![]()
![]()
အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မတ်တာနာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဇင်ချန်ကို၊ ဆာလီဘာနဲ့ လူသစ် ကီဗီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ချာကာနဲ့ ဖာဘီယို ဗီယာရာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ နယ်လ်ဆန်နဲ့ မာတီနယ်လီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
![]()
![]()
အိမ်ရှင် စပို့တင်းလစ္စဘွန်းတို့ကတော့ ဂိုးသမား အဒန်၊ ခံစစ်မှာ ကိုအာတက်စ်၊ ဂွန်ဆာလို အင်နာစီယိုနဲ့ စိန့်ဂျုစ်တေတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ပိုတီ၊ မိုရီတာ၊ မက်သီယူးစ် ရိုင်းစ်နဲ့ အီဆာဂီယိုတို့ကို စုဖွဲ့ပေးခဲ့ပြီး တိုက်စစ်မှာတော့ အက်ဒ်ဝပ်စ်၊ ထရင်ကာအိုနဲ့ ပေါ်လင်ညိုတို့ကို ကစားစေခဲ့တာပါ။
![]()
![]()
ဂျော်ဂျင်ညိုနဲ့ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်တို့ ကွင်းလယ်မှာ ပါတေးနဲ့လောက် သွက်သွက်မကစားဘဲ ဘောလုံးကိုင်ကစားခဲ့ကြပြီး စပို့တင်းတို့ကတော့ အဝေးဘောတွေနဲ့ အမြောက်ကန်တင်ပြီး ဧည့်သည်တွေရဲ့ ခံစစ်အားနည်းတဲ့ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ရဲ့ တောင်ပံတွေကို ပြဿနာရှာသွားခဲ့ကြလို့ ရင်ခုန်စရာ ဖြစ်နေခဲ့ပါတယ်။
![]()
![]()
ပွဲချိန် ၂၂ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဖာဘီယို ဗီယာရာက သူ့ကြောင့် ရတဲ့ ထောင့်ကန်ဘောကို ညာခြမ်းကနေ ကန်တင်ပေးရာမှာ ဆာလီဘာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ နောက်က လိုက်ကစားဖို့ ဖြစ်လာခဲ့တာပါ။
![]()
![]()
ဂိုးသွင်းအပြီးမှာ ဇင်ချန်ကို,ကို ပြဿနာရှာတဲ့ စပို့တင်းအသင်းခေါင်းဆောင် နောက်ခံလူ ကိုအာတက်စ်ကြောင့် နှစ်ယောက်စလုံး အဝါပြခံခဲ့ရသလို ပွဲချိန် ၂၆ မိနစ်မှာတော့ ဖရီးကစ်ကနေ ယူကရိန်းသားက ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် လူထိထွက်ခဲ့ပြီး ပြန်ကျလာတာကို ကန်သွင်းရာမှာတော့ ဂိုးသမား အဒန် ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။
![]()
![]()
တစ်ဂိုးရထားခဲ့ပေမယ့် ချာကာနဲ့ ဇင်ချန်ကိုတို့ရဲ့ နေရာယူပုံတွေက ပြတ်ပြတ်သားသား မရှိဘဲ လေးလံနေတာကြောင့် စပို့တင်းတို့ရဲ့ Pressing တွေမှာ ရုန်းကန်နေခဲ့ရသလို ခံစစ်က အဓိပ္ပါယ်မရှိတဲ့ အနီးပေးမှုတွေကလည်း စိတ်ပျက်စရာဖြစ်နေခဲ့ပြီး ကိုယ့်ရဲ့ အားသာချက်ဖြစ်တဲ့ တောင်ပံတွေကို ဘောလုံးဖြန့်ရမယ့်အစား တွေဝေနေခဲ့တာကြောင့် အိမ်ရှင်တွေက ပွဲကို စီးမိသလိုဖြစ်လာခဲ့တာပါ။
![]()
![]()
