အာတီတာရဲ့ ဝဲစားကွက်နဲ့ ဖူလ်ဟမ်ကို သရေကျတဲ့ စိတ်ကုန်စရာ အာဆင်နယ်

မန်စီးတီးကော်ပီ အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ရဲ့ ပုံမလာ ပန်းမလာ ၃-၂-၄-၁ ကစားကွက်ကိုပဲ ဆက်သုံးခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဘန်ဝှိုက်၊ ပါတေးနဲ့ ကီဗီယာတို့ကို ပွဲထုတ်ခဲ့သလို ကွင်းလယ်မှာတော့ ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ထရော့ဆတ်၊ မာတီနယ်လီနဲ့ ဆာကာတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ဒီယော့ပ်၊ ဘက်ဆီ၊ တီတီနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ လူကစ်ချ်၊ အန်ဒရီးယက်စ် ပါရဲရား၊ ဝီလ်ဆန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ရာအူးလ် ဟီမီနက်ဇ်ကို တစ်ယောက်တည်းကို တင်ထားခဲ့တာပါ။

ပွဲချိန် ၁ မိနစ်မှာကတည်းက ဖူလ်ဟမ်တို့ အဖွင့်ဂိုးသွင်းသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ကြပ်နေတဲ့ ကစားကွက်ထဲက ဆာကာ နောက်ပြန်ပေးရာမှာ ဗဟိုခံစစ်နေရာမှာ ဘယ်သူမှ ရှိမနေခဲ့တဲ့အတွက် ဧည့်သည်ကွင်းလယ်လူ ပါရဲရားက ပြန်ရသွားပြီး တစ်ယောက်တည်း ဘယ်နေရာ ရောက်လို့ ရောက်နေမှန်း GPS တပ်ပေးထားရမယ့်ပုံပေါ်နေတဲ့ ရမ်းစ်ဒေးလ်ရဲ့ ဘယ်ဘက်အောက်ထောင့်ကို ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကနေ အိမ်စာလုပ်ဖို့ လွှတ်ထားတဲ့ ပေါပေါတောတော အာတီတာအနေနဲ့ ကိုယ့်အသင်းရဲ့ အားသာချက်က ၄-၃-၃ Winger တွေနဲ့ တောင်ပံက တွဲလုံးတွေဆိုတာ နားမလည်ဘဲ Half-Space တွေကို အားပြုကစားရမယ့် ၃-၂-၄-၁ ကို အတင်းရိုက်သွင်းခဲ့ချိန်မှာ ဆာကာနဲ့ မာတီနယ်လီတို့ မကစားတတ်ဘဲ ပိတ်မိနေခဲ့ကြသလို တက်ကူမယ့် Wing Back မရှိချိန်မှာ ဘာမှ မလုပ်တတ်ခဲ့ကြတာပါ။

ဂွါဒီယိုလာရဲ့ မန်စီးတီး ကစားကွက်ပြောင်းတိုင်း ငါလည်း လုပ်တတ်ပါတယ်ဆိုတဲ့ တလွဲမာနကြောင့် စိတ်ရောဂါကုဆရာဝန်နဲ့ ပြသနေပြီဖြစ်တဲ့ အာတီတာအနေနဲ့ ၃-၂-၄-၁ ကစားကွက်ကို ရာသီကြိုမှာတောင် စမ်းမထားဘဲ ငါတကောကောပြီး သုံးခဲ့သလို မာတီနယ်လီ၊ အော်ဒီဂွါဒ်၊ ဆာကာနဲ့ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဂရီးလစ်ရှ်တို့ မတူမှန်း နားမလည်ဘဲ အင်အင်းမှန်း ငှက်ပျောမှန်းမသိ စားခဲ့တာက နည်းပြတစ်ယောက်အတွက် ဦးနှောက်မဲ့ရာ ကျလွန်းခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဖြစ်ချင်တိုင်းဖြစ်နေခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ ကံကောင်းလို့ နောက်တစ်ဂိုးထပ်မပေးခဲ့ရတာဖြစ်သလို တစ်ဂိုး-ဂိုးမရှိနဲ့ ပွဲတဝက် ကုန်အပြီးမှာတော့ ထရော့ဆတ်အစား နကီးတီးယားကို စထည့်ခဲ့ပြီး ကွင်းလယ်က ခဲဆွဲထားတဲ့ ဟာဗတ်ဇ်နဲ့ ညာနောက်ခံမှာ အဖြစ်မရှိတဲ့ ပါတေးတို့ကို သုံးမရလို့ ဖာဘီယို ဗီယာရာနဲ့ ဇင်ချန်ကိုတို့ကို ထပ်လဲခဲ့ရတာပါ။

ဒီတော့မှပဲ Half-Space မသုံးဘဲ Wing Play သုံးတဲ့ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်ရဲ့ ပုံစံက ပြန်ပေါ်လာခဲ့ပြီး ဖူလ်ဟမ်တို့ကို ပက်ပက်စက်စက် ဖိအားပေးလာနိုင်ခဲ့သလို ထိုးဖောက်မှုတွေ လုပ်နိုင်ခဲ့ပေမယ့် ရှေ့မကြည့်နောက်မကြည့် ကန်သွင်းချင်နေတဲ့ အော်ဒီဂွါဒ်ရဲ့ ဖြုန်းတီးမှုတွေကို ဂန်းနားဟောင်း လီနိုကတော့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖမ်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံတွဲလုံးကနေ ဧရိယာထဲ ပြေးဝင်တဲ့ ဖာဘီယို ဗီယာရာရဲ့ ခြေထောက်ကို လျှောထိုးဖျက်မိခဲ့တဲ့ ဖူလ်ဟမ်နောက်ခံလူ တီတီကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဆာကာက အမှားအယွင်းမရှိ ကန်သွင်းရယူနိုင်ခဲ့တာပါ။

