မက်ဆီနဲ့လဲ မရသေးဘူးလို့ PSG ကို ချန်ပီယံလိဂ်က ကန်ထုတ်လိုက်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အူပါမီကာနို၊ ဒီလစ်ချ်၊ စတန်နီရှစ်ချ်နဲ့ ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂိုရက်ဇ်ကာ၊ မူစီယာလာ၊ ကိုမွန်နဲ့ မူလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ချုပို-မိုတင်းတစ်ဦးတည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ပထမအကျော့ အိမ်ကွင်းမှာ ရှုံးနိမ့်ထားခဲ့တဲ့ ပီအက်စ်ဂျီတို့ကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မားကင်ညို့စ်နဲ့ ဒါနီလို ပါရဲရားတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဗာရက်တီ၊ ဗီတင်ညာ၊ ဖာဘီယန် ရူးဝီးဇ်၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ မက်ဆီနဲ့ အမ်ဘာပေတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

အိမ်ရှင် ဘိုင်ယန်တို့အနေနဲ့ အဝေးကွင်းမှာ အနိုင်ရထားခဲ့တာကြောင့် ဒီနေ့ပွဲကို စိတ်ရှည်လက်ရှည်နဲ့ အမှားမခံဘဲ တစ်ဖက်အသင်းရဲ့ အမှားကို စောင့်ကစားခဲ့ပြီး ဘောလုံးကိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီတို့ကလည်း တဖြည်းဖြည်းနဲ့ ပွဲကို စိုးမိုးဖို့ ကြိုးစားခဲ့ရာမှာတော့ မက်ဆီနဲ့ အဖွဲ့ကပဲ ဘောလုံးပိုင်ဆိုင်မှုကို ပိုမိုရယူသွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေနဲ့ မက်ဆီတို့ နှစ်ဦးကြားမှာ ဆုံချက်အဖြစ် ကစားနိုင်မယ့် အထောင်တိုက်စစ်မှူးတစ်ဦး လိုအပ်နေတာကို နည်းပြ ဂယ်လ်တီယေးအနေနဲ့ လူငယ်တိုက်စစ်မှူး အီကီတီကီကိုပဲဖြစ်ဖြစ် မသုံးရဲခဲ့တာကြောင့် သူတို့ရဲ့ ထိုးဖောက်မှုတွေက ဧရိယာထဲရောက်ရင် တလွဲတွေပဲဖြစ်သွားခဲ့ပြီး အိမ်ရှင်တွေအတွက် ကစားရလွယ်ကူစေခဲ့သလို မူစီယာလာနဲ့ ချူပို-မိုတင်းတို့ရဲ့ ခြိမ်းခြောက်မှုတွေကိုတော့ ဒွန်နာရမ်မာနဲ့အဖွဲ့ ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ သူ့ကိုယ်သူ မက်ဆီမှတ်နေပုံရတဲ့ ဂိုးသမား ဆွမ်းမားရဲ့ ဧရိယာအတွင်း လိမ်ခေါက်မှုကနေ ဟာကီမီက ဖိအားပေးဖျက်ထုတ်ပြီး ဗီတင်ညာက ကန်သွင်းနိုင်ခဲ့ပေမယ့် နောက်ခံလူ ဒီလစ်ချ်က ဂိုးစည်းပေါ်က လျှောထိုးဖျက်ထုတ်သွားနိုင်ခဲ့လို့ ဘိုင်ယန်တို့ သက်သာခဲ့ရပြီး ပီအက်စ်ဂျီတို့ရဲ့ အဓိက နောက်ခံလူ မားကင်ညို့စ် နာသွားခဲ့တဲ့ ပထမပိုင်းမှာတော့ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ မားကင်ညို့စ်အစား လူစားလဲထားခဲ့တဲ့ မူခီယေးလီကို လူငယ်ကစားသမား ဘစ်ရှီယာဘူးနဲ့ ပီအက်စ်ဂျီတို့ ထပ်လဲပြီး ကစားခဲ့ရသလို ချူပို-မိုတင်းကို ဒါနီလို ပါရဲရားရဲ့ ဖျက်ထုတ်မှုမှာ ပင်နယ်တီ မပေးဘဲ ဒိုင်လူကြီးက မျက်ကွယ်ပြုသွားခဲ့လို့ ဘိုင်ယန်တို့ နစ်နာခဲ့ရသလို ပွဲချိန် ၅၂ မိနစ်မှာ ချူပို-မိုတင်းရဲ့ ခေါင်းတိုက်ချက်က ဂိုးဝင်ခဲ့တာကိုလည်း လူကျွံနေတဲ့ မူလာက ဝင်နှောင့်ယှက်တယ်ဆိုပြီး ပယ်ဖျက်သွားခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဘိုင်ယန်တို့ အဖွင့်ဂိုးကို စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘစ်ရှီယာဘူးရဲ့ အန္တရာယ်များတဲ့ လူပေးမှုကနေ ဗာရက်တီကို မူလာနဲ့ ဂိုရက်ဇ်ကာတို့က ပိတ်လုခဲ့ကြပြီး ဧရိယာထဲမှာ ပြန်ရလာတဲ့ ဘောလုံးကို ဂိုရက်ဇ်ကာက မကန်ဘဲ ဘယ်ဘက်ကို ပြန်ချိုးပေးရာမှာ လွတ်နေတဲ့ ချူပို-မိုတင်းက အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာကြောင့် အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

