နယူးကာဆယ်လ်ကို ဖာဂူဆန်ရဲ့ ဟက်ထရစ်နဲ့ နိုင်ပွဲပြန်ရတဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗာဘရူဂင်၊ ခံစစ်မှာ ဗန်ဟက်ကာ၊ လူးဝစ္စ ဒန့်ခ်၊ ဗဲ့လ်မန်းနဲ့ အက်စ်တူပီညန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂရော့စ်၊ ဂီးလ်မိုး၊ ဆော်လီ မာ့ချ်နဲ့ မီတိုမာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ပက်ဒရိုနဲ့ ဖာဂူဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နယူးကာဆယ်လ်တို့ကတော့ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ရှား၊ ဒန်ဘန်း၊ ထရစ်ပီယာနဲ့ တားဂက်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ တိုနာလီနဲ့ ဂျိုလင်တန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကိုပဲ တွဲဖက်ပေးခဲ့တာပါ။

ကွင်းလယ်အဖျက်စစ်စစ်ကို အသုံးမပြုခဲ့တဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုမှာ ကစားကွက်ပိုကောင်းတဲ့ အိမ်ရှင် ဘရိုက်တန်တို့ကတော့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကစားသမားကောင်းတွေ ရှိပေမယ့် ကွင်းလယ်မှာ ရပ်ကွက်အဆင့်ဗျူဟာကို သုံးနေတဲ့ နယူးကာဆယ်လ်တို့ကတော့ ဒီရာသီ စကတည်းက ရုန်းကန်ခဲ့ရပြီး ဒီနေ့ပွဲမှာလည်း ဒီလိုပဲဖြစ်နေခဲ့ပါတယ်။

ဘရိုက်တန်တို့ကလည်း ပွဲစစချင်းမှာ အာရုံများနေတဲ့ အသင်းကပ္ပတိန် ဒန့်ခ်ကြောင့် ရုန်းကန်ခဲ့ရပြီး တွဲဖက် ဗန်ဟက်ကာ ကောင်းခဲ့လို့သာ အီဆက်ခ်ရဲ့ ထိုးဖောက်မှုကို တားဆီးနိုင်ခဲ့တာဖြစ်သလို ကွင်းလယ်က ဂီးလ်မိုးကတော့ အရင်နှစ်တွေက မြင်ခဲ့ရတဲ့ ပိန်ညှောင်ညှောင် ချာတိတ်လေးလို မဟုတ်တော့ဘဲ ခပ်မာမာ ပုံစံနဲ့ ဘောလုံးပေးပို့မှုတွေကလည်း ဆရာကျခဲ့တာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဘရိုက်တန်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး နယူးကာဆယ်လ်ခံစစ်အမှားကနေ မီတိုမာရဲ့ ကန်ချက်က ပြန်ထွက် လာတာကို ဧရိယာအပြင်ကနေ လှမ်းကျုံးခဲ့တဲ့ ဂီးလ်မိုးရဲ့ ကန်ချက်ကို ဂိုးသမား နစ်ခ် ပုပ် မဖမ်းနိုင်ဘဲ ရင်ဘတ်နဲ့ပဲ ကာကွယ်ခဲ့ရာမှာ ပြန်ကျလာတဲ့ ဘောလုံးကို လူမကျွံဘဲ စောင့်နေနိုင်ခဲ့တဲ့ ဖာဂူဆန်က အနီးကပ် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးအပြီးမှာ နယူးကာဆယ်လ်တို့ ထိုးဖောက်ခဲ့ပေမယ့် ဂျိုလင်တန် ကန်ချက်က တိုင်ဘေးထွက်သွားခဲ့သလို ဘရိုက်တန်တို့ဘက်ကတော့ မီတိုမာ ဖန်တီးပေးပေမယ့် ဂျာအို ပက်ဒရို ဖြုန်းတီးနေခဲ့လို့ ပထမပိုင်းမှာတော့ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး အပြောင်းအလဲလုပ်ဖို့ တော်တော်လေး ကြန့်ကြာခဲ့ကြတာပါ။

