မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် နော့တင်ဟမ် ဖောရက်စ်အသင်းကတော့ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဝေါရဲလ်၊ ဘိုလီ၊ မက်ကင်နာ၊ အူရီယေးနဲ့ အိုင်နာတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒါနီလို၊ ယိတ်စ်၊ ဂစ်ဘ်စ်-ဝှိုက်နဲ့ ဂျွန်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ အဝိုနီယီတစ်ဦးတည်းကို ထားရှိခဲ့တာပါ။
ပွဲချိန် ၂ မိနစ်မှာကတည်း ဧည့်သည် ဖောရက်စ်တို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂစ်ဘ်စ်-ဝှိုက်က ခေါင်းတိုက်ချခဲ့ရာမှာ စောင့်ယူဖို့ လုပ်နေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ရှေ့ကနေ အဝိုနီယီက ဖြတ်ယူပြီး ဂိုးပေါက်ဝအထိ တောက်လျှောက် ဆွဲပြေးသွားခဲ့သလို ဂိုးမဖမ်းတတ်တဲ့ ဂိုးသမား အိုနာနာကို ဖင်ထိုင်ကျအောင်လုပ်ပြီးမှ အသာကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၄ မိနစ်မှာ ဖောရက်စ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို ဂစ်ဘ်စ်-ဝှိုက်က ကန်တင်ပေးရာမှာ ဝေါရဲလ်ရဲ့ ခေါင်းတိုက်ချက်က မန်ယူနောက်ခံလူတွေနဲ့ ထိပြီး ပြန်ကျလာခဲ့တဲ့ ဘောလုံးကို ဘိုလီက ခေါင်းထပ်တိုက်ပြီး လှုပ်တောင် မလှုပ်လိုက်ရတဲ့ ကင်းမရွန်းသား ဂိုးသမားကို အိုပြီး နာနာနေတာလားလို့ မေးသွားခဲ့တာပါ။
ပရီးမီးယားလိဂ်ရဲ့ ပွဲအစမှာ စံချိန်တင် နှစ်ဂိုးပေးရတဲ့ အမြန်ဆုံးမှတ်တမ်းအဖြစ် ၃ မိနစ်နဲ့ ၄၇ စက္ကန့်မှာ ခံစားသွားခဲ့ရတဲ့ မန်ယူတို့အတွက်တော့ နလံထူဖို့ အတော်လေး အားပြန်ယူခဲ့ရတာဖြစ်ပြီး ကွင်းထဲမှာ ကြက်ပေါင်းရည်နဲ့ ငှက်သိုက်သောက်ခွင့် မရှိတဲ့ ဘဝကလည်း အတော်လေး ခါးခဲ့တာကြောင့် ပရိသတ်တွေကပဲ အော်ဟစ်အားပေးခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန် ၁၇ မိနစ်မှာတော့ အိမ်ရှင် မန်ယူတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ရက်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်တော် ခြေယောင်ပြပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ တိုက်စစ်မှူးနေရာယူထားပြီး ဖောရက်စ်နောက်ခံလူတွေရှေ့ကနေ ကွက်တိ ပိတ်သွင်းယူနိုင်ခဲ့တဲ့ အဲရစ်ဆန်ကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။
ပွဲချိန် ၂၆ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဘယ်သူမှ မထိလိုက်ဘဲ ဂိုးရှေ့ကို ကျလာတဲ့ ဘောလုံးကို ကာစီမီရို မပိတ်နိုင်ခဲ့ဘဲ လွတ်သွားခဲ့လို့ မန်ယူတို့ နှစ်ဂိုးစီသရေဖြစ်ဖို့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပြီး ပထမပိုင်းမှာတော့ အခွင့်အရေးတွေကို အသုံးမချနိုင်မှုတွေနဲ့အတူ နှစ်ဂိုး-တစ်ဂိုးနဲ့ပဲ အိမ်ရှင်တွေ နောက်က လိုက်ကစားခဲ့ရပါတယ်။
