ဝမ်းဝမ်းမပြောင်းဘဲ ဇာတ်ညွှန်းပြောင်းပြီး ပင်နယ်တီမှာ ဆူပါဖလားရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ကိုဗာချစ်ချ်နဲ့ ဖိုဒန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ ပါးလ်မားနဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာတို့ကတော့ ဂိုးသမား ဘိုနို၊ ခံစစ်မှာ ဂူဒယ်လ်၊ ဘာဒေ၊ ဟေဆူး နာဗက်စ်နဲ့ အကူးညားတို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဟော်ရ်ဒန်၊ ရာကီတစ်ချ်၊ အိုလီဗာ တောရက်စ်၊ လာမယ်လာနဲ့ အိုကမ်ပို့စ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ အန်နက်ဆီရီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

မန်စီးတီးတို့အနေနဲ့ ကွင်းလယ်အထိုင်ပျက်တဲ့ ဒဏ်ကို ခံနေရဆဲဖြစ်ပြီး ဒီဘရိုင်းနားရဲ့ ဖန်တီးမှုတွေ မရှိတော့ချိန်မှာ ရိုဒရီက ဘောလုံးဖြန့်ရုံပဲ ဖြန့်ပေးနိုင်သလို ကိုဗာချစ်ချ်ကလည်း ဂွန်ဒိုးဝမ်ကို ဘယ်လိုမှ မမီတဲ့အတွက် ဘာနာဒို ဆေးလ်ဗား မပါတဲ့ ပွဲစဉ်မှာ သူတို့တွေ ရုန်းကန်ခဲ့ရပြီး ဘောလုံးကိုင်ထားနိုင်တာကလွဲလို့ ကစားပုံက ထိရောက်မှု အားနည်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာ‌တော့ ဆီဗီလာတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက အကူးညားက ဂိုးရှေ့ကို ခပ်မြင့်မြင့် ဖြတ်တင်ပေးရာမှာ အန်နက်ဆီရီက Jumping မကောင်းတဲ့ ဂွါဒီယောလ်နဲ့ အာကေတို့ကြားကနေ အပိုင်ခေါင်တိုက်ပြီး အီဒါဆန်ကို အနိုင်ယူသွားခဲ့တာပါ။

ပထမပိုင်းမှာတော့ ဆီဗီလာတို့က ပိုမိုထိရောက်တဲ့ ကစားပုံနဲ့အတူ မန်စီးတီးတို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ ပိုဖိကစားလာခဲ့ကြတာကြောင့် ဆီဗီလာတို့ ဧရိယာထဲအထိ ဆင်းပြီး ခုခံနေခဲ့ရပေမယ့် ဖန်တီးမှုတွေမှာ Clear Cut Chance မျိုး နည်းခဲ့တာကြောင့် ဂွါဒီယိုလာတစ်ယောက် စိတ်ပျက်ခဲ့ရပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုး ပြန်လည်ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ရိုဒရီက ညာခြမ်း Half Space ထဲ လှမ်းမ,ပေးတာကို အာဆင်နယ်နဲ့ ကွန်မြူနတီဒိုင်းမှာ ဂိုးသွင်းခဲ့တဲ့ ပါးလ်မားကပဲ အနီးကပ် ပြေးဝင်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့လို့ ဂိုးသမား ဘိုနို ဘာမှ မတတ်နိုင်ဘဲ ခွင့်ပြုခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဆီဗီလာခံစစ်နဲ့ ဂိုးသမားတို့ကို မန်စီးတီးတို့ မကျော်ခဲ့တာကြောင့် မိနစ် ၉၀ အပြည့်မှာ ပင်နယ်တီ ကန်သွင်းဖို့ ဖြစ်လာခဲ့ပြီး ယူရိုပါလိဂ်ကိုလည်း အရယူပေးခဲ့တဲ့ မော်ရိုကိုလက်ရွေးစင် ဘိုနိုရဲ့ ပင်နယ်တီလက်စွမ်းတွေကြောင့် လူတွေက စပိန်သားတွေဘက်က အထင်ကြီးခဲ့ကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်လွဲသွားခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ ဂိုးသမား အီဒါဆန်ရော ဘိုနိုပါ ချူချာခဲ့ပြီး နှစ်ဖက်ကစားသမားတွေက သူတို့ကို လှည့်စားသွားနိုင်ခဲ့ကြသလို မန်စီးတီးတို့ဘက်က ဟားလန်း၊ အယ်လ်ဗာရက်ဇ်၊ ကိုဗာချစ်ချ်၊ ဂရီးလစ်ရှ်တို့နဲ့ ဆီဗီလာဘက်က အိုကမ်ပို့စ်၊ မီယာ၊ ရာကီတစ်ချ်၊ မွန်တီယယ်လ်တို့က အလွယ်တကူ ကန်သွင်းနိုင်ခဲ့ကြလို့ ငါးလုံးမြောက် အရေးပါလာခဲ့တာပါ။

ငါးလုံးမြောက်ကတော့ တကယ့် အမြင့်ဆုံး ဇာတ်ရှိန်နဲ့ အလှည့်အပြောင်းလည်း ဖြစ်ခဲ့ပြီး မန်စီးတီးတို့ရဲ့ ကပ္ပတိန်လက်ပတ်နဲ့ ဝေါ်လ်ကာရဲ့ ကန်သွင်းမှုကို ဘိုနို ပုတ်ထုတ်ဖို့ ကြိုးစားရာမှာ လက်နဲ့ရှပ်ထိပြီး ဂိုးထဲ ဝင်သွားခဲ့ချိန်မှာ ဆီဗီလာရဲ့ ဂူဒယ်လ်ကတော့ အီဒါဆန်ကို လှည့်စားနိုင်ခဲ့ပေမယ့် ဘားထိအောင် ကန်သွားခဲ့တာဖြစ်ပါတယ်။

ပင်နယ်တီ ငါးလုံးစီ ကန်အပြီးမှာတော့ မန်စီးတီးတို့က ငါးဂိုး-လေးဂိုးနဲ့ ဆီဗီလာတို့အပေါ် အောင်ပွဲခံနိုင်ခဲ့ကြပြီး ယူအီးအက်ဖ်အေ ဆူပါဖလားကို သိမ်းပိုက်သွားနိုင်ခဲ့ကြသလို ကွန်မြူနတီဒိုင်းကလိုပဲ တစ်ဂိုးစီသရေနဲ့ ပင်နယ်တီ ကန်သွင်းခဲ့ရပေမယ့် ကံဇာတ်ဆရာရဲ့ ဇာတ်ညွှန်းကတော့ မတူခဲ့တာမို့လို့ သူတို့ပရိသတ်တွေ သက်မ,ချ ပျော်ရွှင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

The post ဝမ်းဝမ်းမပြောင်းဘဲ ဇာတ်ညွှန်းပြောင်းပြီး ပင်နယ်တီမှာ ဆူပါဖလားရတဲ့ မန်စီးတီး first appeared on Sports A2Z.


Your new digest 50

Post a Comment

Previous Post Next Post