန်တို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ နယူးကာဆယ်လ်တို့ရဲ့ ထောင့်ကန်ဘောက ပြန်ထွက်လာရာမှာ အဒီယီမီရဲ့ အဝေးဘောနဲ့အတူ တန်ပြန်တိုက်စစ် စတင်လာခဲ့တဲ့ ဘရန့်ဒ်နဲ့ ဆာဘစ်ဇာတို့က အတူတက်လာခဲ့ပြီး လီဗရာမင်တိုကို 2 Vs 1 အနေအထားကနေ ကူကယ်ရာမဲ့စေခဲ့ပြီးမှ ဘရန့်ဒ်က ဘယ်ခြေနဲ့ အပိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ရေနံလောင်းလို့ မရတဲ့ နေရာမှာ ငှက်ကျားလေးတွေကို ဒေါ့မွန်တို့က တစ်ဝကြီး လှောင်ပြောင်ပြီးမှ နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ မီးကင်စားသွားခဲ့သလို မရဏအုပ်စုဖြစ်တဲ့ အုပ်စု(အက်ဖ်)ရဲ့ ပထမနေရာကို နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ် ၇ မှတ်နဲ့ သိမ်းပိုက်သွားခဲ့ချိန်မှာ အင်္ကျီစိမ်းလေးနဲ့ အသင်းကတော့ အုပ်စုအောက်ဆုံးကို ရောက်သွားခဲ့ရပါကြောင်းလည်း ဖော်ပြပေးလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ဂျာမန်မှာ ရေနံမထွက်ဘူးဆိုပြီး ငှက်ကျားလေးတွေကို ကြိတ်ပေးလိုက်တဲ့ ဒေါ့မွန် first appeared on Sports A2Z.
Your new digest 50
Post a Comment