နှစ်မိနစ်အကြာမှာပဲ အာဆင်နယ်တို့ အရှုံးနဲ့ သရေကနေ အနိုင်ပြန်ပြောင်းနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဆာကာက ဧရိယာထိပ်မှာ ပြန်ရယူပြီး ဘယ်ခြမ်းကို
ခင်းပေးရာမှာ ဖာဘီယို ဗီယာရာကပဲ ဧရိယာထဲကို အနိမ့်ဘော ဖြတ်တင်ပေးရာမှာ နကီးတီးယားက ဒီယော့ပ်ရဲ့ ရှေ့ကနေ ပိတ်သွင်းပြီး ဖူလ်ဟမ်ဂိုးသမား လီနိုကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

နှစ်ဂိုး-တစ်ဂိုးဖြစ်နေချိန်မှာတော့ ကိုယ့်အလုပ်ကိုယ်မလုပ်တဲ့ အာဆင်နယ်တို့ရဲ့ အောက်တန်းစား အကျင့်က ပြန်ပေါ်လာခဲ့ပြီး ဖူလ်ဟမ် ကွင်းခြမ်းမှာ No Pressing, No Blocking နဲ့ လွှတ်ထားခဲ့သလို ကိုယ့်ကွင်းဘက် ပြန်ထိုင်ပြီး ဖိတ်ခေါ်ဖို့ ကြိုးစားလာခဲ့ပြီး ကစားအားကို လျှော့ချခဲ့သလို ချန်ပီယံလိဂ်မှာ အမုန်းကြိတ်ခံရမယ့် ကလေးအထာတွေ လုပ်လာခဲ့တာပါ။

ပွဲချိန် ၈၃ မိနစ်မှာ တန်ပြန်တိုက်စစ်က ပြေးဖို့ ကြိုးစားတဲ့ နကီးတီးယားကို ဘောလုံးမပါဘဲ ဘော်ဒီတိုက်လှဲတဲ့ နောက်ခံလူ ဘက်ဆီ ဒုတိယ အဝါနဲ့ အထုတ်ခံခဲ့ရတာကြောင့် အာဆင်နယ်တို့ စိတ်အေးရပြီ ထင်နေတုန်းမှာပဲ အရေးဟဲ့ အကြောင်းဟဲ့ဆို ဝက်ရူးပြန်သလို ပိုလီယိုထသလိုဖြစ်တတ်တဲ့ ဇင်ချန်ကိုရဲ့ လူပေးမှားမှုကနေ ထောင့်ကန်ဘော ပေးခဲ့ရချိန်မှာ ပယ်လင်ညာက ပွဲချိန် ၈၇ မိနစ်မှာ ကန်သွင်းယူသွားနိုင်ခဲ့လို့ သရေကျနေခဲ့ပါတယ်။

နှစ်ဂိုးစီသရေဖြစ်သွားချိန်မှာတော့ အာဆင်နယ်တို့ ခေါင်းပူသွားပြီး နာကျင်အချိန်ပို ၉ မိနစ်အထိ ရခဲ့တာကိုလည်း အသုံးမချနိုင်ခဲ့သလို ကိုယ့်ရဲ့ တွဲလုံးတွေနဲ့ တောင်ပံကနေ ဧရိယာထဲ တိုးဝင်ပြီး ဂိုးမဟုတ်ရင် ပင်နယ်တီ ရှာရမယ့်အစား ခွေးပစ်တဲ့ တုတ်လောက် အရပ်တွေနဲ့ ရှေ့တန်းတွေဆီ ဖြတ်တင်ဖို့ချည်းလုပ်နေခဲ့လို့ ဘာမှ ဖြစ်မလာနိုင်တော့ဘဲ အိမ်ကွင်းမှာ သုံးမှတ်နဲ့ လွဲချော်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ရာသီအစမှာကတည်းက ခြေချော်လို့ ရပြီဖြစ်ကြောင်း အာဆင်နယ်တို့ စတင်ပြသွားခဲ့သလို နည်းပြ အာတီတာအနေနဲ့ သွေးနားထင်ရောက်ပြီး ကိုယ်နဲ့မတန်၊ ကိုယ့်ကစားသမားတွေနဲ့ မကိုက်တဲ့ ကစားကွက်မျိုးကို ဇွတ်အတင်း သွတ်သွင်းနေတာ ရပ်သင့်ပြီဖြစ်ကြောင်းလည်း လယ်ပြင်မှာ ဆင်သွားသလို သိသာထင်ရှားခဲ့ပြီး အချိန်မီ မာန်မချနိုင်ရင်တော့ ပရီးမီးယားလိဂ်ဖလားနဲ့ မသက်ဆိုင်သောသူတွေလို့ နာမည်တပ်ရတော့မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post အာတီတာရဲ့ ဝဲစားကွက်နဲ့ ဖူလ်ဟမ်ကို သရေကျတဲ့ စိတ်ကုန်စရာ အာဆင်နယ် first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post