ကိုင်စီဒိုရဲ့ အမှားကြောင့် အိမ်ကွင်းမှာ ဖောရက်စ်ကို ရှုံးပွဲတွေ့ခဲ့ပြန်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂူစတို၊ ချေးလ်ဝဲလ်၊ ကိုင်စီဒို၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဂါလာဂါတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်နဲ့ ဂျက်ဆန်တို့ကိုပဲ အပြောင်းအလဲမရှိ ပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် နော့တင်ဟမ်ဖောရက်စ်တို့ကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘိုလီ၊ မက်ကင်နာ၊ ဝေါရဲလ်၊ အူရီယေးနဲ့ အိုင်နာတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ယိတ်စ်၊ မန်ဂါလာ၊ ဒါနီလိုနဲ့ ဂစ်ဘ်စ်-ဝှိုက်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ အဝိုနီယီတစ်ယောက်တည်းကို တင်ကစားလာခဲ့တာပါ။

ပိုချက်တီနိုရဲ့ ၃-၅-၂ က ဆွဲဆောင်မှု မရှိခဲ့သလို ထုံးစံအတိုင်းပဲ ကွင်းလယ်က ဖန်တီးမှုတွေ အားနည်းခဲ့လို့ တောင်ပံက Wing Back နှစ်ဦးဖြစ်တဲ့ ဂူစတိုနဲ့ ချေးလ်ဝဲလ်တို့ကိုပဲ မှီခိုခဲ့ရသလို စတာလင်က ပုံမှန်အတိုင်း သွက်သွက်လက်လက် ထိုးဖောက်နေခဲ့ပေမယ့် ဂျက်ဆန်ကတော့ နေရာကျယ်ကျယ် မရချိန်မှာ အလုပ်မလုပ်တတ်တာကိုလည်း တွေ့ခဲ့ရပါတယ်။

ချဲလ်ဆီးတို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် Final Third မှာ အပျက်များခဲ့ပြီး မှန်းကန်ရမ်းကန်ပဲ များခဲ့ချိန်မှာ ကောင်တာတွေနဲ့ ထိုးဖောက်ခဲ့တဲ့ ဖောရက်စ်တို့ရဲ့ တုံ့ပြန်မှုတွေကို ခက်ခက်ခဲခဲ ထိန်းသိမ်းခဲ့ရပြီး ပထမပိုင်းမှာ သုံးဝါအထိ အပြခံခဲ့ရသလို သီယာဂို ဆေးလ်ဗားကလည်း အဝိုနီယီကို ကူမယ့်သူ မရှိဘဲ တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတာပါ။

ပိုချက်တီနိုရဲ့ ကစားကွက်ကတော့ အသင်းရဲ့ Chief Creator လိုဖြစ်နေတဲ့ အန်ဇို ဖာနန်ဒက်ဇ်ကိုလည်း ဝန်ပိစေခဲ့ပြီး ပထမပိုင်းမှာတော့ ဂိုးမရှိသရေဖြစ်နေခဲ့ကြသလို ဒုတိယပိုင်းအစမှာတော့ ဖောရက်စ်တို့ဘက်က တိုက်စစ်ပိုလိုက်ပါနိုင်မယ့် အီလန်ဂါကို ဒဏ်ရာအနည်းငယ် ရှိနေတဲ့ ဒါနီလိုအစား ထည့်သွင်းခဲ့ပေမယ့် ချဲလ်ဆီးတို့ဘက်ကတော့ ဘာမှမလုပ်နိုင်တဲ့အပေါ်မှာ အပြောင်းအလဲမရှိဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာတော့ ဖောရက်စ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကိုင်စီဒိုရဲ့ အမှားကနေ ပျက်လာတဲ့ ဘောလုံးကို ရရှိသွားခဲ့တဲ့ အဝိုနီယီက သီယာဂို ဆေးလ်ဗားရဲ့ ပေါင်ကြားထဲကနေ ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ လူစားဝင်တောင်ပံသမား အီလန်ဂါက ဒီဆာဆီနဲ့ ကောလ်ဝီလ်တို့ ကြားကနေ ပြေးဝင်ပြီး ဂိုးသမား ဆန်ချက်ဇ်နဲ့အတွေ့မှာ ညာဘက်ထောင့်ထဲကို အနိမ့်ဘော ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနေ့မှာ ချဲလ်ဆီးအသင်းအနေနဲ့ နေရာယူပုံတွေက တစ်ဦးနဲ့တစ်ဦး ကပ်လွန်းစိပ်လွန်းနေတာကို တွေ့ခဲ့ရပြီး ကိုင်စီဒိုရဲ့ အမှားကတော့ ဘေးက ဂါလာဂါများ ဝင်လုဦးမလားဆိုတဲ့ ဇဝေဇဝါဖြစ်မှုကို မြင်ခဲ့ရစေသလို ပိုချက်တီနိုရဲ့ ကွင်းလယ်ကစားသမားသုံးဦးကို ဘယ်လို Function တွေ ပေးထားလို့ ဘာတွေလုပ်ကြမှာလဲဆိုတာကိုပါ မေးခွန်းထုတ်စရာဖြစ်ခဲ့ရပါတယ်။