နှစ်ကျော့ပေါင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ဘိုင်ယန်တို့ဘက်ကတော့ ခံစစ်ကို ထိန်းပြီး ကောင်တာကစားဖို့အတွက် ချူပို-မိုတင်း၊ မူစီယာလာ၊ ကိုမွန်နဲ့ မူလာတို့အစား ဆာနေး၊ မာနေး၊ ဂနာဘရီနဲ့ ဂျာအို ကန်ဆယ်လိုတို့ကို လဲကစားသွားခဲ့ပြီး ပီအက်စ်ဂျီတို့ကတော့ နှစ်ဂိုးပြန်ရဖို့အတွက် ဖာဘီယန် ရူးဝီးဇ်၊ ဗီတင်ညာနဲ့ နူနို မန်ဒက်စ်တို့အစား ဇိုင်ယာ-အမ်မရီ၊ အီကီတီကီနဲ့ ဘားနတ်တို့ကို ထည့်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၈၉ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ကို ပက်လက်လန်သွားစေမယ့် ဒုတိယဂိုးကို ဘိုင်ယန်တို့ သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကောင်တာကနေ ညာခြမ်းတောက်လျှောက် ဆွဲတက်လာခဲ့တဲ့ ကန်ဆယ်လိုက ဘယ်တောင်ပံကို ခင်းပေးခဲ့တဲ့ ဘောလုံးကို ရသွားခဲ့တဲ့ ဂနာဘရီက ဧရိယာထဲ ဝင်ရောက်ပြီးမှ ဘယ်ခြေနဲ့ ချိုးကန်သွင်းခဲ့ရာမှာ ဂိုးသမား ဒွန်နာရမ်မာ မကာကွယ်နိုင်လိုက်ဘဲ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဂျာမန်မြေက ပွဲချိန်အပြည့်မှာတော့ နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ဘိုင်ယန်မြူးနစ်တို့အနေနဲ့ စုစုပေါင်းရလဒ် သုံးဂိုး-ဂိုးမရှိနဲ့ ပီအက်စ်ဂျီတို့ကို နှစ်ကျော့စလုံး အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့သလို ဒီပြိုင်ပွဲနဲ့ ကံပါပုံ မရတဲ့ ပါရီသားတွေကတော့ မက်ဆီနဲ့ အမ်ဘာပေတို့ရဲ့ အကောင်းဆုံး ရာသီဖြစ်နေပေမယ့်လည်း အောင်ဖျာလိပ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

Post a Comment

Previous Post Next Post