ပွဲချိန် ၃၄ မိနစ်မှာတော့ အိမ်ရှင် စပို့တင်းတို့ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ကြပြီး ခံစစ်မှာ ကြောင်ပျောက်နေတဲ့ အာဆင်နယ်တို့ကို ဧရိယာအပြင်ကနေ ကန်သွင်းခဲ့တဲ့ ဂွန်ဆာလို အင်နာစီယိုရဲ့ ကန်ချက်ကို အစိုးရိမ်ကြီးပြီး ပုတ်ထုတ်ခဲ့တဲ့ တာနာကြောင့် ရတဲ့ ထောင့်ကန်ဘောကို အင်နာစီယိုကပဲ အမြင့်ဆုံးခုန်ပြီး အလွတ်ကြီး ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
![]()
![]()
စပို့တင်းတို့ ဧရိယာအပြင်ကနေ ကန်မယ်မှန်း သိသိကြီးနဲ့ ခွာပေးနေတဲ့ အာဆင်နယ်ခံစစ်ရဲ့ တုံးအမှုတချို့ကတော့ ဒေါသထွက်စရာ ကောင်းခဲ့သလို ပွဲချိန် မိနစ် ၄၀ မှာ ထောင့်ကန်ဘောကနေ ချာကာရဲ့ ခေါင်းတိုက်ချက်က စည်းပေါ်မှာ ပိတ်ဆို့ခံခဲ့ရတာကတော့ ကံဆိုးခဲ့ပြီး ဘောလုံးကို ရိုးရိုးမကစားတတ်တဲ့ အာတီတာရဲ့လူတွေ ပထမပိုင်းမှာ သရေသာ ရယူနိုင်ခဲ့တာပါ။
![]()
![]()
ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံးပဲ ဖွင့်ကစားနေခဲ့ကြသလို မိုရီတာရဲ့ ကန်ချက်ကို တာနာ ကာကွယ်ခဲ့ရပြီး မာတီနယ်လီကတော့ လူပေးရမယ့် အလုံးကို ကျော်ကန်ဖို့ ကြိုးစားတာကြောင့် အပိုင်တစ်ဂိုး နစ်နာခဲ့ရသလို ဖာဘီယို ဗီယာရာရဲ့ ကန်ချက်ကတော့ တိုင်ဘေးကနေ ကပ်ထွက်သွားခဲ့လို့ အာဆင်နယ်တို့ နစ်နာခဲ့ရပါတယ်။
![]()
![]()
ပွဲချိန် ၅၅ မိနစ်မှာတော့ ပေါတောတောလုပ်နေတဲ့ အာဆင်နယ်တို့ ထိုးနှက်ခံခဲ့ရပြီး ညာခြမ်းက ကျပ်နေတဲ့အထဲကို ဘောလုံးထည့်ကစားပြီး ပျက်တာကနေ စပို့တင်းတို့ရဲ့ တစ်ကြိမ် ကောင်တာဝင်မှုကို အသည်းအသန် ဟန့်တားနိုင်ခဲ့ပေမယ့် ခံစစ် Shape ပျက်ပြီး စိတ်လှုပ်ရှားလွန်းနေချိန်မှာ အိမ်ရှင်တွေရဲ့ သွေးအေးအေးနဲ့ အနီးကပ်ကန်ချက်ကို တာနာက ပုတ်ထုတ်နိုင်ခဲ့ပေမယ့် နောက်က လိုက်လာတဲ့ ပေါ်လင်ညိုက ဂိုးထဲ ပို့သွားခဲ့တာပါ။
![]()
![]()
ဆာကာ၊ မာတီနယ်လီတို့လို ကစားသမားတွေကို အပင်ပန်းခံသုံးပြီး အနိုင်မရရင် ရှုံးတာနဲ့ ဘာမှ မထူးဘူးဆိုတဲ့ Game Management ကို နားမလည်တဲ့ အာဆင်နယ်တို့အတွက် အဝေးပွဲက ခက်ခဲခဲ့ပြီး စပို့တင်းတို့ရဲ့ အလှမကစားဘဲ အဝစားမယ့် ပုံစံမှာ ကောင်တာကနေ ငါးယောက်လောက် ကျော်ပြေးပြီးမှ ဘယ်ချိန်ကန်ရမလဲ မသိတဲ့ မာတီနယ်လီကတော့ မီတာ ၆၀ လောက်ဆွဲပြေးပြီးမှ ဂိုးမသွင်းနိုင်ဘဲ စိတ်ကုန်စရာဖြစ်ခဲ့ရပါတယ်။
![]()
![]()
ပွဲချိန် ၆၂ မိနစ်မှာတော့ အာဆင်နယ်တို့ လူမိုက်ကံကောင်းဖြစ်ပြီး ချေပဂိုး ပြန်ရခဲ့သလို စပို့တင်းခံစစ်ဇုန်မှာ ဆာကာရဲ့ ခပ်ကြမ်းကြမ်း လုယူမှုကို ဒိုင်လူကြီးက ကစားခွင့် ပေးခဲ့ရာမှာ သူ့ရဲ့ ပေးပို့မှုကို ချာကာက ပြန်ရပြီး ဧရိယာထဲကို ပြေးဝင်သွားတဲ့ မာတီနယ်လီဆီ ပို့ပေးတဲ့ ဆွစ်လူမိုက်ရဲ့ ကန်ချက်က မိုရီတာနဲ့ထိပြီး ဂိုးထဲကို လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။
![]()
Post a Comment