ဂိုးပေးခဲ့ရအပြီးမှာ ချေးလ်ဝဲလ်နဲ့ ဂါလာဂါအစား မာဒူးကီနဲ့ ပါးလ်မားကို ထည့်ပြီး ၄-၃-၃ ပြောင်းကစားခဲ့ပေမယ့် လုပ်သလိုမဖြစ်လို့ ဖြစ်သလို လုပ်ရတဲ့ ကစားကွက်သာဖြစ်နေခဲ့သလို ကိုယ့်ရဲ့ မူပိုင်အသားကျပုံစံမျိုးလည်း မဟုတ်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ဘာမှ မလုပ်နိုင်ခဲ့သလို ကိုင်စီဒိုနဲ့ ဂူစတိုအစား မတ်ဆန်နဲ့ မူဒရစ်ခ်တို့ကိုပါ ထပ်ထည့်ခဲ့ပေမယ့် ၂၁ ကြိမ် ကန်ခွင့်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့လို့ ဖောရက်စ်ရဲ့ ခံစစ်ကိုတော့ သိပ်ပြီး ဒုက္ခမပေးနိုင်ခဲ့တာပါ။

တိုက်စစ်မှူး ဂျက်ဆန်ကတော့ အလျင်အမြန် ထိန်းသိမ်းအဆုံးသတ်ရမယ့် အလုံးမျိုးတွေမှာ မလုပ်တတ်မကိုင်တတ်ဖြစ်နေခဲ့သလို ပါးလ်မားနဲ့ စတာလင်တို့ရဲ့ မန်စီးတီးနားလည်မှုတွဲလုံးကနေ ဂိုးရှေ့ကို ချိုးပေးတဲ့ ဘောလုံးကိုလည်း ခြေဦးနဲ့ လှမ်းထောက်တာ ဘားပေါ်ကျော်သွားခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေ စိတ်ပျက်ခဲ့ရသလို အီလန်ဂါကြောင့် နာကျင်အချိန်ပိုမှာ ဂိုးထပ်ပေးရမလိုဖြစ်ခဲ့တာကလည်း စိတ်ဓာတ်ကျစရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကိုင်စီဒိုရဲ့ ရောင်းချမှုကနေ နော့တင်ဟမ်ဖောရက်စ်တို့ ကျေးဇူးတင်စရာ သုံးမှတ်ကို တစ်ဂိုး-ဂိုးမရှိနဲ့ စတမ်းဖို့ဘရစ်ချ်မှာ ရယူသွားနိုင်ခဲ့ကြချိန်မှာ ချဲလ်ဆီးတို့ကတော့ လက်ရှိကွင်းလယ်၊ လက်ရှိတိုက်စစ်နဲ့ မဖြစ်ညစ်ကျယ် ပုံစံပဲဖြစ်နေခဲ့ပြီး ပိုချက်တီနိုတစ်ယောက် ဒါတွေကို အချိန်မီ မပြင်ဆင်နိုင်ရင်တော့ ဘိုလီတို့အဖွဲ့တွေ ဇာတ်နာသထက် နာနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ကိုင်စီဒိုရဲ့ အမှားကြောင့် အိမ်ကွင်းမှာ ဖောရက်စ်ကို ရှုံးပွဲတွေ့ခဲ့ပြန်တဲ့ ချဲလ်ဆီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post