ဘန်လေကို သူ့ကွင်းမှာ ပက်ပက်စက်စက် ကမ်းဘက်ခဲ့တဲ့ ညီမလေး ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ ဒီဆာဆီ၊ သီယာဂို ဆေးလ်ဗား၊ ကူကူရဲလားနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ စတာလင်နဲ့ ဘရိုယာတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘန်လေတို့ကတော့ ဂိုးသမား ထရက်ဖို့ဒ်၊ ခံစစ်မှာ အယ်လ်ဒါခီးလ်၊ ဒဲလ်ခွာ၊ ဗီတင်ညိုနဲ့ တေလာတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကာလန်၊ ဘာဂါနဲ့ ဘရောင်းဟေးလ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ထရီဆာ၊ အိုဒိုဘတ်နဲ့ ဖော်စတာတို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာ ဘန်လေတို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဗီတင်ညို ခင်းပေးတာကို တောင်ပံက အတွင်းကို ချိုးဝင်သွားခဲ့တဲ့ ဖော်စတာက ဧရိယာထဲအထိ ဆွဲဝင်ပြီးမှ ခင်းပေးတာကို ဘယ်ခြမ်းမှာ ရှိနေတဲ့ အိုဒိုဘတ်က အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ချဲလ်ဆီးဂိုးသမား ဆန်ချက်ဇ် ညံ့ဖျင်းခဲ့လို့ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၄၂ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ တစ်ကိုယ်တော် ထိုးဖောက်လာခဲ့တဲ့ စတာလင်က ဘန်လေနောက်ခံလူနှစ်ယောက်ကို ကျော်ဖြတ်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးရာမှာ အဆင်သင့်မဖြစ်တဲ့ အယ်လ်ဒါခီးလ်ကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဘန်လေတို့ဘက်က အုန်းဂိုးရှင် အယ်လ်ဒါခီးလ်အစား ဒါရာ အိုရှေးကို လဲကစားခဲ့သလို ချဲလ်ဆီးတို့ဘက်ကတော့ ဘရိုယာအစား ဂျက်ဆန်ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို ဖူလ်ဟမ်နဲ့ပွဲက ပုံစံကောင်းကို ရှေ့ဆက်နိုင်ဖို့ နည်းပြ ပိုချက်တီနိုက ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ ချဲလ်ဆီးတို့ ဒုတိယဂိုးနဲ့ နောက်ကနေ Come Back နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ တစ်ကိုယ်တော် အစွမ်းနဲ့ အတင်းတိုးဝင်လာခဲ့တဲ့ စတာလင်ကို ဗီတင်ညိုက ခြေချိတ်လှဲမိလို့ ရတဲ့ ပင်နယ်တီကို ပါးလ်မားက ညာဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းပြီး သူ့ရဲ့ မန်စီးတီးလူငယ်အသင်းဖော်ဟောင်း ဂိုးသမား ထရက်ဖို့ဒ်ကို အနိုင်ယူသွားခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ အသင်းအတွက် ရှေ့က နှစ်ဂိုးစလုံးကို ပါဝင်စွမ်းဆောင်ထားခဲ့တဲ့ စတာလင်က တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ကွင်းလယ်ကနေ ပလာတာရိုက်နေတဲ့ ဘန်လေတို့ဆီက ဖြတ်လုနိုင်ခဲ့တဲ့ ကိုင်စီဒိုရဲ့ အားထုတ်မှုကနေ ဂါလာဂါက ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ဘယ်တောင်ပံကနေ စတာလင်က ပြေးဝင်ပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ အနိုင်ပြတ်သားစေမယ့် စတုတ္ထဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေပဲ ကလေးကစားစရာ လုပ်နေတဲ့ စတာလင်ရဲ့ ဆွဲပြေးပြီး ဖြတ်တင်ပေးမှုကို ညာခြမ်းကနေ ဘောလုံးပြန်ရခဲ့တဲ့ ပါးလ်မားက တစ်ချက်ထိန်းပြီး ဂိုးရှေ့ကို ပြန်ချပေးတာကို ဂျက်ဆန်က အနီးကပ် ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က ဘန်လေတို့ကို လေးဂိုး-တစ်ဂိုးနဲ့ Come Back နိုင်ပွဲ ဆင်နွှဲနိုင်ခဲ့ကြပြီး နောက်ဆုံး အဝေးကွင်းနှစ်ပွဲဆက် အနိုင်ရရှိမှုနဲ့ အဆင့် ၁၁ ကို တက်ရောက်လာနိုင်ခဲ့ကြချိန်မှာ ပိုချက်တီနိုအနေနဲ့ တိုက်စစ်ရဲ့ ပုစ္ဆာကိုတော့ အောင်မှတ်ရအောင် ဖြေရှင်းနိုင်ခဲ့တဲ့နောက် အသင်းကြီးအဆင့် မရှိသေးတဲ့ ခံစစ်ပြဿနာကို အဖြေရှာရဦးမှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဘန်လေကို သူ့ကွင်းမှာ ပက်ပက်စက်စက် ကမ်းဘက်ခဲ့တဲ့ ညီမလေး ချဲလ်ဆီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post