အပယ်ခံနှစ်ဦး ရယူပေးခဲ့တဲ့ နိုင်ပွဲနဲ့ ဘရန့်ဖို့ဒ်ကို အချိန်ပိုမှာ အလဲထိုးခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ အီဗန်စ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အမ်မရာဘတ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မေဆန်မောင့်၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား စထရာကိုရှာ၊ ခံစစ်မှာ အာယေး၊ ကောလင်းစ်၊ ပင်နော့ခ်၊ ရိုအာဆလက်ဗ်နဲ့ ဟစ်ကီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ နော်ဂါ့ဒ်၊ ယန်ဆန်နဲ့ ယန်နဲ့လ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အမ်ဘူးမိုနဲ့ ဝစ်ဆာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲအစောပိုင်းမှာ မန်ယူတို့ ကစားကွက်တည်မရဘဲဖြစ်နေခဲ့ပြီး ဘရန့်ဖို့ဒ်ကွင်းလယ်နဲ့ တောင်ပံတွေက ပိုမိုစုစည်းမှုကောင်းတဲ့ ကစားဟန်ကို ပြသနိုင်ခဲ့သလို တည်ကန်ဘောတွေကနေလည်း ခြိမ်းခြောက်ခံနေခဲ့ရပြီး အလုပ်မဖြစ်မတဲ့ အင်္ဂလန်တောင်ပံတွေကြောင့်လည်း တိုက်စစ်ဆင်ဖို့က ခက်ခဲနေခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဝစ်ဆာ ထိုးဖောက်လာခဲ့ရာမှာ ဧရိယာထဲကနေ စိတ်မပါလက်မပါဖျက်တဲ့ ကာစီမီရိုကြောင့် ဘေးကို ကျလာခဲ့တဲ့ ဘောလုံးကို ယန်ဆန်က အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ကန်ချက်က သိပ်မကောင်းပေမယ့် အိုနာနာ ဒိုက်ပစ်တာ နှေးနေခဲ့တာကြောင့် သူ့လက်နဲ့ထိပြီး ဝင်သွားခဲ့တာပါ။

ပထမပိုင်းမှာ အခွင့်အရေးတွေကို မန်ယူတို့ အသုံးမချနိုင်ခဲ့သလို ဘရန့်ဖို့ဒ်တိုက်စစ်ကလည်း ကျဆင်းနေတာကြောင့် ဂိုးတွေ ထပ်မရတော့ဘဲ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဧည့်သည်တွေ ဦးဆောင်နေခဲ့ကြသလို ဒုတိယပိုင်း ပြန်အစမှာတော့ စုတ်ပြတ်ပျက်စီးနေတဲ့ ကာစီမီရိုအစား အဲရစ်ဆန်ကို နည်းပြ တန်ဟတ်က ထည့်သွင်းပြီး ကွင်းလယ်အသာစီးယူနိုင်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်တိုက်စစ်နဲ့ ကွင်းလယ်က မန်ယူတို့ကို Pressing လုပ်နိုင်စွမ်း ကျဆင်းလာခဲ့ပေမယ့် လဒူကျနေတဲ့ အင်္ဂလိပ်နှစ်ကောင်ဖြစ်တဲ့ မောင့်နဲ့ ရက်ရှ်ဖို့ဒ်တို့က အလုပ်မဖြစ်တော့တာကြောင့် ဒီနေရာမှာ ဂါနာချိုနဲ့ ရဲစခန်းက ပြန်လာတဲ့ အန်တိုနီတို့ကို တန်ဟတ်က ထပ်လဲခဲ့ပြန်ပြီး အခွင့်အရေးတွေကို အသုံးချနိုင်ဖို့တော့ လိုအပ်နေခဲ့တာကြောင့် ချေပဂိုးနဲ့ ဝေးနေခဲ့ရတာပါ။

ပွဲချိန် မိနစ် ၈၀ ကျော်မှာ ဘရန့်ဖို့ဒ်တို့ဘက်က လူစားဝင်တိုက်စစ်မှူး မော်ပေရဲ့ ကန်ချက်နဲ့ ထောင့်ကန်ဘောကနေ နော်ဂါ့ဒ်ရဲ့ ခေါင်းတိုက်ချက်ကို အိုနာနာ လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့လို့ သူ့ရဲ့ ပထမပိုင်း အမှားက ခွင့်လွှတ်နိုင်စရာဖြစ်ခဲ့ပြီး မန်ယူတို့ ပွဲပြီးခါနီးအထိ ရှုံးနိမ့်နေခဲ့တာကြောင့် နိုင်ငံမှာ ဂိုးသွင်းကောင်းနေတဲ့ မက်တော်မီနေးကို အမ်မရာဘတ်အစား ထည့်သွင်းပြီး တန်ဟတ်က နောက်ဆုံးအံစာကို ပစ်လာခဲ့ပါတယ်။

ဒါက အလုပ်ဖြစ်သွားခဲ့ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ မန်ယူတို့ ချေပဂိုး ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဂါနာချိုရဲ့ လှည့်စားပြီး ချိုးပေးတဲ့ ဘောလုံးကို ဧရိယာထဲကနေ ဒါလော့ ကန်သွင်းရာမှာ ဂိုးသမား ပုတ်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဘရန့်ဖို့ဒ်ခံစစ်က ရှင်းထုတ်ပုံ မပီပြင်ခဲ့တာကို မက်တော်မီနေးက ဖြတ်တာပြီး ဘယ်ဘက်တိုင်ခြေကို ကန်သွင်းယူသွားခဲ့တာပါ။

နာကျင်အချိန်ပို ၇ မိနစ်မှာတော့ အိုးလ်ထရက်ဖို့ဒ်တစ်ကွင်းလုံးကို ပေါက်ကွဲစေမယ့် အနိုင်ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခပ်ဝေးဝေးက ဖရီးကစ်ကို ဧရိယာထဲ ကန်ပို့ရာမှာ နေရာယူမှန်မှန်နဲ့ ခေါင်းတိုက်ချနိုင်ခဲ့တဲ့ မက်ဂွိုင်းယားရဲ့ ပေးပို့မှုကို မက်တော်မီနေးက ထပ်ဆင့် ခေါင်းတိုက်ပြီး ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အသင်းရဲ့ အပယ်ခံနှစ်ဦးဖြစ်တဲ့ ခေါင်းကြီးနဲ့ ပုဇွန်ခေါင်း တုတ်ကြီးတို့ရဲ့ ပူးပေါင်းမှုနဲ့ မန်ယူဖန်တွေ နှစ်ဂိုး-တစ်ဂိုးရလဒ်မှာ ပျော်ရွှင်နိုင်ခဲ့ကြသလို နည်းပြ တန်ဟတ်အတွက်လဲ သူလဲလိုက်တဲ့ လူတွေရဲ့ ကြိုးစားအားထုတ်မှုက နိုင်ပွဲနဲ့ ဝမ်းသာစရာဖြစ်ခဲ့ပြီး ပွဲကို မထိန်းချုပ်တတ်ဘဲ အဖျားရှူးတဲ့ ဘရန့်ဖို့ဒ်တို့ကတော့ ရှုံးပွဲနဲ့ပဲ ထိုက်တန်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post အပယ်ခံနှစ်ဦး ရယူပေးခဲ့တဲ့ နိုင်ပွဲနဲ့ ဘရန့်ဖို့ဒ်ကို အချိန်ပိုမှာ အလဲထိုးခဲ့တဲ့ မန်ယူ first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post