ပွဲချိန် ၅၈ မိနစ်မှာ နယူးကာဆယ်လ်တို့ဘက်က ဂျိုလင်တန်၊ တိုနာလီနဲ့ အယ်လ်မီရွန်တို့အစား ဝီလ်ဆန်၊ အန်ဒါဆန်နဲ့ လောင်းစတပ်ဖ်တို့ကို ထည့်သွင်းပြီး ၄-၄-၂ ပြောင်းကစားခဲ့ပေမယ့် တောင်ပံတွေက အလုပ်မဖြစ်ခဲ့သလို ဘရိုက်တန်ကစားကွက်ကို မကျော်နိုင်ခဲ့လို့ နည်းပြ အက်ဒီဟောင်း ဒါပဲ တတ်တာလားလို့ မေးစရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂီးလ်မိုး ခင်းပေးတဲ့ ဘောလုံးကို အတိုင်အဖောက် မညီဘဲ ဆုတ်ခံတဲ့ နယူးကာဆယ်လ်နောက်တန်းနဲ့ ဝင်မဖျက်တဲ့ ကွင်းလယ်ကြောင့် နေရာအကျယ်ကြီး ရသွားခဲ့တဲ့ ဖာဂူဆန်က ဧရိယာထိပ်ကနေ အနိမ့်ဘော လှမ်းကန်သွင်းခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့ပြီး နစ်ခ် ပုပ် လက်မြှောက်ခဲ့ရတာပါ။

ပွဲချိန် ၆၇ မိနစ်မှာ ဗန်ဟက်ကာနဲ့ ဝီလ်ဆန်တို့ ဘရိုက်တန်ဧရိယာထဲမှာ ဘောလုံးယှဉ်လုရင်း လဲကျခဲ့ရာမှာ ပင်နယ်တီ‌ ပေးခဲ့သင့်ပေမယ့် ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်နဲ့ VAR တို့ကတော့ ပယ်ချသွားခဲ့ကြတာကြောင့် နယူးကာဆယ်လ်တို့ နစ်နာခဲ့ရပြီး ဒီတစ်ပတ်မှာတော့ အင်္ဂလန်ဒိုင်တွေရဲ့ Refereeing Standard ကလည်း တော်တော်လေး ဝေဖန်စရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဘရိုက်တန်တို့ပဲ တတိယ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုလည်း ဘယ်ခြမ်းက မီတိုမာ ဆွဲယူလာပြီး ဧရိယာအစပ်မှာ ချန်ထားပေးခဲ့တဲ့ ဘောလုံးကို ဖာဂူဆန်ကပဲ ဘယ်ခြေနဲ့ လှမ်းကန်သွင်းယူခဲ့ရာမှာ နယူးကာဆယ်လ်နောက်ခံလူ ရှားနဲ့ထိပြီး လမ်းကြောင်း ပြောင်းဝင်သွားခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒီနောက်မှာတော့ နယူးကာဆယ်လ်တို့ဘက်က အီဆက်ခ်နဲ့ တားဂက်အစား ဟာဗီ ဘန်းစ်နဲ့ လာဆယ်လက်စ်တို့ကို ပြောင်းလဲသွားခဲ့သလို ဘရိုက်တန်တို့ဘက်ကတော့ ဂျာအို ပက်ဒရို၊ ဂီးလ်မိုး၊ ဖာဂူဆန်၊ မာ့ချ်နဲ့ ဂရော့စ်တို့အစား လမ့်ပ်တေ၊ ဒါဟွတ်ဒ်၊ မီလ်နာ၊ လယ်လာနာနဲ့ အယ်လ်ဒင်ဂရာတို့ကို ထည့်သွင်းပြီး ကွင်းလယ်မှာ ထိန်းကစားသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အရှက်ပြေ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ လောင်းစတပ်ဖ် ကန်တင်လိုက်တဲ့ ဘောလုံးကို ဝီလ်ဆန်က ပြေးလိုက်ပြီး ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကာကို ကျော်ဖြတ်ပြီးမှ ဂိုးသမားနဲ့အတွေ့မှာ ခြေဦးနဲ့ ထိုးထည့်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ Clean Sheet ပျက်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဘရိုက်တန်တို့က နယူးကာဆယ်လ်တို့ကို အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပြီး နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ကြသလို လေးပွဲကစား သုံးပွဲနိုင် တစ်ပွဲရှုံးရလဒ်နဲ့ ရမှတ် ၉ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့ကြပြီး အမှတ်ပေးဇယားမှာတော့ အဆင့် ၄ နေရာအထိ ပြန်ရောက်လာနိုင်ခဲ့ကြချိန်မှာ ငှက်ကျားတွေကတော့ နောက်ဆုံးသုံးပွဲ ဆက်တိုက်ရှုံးပြီး အဆင့် ၁၄ ကို ကျဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post နယူးကာဆယ်လ်ကို ဖာဂူဆန်ရဲ့ ဟက်ထရစ်နဲ့ နိုင်ပွဲပြန်ရတဲ့ ဘရိုက်တန် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post