ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ ဖိုဖာနာ၊ ကူလီဘေလီနဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရီးစ် ဂျိမ်းစ်၊ ချေးလ်ဝဲလ်၊ ကိုဗာချစ်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ ဂျာအို ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ဧည့်သည် ဒေါ့မွန်တို့ကတော့ ချဲလ်ဆီးကွင်းမှာ ယောင်ယမ်းပြီးများ နိုင်နေရင် ခက်ချေရဲ့လို့ သဘောထားသလား မသိဘဲ ပထမအကျော့က လက်စွမ်းပြခဲ့တဲ့ ဦးစားပေး ဂိုးသမား ကိုဘယ်လ်ကို အရန်ခုံမှာ ထားပြီး မိုင်ယာကို သုံးခဲ့သလို ခံစစ်မှာ ဆူးလား၊ ရှလော့တာဘက်ခ်၊ ဝုလ်ဖ်နဲ့ ဂွါရဲရိုးတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အမ်မရီချန်၊ အော့ဇ်ချန်၊ ဘယ်လင်ဂမ်၊ ဘရန့်ဒ်နဲ့ ရွိုက်စ်တို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ အဲလားကိုပဲ တင်ကစားလာခဲ့တာပါ။
ဦးစားပေး ဂိုးသမားကို ချန်ပြီး အဝေးကွင်း လာကစားခဲ့တာကြောင့် ဘာဖြစ်ချင်တာလဲ၊ ဆရာဝန်ကြီးလား အင်ဂျင်နီယာကြီးလားလို့ မေးရမယ့် ဒေါ့မွန်တို့ရဲ့ ခံစစ်မှာလည်း ဂျာမန်ခေါင်းကြီး မက်ဂွိုင်းယားလို့ တချို့က ခေါ်ကြတဲ့ ဆူးလားကလည်း ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်တဲ့ ပုံစံနဲ့ ကစားနေခဲ့လို့ အလိမ်အခေါက်သွက်တဲ့ စတာလင်နဲ့ ဖဲလစ္စတို့ရဲ့ ချဲလ်ဆီးရှေ့တန်းက ကစားပေါက်ချောင်ခဲ့ပါတယ်။
ပွဲချိန် ၅ မိနစ်မှာကတည်းက ဒဏ်ရာရသွားတဲ့ ဘရန့်ဒ်အစား ရေးနားနဲ့ ဒေါ့မွန်တို့ လူစားလဲခဲ့ရတဲ့နောက် ဒေါ့မွန်တို့ ဘောလုံးကိုင်ကစားပြီး အလုပ်မဖြစ်ခဲ့သလို ကွင်းလယ်မှာ အလောတကြီးနဲ့ ကစားကွက်လည်း ကောင်းကောင်းမဖော်နိုင်ခဲ့ချိန်မှာ ချဲလ်ဆီးတို့ကတော့ ဘောလုံးမယူဘဲ တန်ပြန် တိုက်စစ်တွေနဲ့ အခွင့်အရေးယူဖို့ ကြိုးစားခဲ့တာပါ။
ပွဲချိန် ၄၃ မိနစ်မှာတော့ ချဲလ်ဆီးတို့အတွက် နှစ်ကျော့ပေါင်း သရေကျစေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဘယ်တောင်ပံကနေ ချေးလ်ဝဲလ်ရဲ့ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးမှုကို စတာလင်က ချော်ကန်ခဲ့ပေမယ့် အိုးနင်းခွက်နင်း ဒေါ့မွန်ခံစစ်က မဖျက်နိုင်ချိန်မှာ နောက်တစ်ကြိမ် ပြန်ရပြီး ဆူးလားနဲ့ လုကန်ခဲ့တဲ့ ဘောလုံးကို ဂိုးသမား မိုင်ယာ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းအပြီးမှာတော့ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်းမှာတော့ သရေကျနေခဲ့ကြတာကြောင့် ဒုတိယပိုင်း ပြန်အစမှာ ဒေါ့မွန်တို့ရဲ့ ကစားပုံက အလောတကြီး ပိုနိုင်လာခဲ့ပြီး တိုက်စစ်ဖွင့်လာခဲ့ပေမယ့် ဘယ်လင်ဂမ်ကလွဲရင် လောက်လောက်လားလား ခြေစွမ်း မပြနိုင်တဲ့ ကွင်းလယ်ကြောင့် ယိုပေါက်တွေလည်း များလာခဲ့တာပါ။
ပွဲချိန် ၅၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချေးလ်ဝဲလ်ရဲ့ ဖြတ်တင်ဘောကို ဒေါ့မွန် ညာနောက်ခံလူ ဝုလ်ဖ်က လက်နဲ့ ထိမိလို့ ပေးခဲ့ရတဲ့ ပင်နယ်တီကို ဟာဗတ်ဇ်က ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့ပေမယ့် ဧရိယာထဲ လူတွေ ဝင်နေခဲ့ကြလို့ ပြန်ကန်ခဲ့ရချိန်မှာတော့ ပထမတစ်ကြိမ် ကန်တဲ့ဘက်ကိုပဲ ထပ်ကန်ပြီး အမှတ်မရှိတဲ့ ဂိုးသမားကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်တို့ဘက်က အော့ဇ်ချန်အစား အင်္ဂလိပ်လူငယ် ဘိုင်နိုး-ဂစ်တင်စ်ကို ထပ်လဲပြီး တောင်ပံမှာ ကစားခိုင်းခဲ့ပေမယ့် သွက်လက်တာကလွဲရင် ဘောလုံးအထိန်းအသိမ်းနဲ့ ပေးပို့မှုတွေမှာ ဂျာမန်ပြည်တွင်းအဆင့်သာ ရှိသေးချိန်မှာ ချဲလ်ဆီးတို့ကတော့ ခြေစွမ်းမပြနိုင်တဲ့ ဖဲလစ္စအစား ဂါလာဂါကို ထည့်သွင်းပြီး ထိန်းကစားဖို့ လုပ်လာခဲ့တာပါ။
လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ဘက်က ကိုဗာချစ်၊ စတာလင်နဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့အစား ပူလီရှစ်ချ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ ဇာကာရီးယားတို့ကို ထည့်သွင်းသွားခဲ့လို ဒေါ့မွန်တို့ဘက်ကတော့ အဲလားအစား မာလန်ကို ထည့်သွင်းခဲ့ပေမယ့် ဆိုးရွားလှတဲ့ တိုက်စစ်ကစားပုံတွေက ဘာမှ ထူးမလာခဲ့ဘဲ ပေါကြောင်ကြောင် အီဒင် တာဇစ်ချ်ရဲ့ ဗျူဟာတွေမှာ အိမ်ရှင်တွေကတောင် ဂိုးထပ်ရဖို့ နီးစပ်ခဲ့သေးတာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးတို့က အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ကစားခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးနဲ့ ဒေါ့မွန်တို့ကို ကျော်ဖြတ်သွားခဲ့သလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာကြောင့် ဖိအားတွေ တစ်လှေကြီး ဝင်နေတဲ့ နည်းပြ ပေါ့တာအတွက် စိတ်သက်သာစရာဖြစ်ခဲ့ရပြီး ပရိသတ်တွေအတွက်တော့ အနည်းငယ် အကောင်းမြင်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Your new digest 50
Post a Comment