အမှားပေါ် အမှားဆင့်တဲ့ ဖူလ်ဟမ်ကို ဒရာမာကျကျ Come Back Win ယူတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လီဆန်ဒရို မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ ဆာဘစ်ဇာနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနဲ့ ဗက်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ဒီယော့ပ်၊ တင်မ် ရင်းမ်၊ ကင်နီ တီတီနဲ့ ရော်ဘင်ဆန်တို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ ဂျာအို ပယ်လင်ညာ၊ ဟာရစ်ဆန် ရိဒ်၊ အန်ဒရီးယက်စ် ပါရဲရား၊ ဝီလီယန်နဲ့ ဒီကော်ဒိုဗာ-ရိဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ မီထရိုဗစ်ချ်တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပယ်လင်ညာ ပြန်ပါလာတဲ့ ဖူလ်ဟမ်တို့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ခပ်ရဲရဲပဲ ကစားလာခဲ့ပြီး ပွဲစကတည်းက ဒီယော့ပ်ရဲ့ ခေါင်းတိုက်ချက်ကို ဒဟေးယား ကာကွယ်ခဲ့ရသလို ဘောလုံးရတာနဲ့ တိုက်စစ်ကို အမြန်ဆုံးသွားတဲ့ ဗျူဟာကို သုံးလာခဲ့တဲ့ မာကို ဆေးလ်ဗားရဲ့ လူတွေက အတော်လေး ဟုတ်နေခဲ့ပြီး မန်ယူတို့ဘက်ကတော့ အဘိုးကြီးအိုစတိုင်လုပ်နေတဲ့ ဗက်ဂ်ဟော့စ်ရဲ့ အထောင်တိုက်စစ်က စိတ်ညစ်စရာဖြစ်ခဲ့ပါတယ်။

ကွင်းလယ်က ဆာဘစ်ဇာကတော့ ကာစီမီရိုလောက် အဖျက်မနပ်တာကလွဲရင် ဘရူနို ဖာနန်ဒက်စ်နဲ့ ပူးပေါင်းပြီး အတက်အဆင်း ကစားနိုင်ခဲ့သလို ရက်ရှ်ဖို့ဒ်ကတော့ ဘယ်ခြမ်းမှာ ပုံမှန်ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး ပထမပိုင်းမှာတော့ ဖူလ်ဟမ်တို့က ကစားပုံ ပိုကောင်းခဲ့ပြီး ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းအစမှာလည်း ဧည့်သည် ဖူလ်ဟမ်တို့ကပဲ အထသွက်ခဲ့သလို ဝီလီယန်ပေးတာကို ရော်ဘင်ဆန်ရဲ့ အနီးကပ် ကန်သွင်းခွင့်ရခဲ့ပေမယ့် ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ သက်သာခဲ့ရပြီး စပိန်ဂိုးသမားကတော့ ဒီနေ့မှာ တော်တော်လေး ကယ်နေခဲ့သလို သိပ်မကြာခင်မှာပဲ ဝီလီယန်ရဲ့ ဧရိယာအပြင်ဘက်ကနေ ဂိုးဝင်သွားနိုင်တဲ့ ကန်သွင်းမှုကိုပါ တားဆီးသွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ဖူလ်ဟမ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး မန်ယူတို့ ဆက်တိုက် ထောင့်ကန်ဘောတွေ ခွင့်ပြုနေခဲ့ရတဲ့နောက် ဒီတစ်ကြိမ်မှာတော့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ခဲ့တဲ့ ပါရဲရား ကန်ပို့ပေးတာကို ဒီယော့ပ်က နောက်ပေါက်နဲ့ ချပေးခဲ့ရာမှာ မီထရိုဗစ်ချ်က အဝေးတိုင်ဘက်ကနေ ပြေးဝင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးခဲ့ရအပြီးမှာတော့ နည်းပြ တန်ဟတ်အနေနဲ့ ကွင်းလယ်က မက်တော်မီနေးအစား အန်တိုနီကို ထည့်ပြီး တိုက်စစ်မြှင့်လာခဲ့သလို ဒီအချိန်မှာ အလုပ်မဖြစ်ဘဲ တိုင်ပတ်နေတုန်း ဖူလ်ဟမ်ဘက်က မီထရိုဗစ်ချ်ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်ကိုသာ ဒဟေးယား ပုတ်မထုတ်နိုင်ခဲ့ရင် ပွဲသိမ်းသွားဖို့တောင် နီးစပ်ခဲ့တာဖြစ်ပြီး မန်ယူနောက်တန်းတွေအနေနဲ့ ဆားဘီးယားတိုက်စစ်မှူးကို မနိုင်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ အန်တိုနီ ပေးတာကို ဆန်ချိုက ကန်သွင်းခဲ့ရာမှာ ဂိုးသမား မရှိတော့တဲ့ ဂိုးထဲကို ပိတ်ဆို့ခဲ့တဲ့ ဝီလီယန်ရဲ့ လက်ကို ထိမှန်ခဲ့လို့ ဒိုင်လူကြီး ကာဗန်းနားနဲ့ VAR တို့က အနီကတ်နဲ့ ထုတ်ပယ်ပြီး ပင်နယ်တီပေးခဲ့သလို ဒိုင်လူကြီးကို စောဒကတက်ရင်း တွန်းမိတဲ့ မီထရိုဗစ်ချ်ကိုလည်း အနီကတ်ထပ်ပြခဲ့သလို အရန်ခုံက နည်းပြ မာကို ဆေးလ်ဗားပါ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဂိုးသေချာပေါက် ဝင်နိုင်တဲ့ အခွင့်အရေးကို လက်နဲ့ တားဆီးရာမှာ အနီတစ်ကတ်၊ ပင်နယ်တီနဲ့ အေးအေးဆေးဆေး ပြီးသွားရမယ့် ကိစ္စမှာ ပြဿနာများပြီးမှ ပြီးခဲ့တဲ့ ဒီပင်နယ်တီကိုတော့ မန်ယူကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ဂိုးသမား လီနိုရဲ့ ဘယ်ဘက်ထောင့်ကို လှည့်စားကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့သလို ပွဲချိန် ၇၅ မိနစ်အရောက်မှာတော့ တစ်ဂိုးစီသရေကျနေခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ယူနိုက်တက်တို့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြပြီး ကိုးယောက်ပဲရှိတော့တဲ့ ဖူလ်ဟမ်တို့ကို ခပ်ချောင်ချောင် ကစားနိုင်ခဲ့ချိန်မှာ တစ်သင်းလုံး ရှေ့တက်ပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ကြချိန်မှာ ဘယ်ခြမ်းကနေ ဘောလုံးရသွားခဲ့တဲ့ လုခ်ရှောက ဧရိယာထဲ ဝင်ရောက်ပြီး အနီးတိုင်ဘက်ကို အနိမ့်ဘော ချိုးပေးရာမှာ ဆာဘစ်ဇာက နောက်ပေါက်နဲ့ သွင်းယူသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ ကွင်းထဲမှာ ကျန်နေတဲ့ ဖူလ်ဟမ် လက်ထောက်နည်းပြ လူးဝစ် ဘိုအာမော်တေက ကစားသမားလေးယောက်ကို တစ်ပြိုင်တည်း လဲလှယ်ပြီး တစ်ခုခု ပြန်လုပ်နိုင်ဖို့ ကြိုးစားလာခဲ့သလို ဒီကော်ဒိုဗာ-ရိဒ်၊ ဟာရစ်ဆန် ရိဒ်၊ ကင်နီ တီတီနဲ့ အန်ဒရီးယက်စ် ပါရဲရားတို့အစား ဆော်လမွန်၊ ဒန်ဂျိမ်းစ်၊ ဆီးဒရစ်နဲ့ ကဲရ်နီတို့ကို ထည့်သွင်းလာခဲ့ပြီး နာကျင်အချိန်ပိုကိုတော့ ခုနစ်မိနစ်အထိ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post