ပထမဆုံးရေးတဲ့ ဇာတ်ညွှန်းနဲ့ အော်စကာဆုရပြီး ဇာတ်ညွှန်းပညာရပ်အတွက် စံနမူနာ ဖြစ်ခဲ့သူ (သို့မဟုတ်) The Godfather ပဲ့ကိုင်ရှင် မာရီယိုပူဇို

သူက ဇာတ်ညွှန်းလည်း တစ်ခါမျှ မရေးဖူးဘူး။ စည်းကမ်း နည်းလမ်းလည်း မသိဘူး။ သူက ဝတ္တုပဲ ရေးခဲ့ဖူးတဲ့သူ။ ဒါပေမဲ့ သူ့မှာ လောင်းကစားကြွေးတွေ ပေးရမယ့်ကိစ္စ ရှိနေတယ်။ သူကတော့ ကမ္ဘာကျော် The Godfather စာအုပ်ကို ရေးသားခဲ့သူ မာရီယိုပူဇိုပါပဲ။ ဒါကြောင့်လည်း Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးက The Godfather စာအုပ်ကို ဇာတ်ညွှန်းရေးဖို့ ကမ်းလှမ်းမှုအပေါ် သူ လက်ခံခဲ့တာပါ။

ဒါပေမဲ့ ပြဿနာက ဇာတ်ညွှန်း တစ်ခါမျှ မရေးဖူးတာပါပဲ။ ဘယ်အပိုင်းတွေကို ချန်ခဲ့မယ်၊ ဘယ်အပိုင်းတွေကို ပီပီပြင်ပြင် ပုံဖော်ရမယ်။ ဘယ်အပိုင်းတွေကို ချုံပစ်ရမလဲဆိုတာ သူ နားမလည်ဘူး။ ဒါကြောင့်လည်း ပရိုဂျူဆာ အယ်ရက်ဒီက ပူဇိုကို ဇာတ်ညွှန်းအပ်တဲ့ကိစ္စအပေါ် ဘဝင်မကျ ဖြစ်နေတာပါ။ စာရေးဆရာတွေက သူတို့စာအုပ်ကို ကိုယ်တိုင်ဇာတ်ညွှန်းရေးရင် ဖွယ်လွန်းတယ်။ မလိုအပ်တဲ့အပိုင်းတွေ အများကြီးထည့်တတ်တယ်လို့ အယ်ရက်ဒီက ယူဆထားသူပါ။

ဒါကြောင့်လည်း သူ့စာအုပ်ကို ကိုယ်တိုင်ဇာတ်ညွှန်းရေးခွင့်ရဖို့ ပူဇိုက ကတိတစ်ခု ပေးခဲ့ရတယ်။ သူ့စာအုပ်ကို လုံးဝပြန်မဖတ်ဘဲ ဇာတ်ညွှန်းရေးပေးမယ်ဆိုတဲ့ ကတိပါပဲ။ သူတို့နှစ်ယောက် စားသောက်ဆိုင်မှာ ထိုင်စကားပြောနေရင်း ပူဇိုကို စာအုပ်ကိုပါ ကြမ်းပြင်မှာ ပစ်ချပြီး ကတိပေးခဲ့တာလို့ အယ်ရက်ဒီက ဆိုပါတယ်။

၁၉၇၀ ပြည့်နှစ် ဧပြီလ ၁၄ ရက်မှာတော့ Paramount ရုပ်ရှင်ထုတ်လုပ်ရေးက ပူဇိုကို ဇာတ်ညွှန်းရေးဆ ဒေါ်လာ ၁ သိန်းအပြင် အကျိုးအမြတ်အလိုက် ရာခိုင်နှုန်း ခံစားခွင့်ပေးပြီး ဇာတ်ညွှန်းအပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ နောက် ၄ လအကြာမှာတော့ ပူဇိုက စာမျက်နှာ ၁၅၀ ပါဝင်တဲ့ ပထမဆုံး ဇာတ်ညွှန်းမူကြမ်း ရေးသားပြီးစီးခဲ့ပါတယ်။

ပူဇိုနဲ့အတူ ကော့ပိုလာဆိုတဲ့ လူငယ်ဒါရိုက်တာလေးတစ်ယောက်လည်း ဇာတ်ညွှန်း ဝင်ရေးတယ်။ သူတို့နှစ်ယောက်က ဇာတ်ညွှန်းကို ပူးတွဲရေးပေမဲ့ ကိုယ်ပိုင်အိုင်ဒီယာနဲ့ ကိုယ်ပိုင်ဟန်နဲ့ လုပ်ခဲ့ကြတာပါ။ တစ်ယောက် တစ်နေရာစီ ဇာတ်ညွှန်းရေးခဲ့ကြတာ ဖြစ်ပါတယ်။ ကော့ပိုလာက ယဉ်ကျေးမှု၊ စရိုက်လက္ခဏာ၊ ပါဝါအားပြိုင်မှုနဲ့ မိသားစု စတဲ့အချက်တွေကို အသားပေးတယ်။ အီတလီလူမျိုးတွေရဲ့ စရိုက်ကို ပေါ်လွင်ဖို့ အားထုတ်တယ်။

