မိခင်တစ်ယောက်၏ အလှပဆုံးသော မုသားစကားကြီး ရှစ်ခွန်း….

ကျွန်တော် ကလေးဘဝအရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင် စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။ ဒါပေမဲ့ အမေကတော့ မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲ အမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ “စား .. ငါ့သား အမေ သိပ်မဆာဘူး..”

အဲ့ဒါ ကျွန်တော် သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ။

ကျွန်တော် နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ် ကျွန်တော်ရယ် ငါးသွားမျှားတယ် ။ အဲ့ဒီနေ့က ငါးနှစ်ကောင်မိတော့ အမေ ငါးဟင်းချိုလုပ်တိုက်တယ် ။ ကျွန်တော် ဟင်းချိုကို အားရပါးရသောက်နေတုံး အမေက ကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။ တခါတလေ ကျွန်တော် စားထားတဲ့ အကြွင်းအကျန် ငါးရိုးလေးတွေ ယူစားတယ်။ ဒါကို မြင်ပြီး ကျွန်တော် စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကို ကျွေးတယ်။ အမေမစားဘူး ။ ပြီးတော့ ပြောတယ် ။ “စား .. ငါ့သား ..အမေ ငါး သိပ်မကြိုက်ဘူး..”

အဲ့ဒါ အမေ့ရဲ့ ဒုတိယမြောက် မုသား။

ကျွန်တော် ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေက မီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီး လုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက် ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။ တည ကျွန်တော် နိုးလာတဲ့အချိန် (တော်တော်ညဉ့်နက် နောက်ကျနေပြီ) အမေ ဖယောင်းတိုင်မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ “အမေ .. အရမ်းမိုးချုပ်နေပြီ၊ အိပ်ပါတော့။ မနက်မှ ဆက်လုပ်လို့ရတာပဲ” လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီး ပြန်ပြောတယ် ။ “သွားအိပ် ငါ့သား .. အမေ အိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ် လိုက်ဦးမယ်” တဲ့ ။

အမေ့ရဲ့ တတိယမြောက်မုသားစကားလေးပါ။

တခါတုံးက ကျွန်တော် အတန်းတင်စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကို လိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ နေရာ တစ်ခုမှာ နာရီပေါင်းများစွာ အမေ ကျွန်တော့်ကို ထိုင်စောင့်တယ် ။ စာမေးပွဲပြီးပြီးချင်း အမေ့ဆီ ကျွန်တော် အပြေးအလွှားသွားတယ် ။ အမေ ကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့ အချိုရည် အေးအေးလေးတခွက် တိုက်တယ် ။ တကိုယ်လုံးချွေးတွေရွှဲနေရှာတဲ့ အမေ့ကို မြင်တော့ ကျွန်တော် စိတ်မကောင်းဘူး ။ “အမေလဲ သောက်ဦးလေ” လို့ ပြောတော့ အမေ့ထုံးစံအတိုင်း “ငါ့သားပဲ သောက်ပါ။ အမေ ရေမဆာဘူး” တဲ့ ။

အဲ့ဒါ အမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း။

သိပ်မကြာခင် အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့ အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေ အပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့် ပြတ်တလှည့်။ မိသားစု အခြေအနေဆိုးသထက်ဆိုးတာ မြင်လာတဲ့ အိမ်နားက အမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါ လာစောင့်ရှောက်တယ် ။ ပတ်ဝန်းကျင်က အမေ့ကို သူနဲ့ပဲ နောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေ ခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် ..”ကျွန်မဘဝအတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်..” တဲ့ ။

အမေ့ရဲ့ ပဉ္စမမြောက်မုသား။

ကျွန်တော် ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်က အမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့ အမေ လက်မခံဘူး ။ မနက်မနက် ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။ ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီ ပြန်ပြန်ပို့ပြီး “အမေ့ဆီ မပို့နဲ့ ငါ့သား ။ အမေ့မှာ လုံလောက်တယ် .. သားဘာသာစုထား” တဲ့

အမေ .. ဆဌမမြောက်မုသားကို ပြောတယ်။

နောက် ကျွန်တော် မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အချိန် အတော်အတန်ကြီးတဲ့အမေရိကန်ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ် ။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့ အမေ့ကိုကျွန်တော်နဲ့ အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖြတ်သန်းစေချင်တယ် ။ ဒါပေမဲ့ အမေက ကျွန်တော့်ဘဝကို သူ့အတွက်နဲ့ တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် ..”အဲ့ဒီလို ဘဝကြီးမှာ အမေ နေတတ်မှာ မဟုတ်ပါဘူး သားရယ် ..” တဲ့ ။

အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခွန်းပေါ့။

ဇရာကထောင်း၊ ပင်ပန်းမှုအပေါင်းခါးစည်းရင်ဆိုင်ခဲ့ရတဲ့ အမေ .. အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံက ထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှ ထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကို ပြန်လာခဲ့တယ် ။ အမေ ဝေဒနာကို အလူးအလဲ ခံစားရချိန်တွေမှာ အမေ့ကို ကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။ အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လဲ တခါတလေ တွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီး ပြောတယ် .. “မငိုနဲ့ ငါ့သား .. အမေ အရမ်း နာနာကျင်ကျင်မခံစားရပါဘူး ..”တဲ့ ။

အဲ့ဒီလို အဌမမြောက်မုသားကို ပြောပြီး အမေ လူ့လောကထဲက ထွက်ခွါသွားခဲ့တယ်။

အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘဝရဲ့ မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီး လောကအလယ်မှာ ကျွန်တော်တို့ကို စိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။

ကျွန်တော်တို့ကရော အဲ့ဒီလို မိခင်တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘဝတွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန် ကျွန်တော့်ရင်ထဲက အမေးစကားကို အမေကြားရင် နဝမမြောက်မုသားစကားတစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ဝမ်းပမ်းတနည်း တွေးနေမိတယ် ။

အမှတ်တရ Translated by Cinderella ( Ref : Eight Lies of a Mother) (မှတ်ချက်) forward mail တစ်ခုမှ ရရှိသော သုတလေးတစ်ခုဖြစ်ပါသည်။ အမည်မသိ ဆောင်းပါးရှင် စာရေးဆရာမလေးကို ကျေးဇူးတင်ပါသည်။ မိပန်ဒါ Credit….သုတဇုန်

 








အဲ့ဒါ အမရေဲ့စတုတ်ထမွောကျ မုသားစကားတဈခှနျး။


အမေ့ရဲ့ ပဉ်စမမွောကျမုသား။




အမရေဲ့ သတ်တမမွောကျမုသားစကားလေးတဈခှနျးပေါ့။






The post မိခင်တစ်ယောက်၏ အလှပဆုံးသော မုသားစကားကြီး ရှစ်ခွန်း…. appeared first on Achawlaymyar.



Your new digest 49

Post a Comment

Previous Post Next Post