ဒုတိယပိုင်းအစမှာတော့ မန်ယူတို့ဘက်က ဂီလာနဖြစ်ချင်နေတဲ့ နောက်ခံလူ ဗာရွန်းအစား လင်ဒီလော့ဖ်ကို နည်းပြ တန်ဟတ်က ထည့်သွင်းလာခဲ့ပြီး ဖာနန်ဒက်စ်ကတော့ အတော်လေး ကြိုးစားပြခဲ့သလို ဖောရက်စ်တို့ဘက်ကတော့ ခံစစ်ကို ပိုမိုအားပြုခဲ့ပြီး ဂိုးသမား မတ်တာနာနဲ့ မာစီယယ်လ်တို့ရဲ့ ပြိုင်ဆိုင်မှုကိုလည်း မြင်တွေ့ခဲ့ရတာပါ။
ပွဲချိန် ၅၂ မိနစ်မှာတော့ မန်ယူတို့ သရေကျစေမယ့် ဒုတိယ ချေပဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထူးထူးဆန်းဆန်း ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ ဘယ်ဘက်မှာ နေရာယူထားတဲ့ ရက်ရှ်ဖို့ဒ်ဆီ အဝေးကြီး ဝမ်းတူးလှမ်းရိုက်ပြီး ဧရိယာထဲ ပြေးဝင်ခဲ့တဲ့ ဖာနန်ဒက်စ်က ပြန်ရောက်လာတဲ့ ဘောလုံးကို အနီးကပ် ခေါင်းပြန်တိုက်ချပေးရာမှာ ကာစီမီရိုက တစ်ချက်ထိန်းပြီး လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဒီနောက်မှာတော့ ဖောရက်စ်တို့ဘက်က မက်ကင်နာအစား နီယာခါတေနဲ့ မန်ယူတို့ဘက်က မာစီယယ်လ်အစား ဆန်ချိုတို့ကို ထည့်သွင်းခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာတော့ ချော်လဲရာမှာ ကောင်းကောင်းမလဲဘဲ ဂိုးသွင်းဖို့ ဘောလုံးနောက် ပြေးလိုက်နေတဲ့ ဘရူဖို ဖာနန်ဒက်စ်ရဲ့ ခြေထောက်ပေါ်ကို လဲမိတဲ့ ဧည့်သည်ကပ္ပတိန် ဝေါရဲလ်တစ်ယောက် မအူမလည်နဲ့ VAR အနီကတ် အပြခံခဲ့ရတာပါ။
ပွဲချိန် ၇၆ မိနစ်မှာတော့ မန်ယူတို့ အနိုင်ဂိုးကို ပြန်လည်ရှာဖွေ Come Back နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဘောလုံးမထိဘဲ ခြေထိုးခံခဲ့တဲ့ ဖောရက်စ်ကွင်းလယ်လူ ဒါနီလိုကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်က ဂိုးသမား မတ်တာနာရဲ့ ညာဘက်အောက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
နာကျင်အချိန်ပို ၁၄ မိနစ်အထိ ကြာမြင်ခဲ့ပြီးတဲ့နောက် ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က နော့တင်ဟမ်ဖောရက်စ်တို့ကို သုံးဂိုး-နှစ်ဂိုးနဲ့ အိမ်ကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြသလို ပြိုင်ဘက်က တစ်ယောက်လျော့နဲ့ ပင်နယ်တီပါ ပေးမယ်ဆိုရင် ငါတို့တွေဟာ ရေပြွတ်တွေ မဟုတ်တာကြောင့် Come Back နိုင်ပွဲယူတတ်ကြောင်းကို ကြုံးဝါးနိုင်ခဲ့ကြတာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
The post ငါတို့သည် ရေပြွတ်မဟုတ်ဟု ကြုံးဝါးပြီး သစ်ပင်ကို အမြစ်က လှန်သွားခဲ့တဲ့ ဂိတ်မှူးများ first appeared on Sports A2Z.
Your new digest 50
Post a Comment