ဇာတ်ညွှန်းကို အတူရေးပေမဲ့ သူတို့နှစ်ယောက်ကြား မတူကွဲပြားမှုတွေ အများကြီးပါပဲ။ ဥပမာတစ်ခုပေးရရင် ” ကလီမန်ဇာက ဝက်အူချောင်းကို ကျတယ်ဆိုရုံလေး အပူပေးတယ်”လို့ ကော့ပိုလာက ပုံဖော်ပေမဲ့ ပူဇိုကတော့ ” ဂန်းစတားတွေက ကျက်တယ်ဆိုရုံလေး အပူမပေးတတ်၊ ကျက်အောင် ကြော်တယ်၊ ဒါကြောင့် ” ကလီမန်ဇာက “ဝက်အူချောင်း ကြော်တယ်”လို့ မှတ်ချက်ပေးပါတယ်။ အဲဒီလို သဘောထားကွဲလွဲစွာ ပူးပေါင်းရေးသားမှုမျိုးပါ။

ကော့ပိုလာက ရုပ်ရှင်ဖွဲ့စည်းမှု၊ ဇာတ်ကွက်ပုံဖော်မှုတွေကို အသားပေးပြီး ပူဇိုကတော့ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ အသေးစိတ် အပြုအမူတွေကို အနုစိတ် ပုံဖော်ခဲ့ပါတယ်။ ယောကျာ်းတွေက ခြိမ်းခြောက်တဲ့အမူအယာမဖော်ပြဘဲ ခြိမ်းခြောက်တဲ့အခါမျိုးဆိုရင် ဘယ်လိုစကားလုံးသုံးတယ်၊ ဘယ်လိုအမူအယာသုံးတယ်ဆိုတာမျိုးကို ပူဇိုက ကောင်းကောင်းနားလည်ပါတယ်။ ဘယ်လိုဇာတ်ကွက်မျိုးဆိုရင် တိတ်ဆိတ်မှုတစ်ခုဟာ စကားများများ ပြောခြင်းထက် ပိုထိရောက်သလဲဆိုတာကို သူ ကောင်းကောင်း သိတယ်။

The Godfather ဇာတ်ကားဟာ ၁၉၇၂ ခုနှစ်ထွက် ရုပ်ရှင်တွေထဲမှာ ရုံဝင်ကြေး အမြင့်ဆုံးရတဲ့ ရုပ်ရှင်ကားဖြစ်ပြီး ကမ္ဘာတစ်ဝန်း ရုံဝင်ကြေးသီးသန့် ဒေါ်လာ သန်း ၂၅၀ ကနေ ၂၉၁ သန်းကြား ရရှိခဲ့ပါတယ်။ ရုပ်ရှင်ပရိသတ်တွေရော၊ ဝေဖန်သူတွေပါ နှစ်သက်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး မာလွန်ဘရန်ဒိုနဲ့ အယ်ပါစီနိုတို့ရဲ့ သရုပ်ဆောင်မှုအပေါ်လည်း လူတွေက ချီးကျူးခဲ့ကြပါတယ်။

၄၅ ကြိမ်မြောက် အကယ်ဒမီပေးပွဲမှာတော့ The Godfather ရုပ်ရှင်ကားက အော်စကာဆု ၁၁ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆု၊ အကောင်းဆုံး မင်းသားဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆု စတဲ့ အော်စကာဆု ၃ ဆု ဆွတ်ခူးခဲ့တာပါ။ တစ်ခါမျှ ဇာတ်ညွှန်းမရေးဖူးသူက ပထမဆုံးရေးတဲ့ ဇာတ်ညွှန်းနဲ့ အော်စကာဆု ရသွားတာ ဖြစ်ပါတယ်။

နောက် ၂ နှစ်အကြာမှာလည်း The Godfather Part II ရုပ်ရှင်ကား ထွက်ရှိခဲ့ပြီး အဲဒီရုပ်ရှင်အတွက်လည်း ပူဇိုက သူ့ရဲ့ဒုတိယမြောက် အော်စကာဆုအဖြစ် အကောင်းဆုံးဇာတ်ညွှန်းဆု ထပ်မံရရှိခဲ့ပါတယ်။ ပူဇိုရဲ့ ဖန်တီးမှုလက်ရာဟာ ဂန်းစတားရုပ်ရှင်ကားတွေကို ဘယ်လိုပုံဖော်ရမလဲဆိုတဲ့ စံနှုန်းတစ်ရပ်တောင် ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ သူက ဇာတ်ညွှန်းပညာရပ်ရဲ့ စည်းမျဉ်း ဥပဒေသတွေကို နားမလည်ဘဲ ဇာတ်ညွှန်းရေးခဲ့ပေမဲ့ သဘာဝကျတဲ့ ဇာတ်ညွှန်းအခြေခံအချက်အလက်တွေကို ထဲထဲဝင်ဝင်၊ တိတိကျကျ နားလည်ခဲ့တာကြောင့် ဇာတ်ညွှန်းပညာရပ်ကို လေ့လာသူတွေအတွက် စံနမူနာယူရတဲ့ ဖန်တီးမှုတစ်ခုကို လုပ်နိုင်ခဲ့တာပါ။

Ref: Mario Puzo, the brilliant mind behind The Godfather, had never written a screenplay

NZ (ရိုးရာလေး)

The post ပထမဆုံးရေးတဲ့ ဇာတ်ညွှန်းနဲ့ အော်စကာဆုရပြီး ဇာတ်ညွှန်းပညာရပ်အတွက် စံနမူနာ ဖြစ်ခဲ့သူ (သို့မဟုတ်) The Godfather ပဲ့ကိုင်ရှင် မာရီယိုပူဇို appeared first on YOYARLAY Digital Media and News.



Your new digest 49

Post a Comment

Previous Post Next Post